Saturday, October 10, 2009

C For Chan


မနက်စောစောထ မျက်လုံးနှစ်လုံးစပွင်တာနဲ့ အိပ်နေတဲ့ ကျွန်တော်ရဲ့ ပွဲကြည့်စင်(Pavilion)ပြားပြားကြီးကို အသာလေးနိုးလိုက်တယ်။ဒီကောင်ကြီးနိုးလာတော့ လုပ်နေကြအတိုင်း မေးလ်စချက်တယ်။မေးလ်မကျက်သေးခင် ဟိုနားဒီနားဆိုပြီး ဘလောခ်ပေါ်တက် ဟိုလျောက်ဒီလျောက်ငေးမလို့ လုပ်နေရင်းနဲ့မှ ဗြုန်းဆို ဆီပုန်း(ပဲဆီသန့်မဟုတ်ပါ။ဆားအုန်းဆီပုန်း။:P)က ပြုံးစိစိ မျက်နှာပေးနဲ့ ဝိုင်း ရေးထားတဲ့ စာကိုထိုးပြတယ်။"ဟေ့ကောင် မင်းညီမဝိုင်းက အိမ်စာတပုဒ်ပေးတားတယ်တဲ့။" ရေးသွားတာလဲ ကြည့်ဦး မငြင်းကောင်းစရာ။ "တက်ဂ်လေး ရေးပေးပါဦးနော်။ပျော်ရွှင်ပါစေ"တဲ့။အားကြီး အားဂျီးပျော်ပါတရ်ညီမရေ။ လာလည်သွားလို့။ ကဲ......ဘာရေးရမှာလဲဆိုတာ သူဆီသွားဖတ်တော့မှ ဒုတ်ခေါ။သွားခေါ။ဘာခေါ ညာခေါပေါ့ဗျာ။သွားတော့သွားပါပြီ။ရေရေလယ်လယ်ကို သွားပါတယ်။ဗမာလို သိပ်ရေးနေတာများလို့တဲ့ တခါတလေလဲ ရင်းဂလိပ်လိုဘာလိုလို ဘိုဆန်ဆန်လေးလဲ ဖြစ်ညစ်ရေးရအောင်တဲ့ တက်ဂ်ကြီးကြီးကိုမိတော့တာပဲဗျာ။ နဂိုထဲကမှ ဒီရင်းဂလိပ်စာကို အေဘီစီအခြေခံအဆင့်သာသာရှိတာ လုပ်ချလိုက်ပြန်ပါဂေါဂျာ။ "ကရ်ဂျပါ။ကူကြပါ ဦးဝီကီကြီးရေ" ဆိုပြီး ဦးဝီကီကြီး အိပ်နေမှန်းဘာမှန်းတောင်မစဉ်းစားနိုင်တော့ပဲ။ တံခါးကိုကျယ်ကျယ်ခေါက်။လာမဖွင့်တော့ တံခါးကို ရိုက်ချိုး။ ဖျက်ဝင်။ ဘာရမလဲ သူအနှစ်နှစ်အလလကစုထားဆောင်းတာတွေကို ဖုန်တက်နေတာကော ဘာကောမရဘူး။အကုန်သိမ်းကြုံးရှာ။အဲဒီလို ဦးဝီကီကြီးအိမ်ကို ခက်ခက်ခဲခဲ အနုစားအကြမ်းဖက်လိုက်တော့မှ ဟောရလာပါပြီ။စီဆိုတဲ့ ရင်းဂလိပ်စာတွေ ဝေါကနဲ ဝေါကနဲ အစုလိုက် အပြုံလိုက်။အဲဒါတွေ အားလုံးသိမ်းကြုံးကောက်။ရောက်ရာပေါက်ရာရောက်ဟဲ့ဆိုပြီး ကိုယ်အိမ်ထဲကို သိမ်းကြုံးထည့်လိုက်ရတယ်။ဒီမှာလဲရှိသေးတယ် သူအစမှာရေးတားတာ ဘာလဲတော့မသိဘူး။

Rules : It's harder than it looks! Copy to your own note, erase my answers ,enter yours.Use the first letter of your name to answer each of the following questions.If the person before you had the same first initial , you must use different answers.You cannot use any word twice and you can't use your name for the boy/girl name question.

ရင်းဂလိပ်လို ဖတ်ပြီး ပြောပြကြပါဦး။ဘာရေးထားတာလဲလို့။တော်ကြာ အခွန်ဆောင်ဖို့ လာတာဆိုရင်တော့ ပြောလိုက် လူဂျီးတွေ ရှိဘူးလို့။ခရေးတွေဂျီးပဲလို့။:P

1. What is your name : Chan

2. A four Letter Word : Crab

3. A boy's Name : Charley

4. A girl's Name : Cynthia

5. An occupation : Cabin Crew

6. A color : Chocolate

7. Something you'll wear : Chain Of Gold (Actually I don’t have nothing look like gold :P)

8. A food : Cabbage,

9. Something found in the bathroom : Cold Water

10. A place : Cyprus

11. A reason for being late : Cab Driver doesn’t know the way

12. Something you'd shout : Cry Loudly Cry, I can’t hear you

13. A movie title : Casino Royal (James Bond 007)

14. Something you drink : Coffee (everyday) , Coke (sometimes)

15. A Musical group : Corrs (Andrea, Caroline, Sharon, Jim), Cinderella (Tom Keifer, Eric Brittingham, Jeff LaBar, Fred Coury)

16. An animal : Cow

17. A street name : Charleston Street (Georgia, U.S.A)

18. A type of car : Corolla

19. The title of a song : Come together (Beatles)

20. A verb : Carry On (Don’t Stop)

ညီမဝိုင်း နှင့် ညီမ မန်းလေရူးတဲ့ မန်းသူလေးရေ တက်ဂ်ပိုစ်လေးအတွက် ကျေနပ်မည်လို့ မျော်လင့်ပါတယ်။

ချမ်းလင်းနေ



Friday, October 9, 2009

ရွှေကပြောသော ဗမာ


အမိမြန်မာပြည်မှ အကြောင်းအသီးသီးဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာလာခဲ့ကြရပေမယ့် နိုင်ငံရပ်ခြားလဲရောက်ရော ဘာသာမတူတာတွေရော၊ တိုင်းရင်းသား ညီအကိုသွေးချင်းတွေရော၊ တစ်ဦးနှင့်တစ်ဦး တစ်ခါမျှ မတွေ့မြင်သေးစေကာမူ ဗမာစကားဟူသော ဘာသာစကား တစ်ခုတူညီစွာ ပြောဆိုတတ်ကြရုံနဲ့ပင် ငါတို့လူမျိုး၊ ငါတို့စကားဆိုတဲ့ "ရွှေ"ဟူသော မျိုးချစ်စိတ်ကလေးနဲ့ပင် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြ၊ စကားပြောဆိုကြနဲ့ ရင်နှီးကျွမ်းဝင်လာကြပါတယ်။

ကျွန်တော်ဆိုလဲ ဒူဘိုင်းကိုရောက်ခါစကဆို အမြဲပဲကြားကြားနေရတာက ကုလားစကား၊ အင်္ဂလိပ်စကား ကိုယ်မိခင်ဘာသာစကားဆို နေစဉ်ကြားရဖို့ နေနေသာသာ ဝေလာဝေး။တခါတလေ ရွှေရွှေချင်း တမူးသာသူတွေက ဘူးယိုချင်ကြသေးတာ။ယိုသာယိုကြပါ ဒီစကားတွေတတ်မှလဲ ဒီနေရာတွေမှာ အလုပ်လုပ်နိုင်ရမှာ မဟုတ်လား။ရွှေရွှေချင်းကြတော့ ကိုယ်စကားကိုယ်ပြောမှ အရသာရှိမှာလေ။နောက်ပြီး အလုပ်ထဲလဲ ဒီကုလားစကား၊ အင်္ဂလိပ်စကား၊ အဆောင်မှာလဲ ဒီစကားတွေ၊ အပြင်သွားလဲ ဒီစကားတွေ ဘယ်နေရာရောက်ရောက် ဒီအသံတွေပဲ ကြားနေရတာ။တခါတလေ ဗမာသူငယ်ချင်းတွေ အခန်းတွေ၊အဆောင်တွေ သွားလည်မှ ဗမာစကားလေး ပြောကြရတာဗျာ။ လျာအရသာရှိလိုက်တာ။ရွှေဆိုလို့ ဒီစကားဘယ်သူစထွင်လဲမသိဘူး။ထွင်သွားတဲ့ နောင်တော်၊ အမတော်တွေကို လေးစားပါတယ်။

တခါကလဲ အလုပ်ထဲက ကုလားတစ်ယောက် သူက ဗမာတွေကို ခင်တယ်ဗျ။ သိတယ်မှတ်လား ရွှေတွေလေ မခိုဘူး၊ မကပ်ဘူး၊ မပျင်းဘူး၊ အလုပ်ဆို သေသေကြေကြေ ပြီးအောင်တော့ လုပ်တယ်ဆိုတော့။နောက် ဒီကောင်က စကားအားကြီးများပြီး ဘာအလုပ်မှ သေချာမလုပ်ချင်တဲ့ ငပျင်းဗျာ့။အလုပ်ထဲမှာ ကျွန်တော်ထက် နဲနဲကြီးတယ်ဗျ(အရင်ဆုံးရောက်တဲ့ စီနီယာလေ)။ရွှေဆိုအသေကြိုက်တယ်လေ ကျွန်တော်က အလုပ်တွေလုပ်နေရင် ဒီကောင်က လေဖမ်းပြီး ဝေလေလေလုပ်တယ်၊ မန်နေဂျာလာရင် စာရွက်လေးကိုင်ပြီး မရောင်ရာဆီလူး အလုပ်တွေများပြနေသေး။ကျွန်တော်ကလဲ ကိုယ့်ကိုဒုက္ခမပေးရင်ပြီးရော ဒီကောင်က အခြားကုလားတွေ ထက်စာရင် လေသာများတာ စိတ်ဓာတ်က အောက်တန်းမကျဘူးလေ။

တနေ့ ဒီကောင် ကျွန်တော်ဆီလာပြီး ကျွန်တော်တို့ရွှေစကား သူကိုသင်ပေးပါဆိုပြီး ပြောလာတယ်။ဗမာအချင်းချင်း တစ်ဦးကိုတစ်ဦး ဘယ်လိုခေါ်လဲ ဥပမာ သူငယ်ချင်းဆိုရင် ဘယ်လိုလဲ မေးတော့ ကျွန်တော်က "ရွှေ" လိုပြောလိုက်တယ်။ဒါကိုသူက သူတွေ့သမျှ ဗမာတွေကို "ဟောင်းအာယူ...ရွှေ၊ ဟောင်းအာရူး..ရွှေ" ဆိုပြီး လိုက်ခေါ်တော့တာပဲ။သူရဲ့အသံကြားရတဲ့ ဗမာအားလုံးက ပြုံးစိစိနဲ့ လုပ်ပြတော့ ဒီကောင်က ကျွန်တော်ကို ဒီရွှေဆိုတဲ့ အဓိပ္ပါယ်လာပြန်မေးတယ်။ ဘာလဲပေါ့။ ကျွန်တော်ကလဲ အင်္ဂလိပ်လို ဂိုး(Gold)လို့ ရှင်းပြလိုက်တော့ ဘာလို့ဒီလို ရွှေလိုခေါ်တာလဲမေးတော့ ကျွန်တော်လဲ ဘယ်ရမလဲ အာရှလူလည်သား မဟုတ်လား။လက်ကိုင်ဖုံးထဲမှာ သိမ်းထားတဲ့ ရွှေတိဂုံဘုရားပုံတော်ပြပြီး ဒါက ငါတို့တိုင်းပြည်က ရွှေတိဂုံဘုရား။ ရွှေတွေ အများကြီးလှုထားတာတွေ့လား။အေးဒါကြောင့် ငါတို့က ဘုရားတောင် ရွှေနဲ့လှုထားနိုင်လို့ ငါတို့လူမျိုးကိုငါတို့ “ရွှေ”လို့ခေါ်ရတာလို့ ပြောလိုက်တော့မှ ဘသာချောလဲ ခေါင်းတညိမ်ညိမ့်နဲ့ ပါးစပ်ကနေ “ရွှေ...ရွှေ” လိုဆိုပြီး ထွက်သွားပါတော့တယ်။

ဒီကုလားတွေက ဒီလိုတွေပြောထားမှ မဟုတ်ရင် ဒီကောင်တွေက ကျွန်တော်အလုပ်ဝင်စကဆို မင်းဘယ်ကလဲ ဆိုတာအရမ်းမေးတယ်။"ဘာမား"လိုပြောရင် မသိသလိုလ၊ို မကြားဘူးသလိုလို ပုံစံလုပ်ပြပြီး ဒီကောင်တွေက ဘယ်နေရာလဲ၊ဘယ်မှာလဲ စသဖြင့် မေးခွန်းတွေလာပြန်ရော။ဒီတော့ ကျွန်တော်က "မင်းတို့ ကျောင်းတုန်းက ဂျီအိုဂရပ်ဖီ(Geography)မသင်ဘူးလား။မသင်ဘူးရင်လဲ မှတ်ထား မင်းတို့အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်က အိမ်နီးချင်းက ငါတို့နိုင်ငံလေ။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုကြည်ကို မသိဘူးလား။"လိုမေးတော့မှ "အို ရက်စ်..ရက်စ်။အိုင်စီး" နဲ့ ဘာတွေရက်ပြီး ဘာတွေစီးသွားမှန်းတော့ မသိဘူး တရက်ထဲရက်ပြီး ဖိနပ်ဟောင်းတွေစီးသွားမှ တိုရွှေနိုင်ငံကို ဘယ်ဆီဘယ်ဝယ်က မှန်းသိသွားပါတော့တယ်။

အဖြစ်လေးရယ်တဲ့ကြုံ ဆုံရလေတဲ့ အိုဘဲ့ရွှေနိုင်ငံ လို့သာ ဆိုလိုက်ချင်ပါတော့တယ်။

ဆက်လက်ကြိုးစားပါဦးမည်။



Tuesday, October 6, 2009

နေဝန်းထွက်ရာမြေသို့ (၂)

(Osaka Kansai International Airport)
ဒီလိုနဲ့ပဲ ရေချမ်းတစ်ယောက် ဘန်ကောက်ကနေ ဂျပန်အထိကို အယောင်ယောင်အမှားမှားနဲ့ မွေးရာပါဖင်လေးတောင် မရှိတော့ဘူး ထင်ရလောက်အောင် ညောင်းချိပိန်လိမ်စွာ စီးနှင်းခဲ့ရပါတယ်။လေယာဉ်ပေါ်မှ မကြာတော့မီအချိန်အတွင်း ဂျပန် အိုစာကာလေဆိပ်သို့ ရောက်တော့မည်ဖြစ်ကြောင်း အသံကလေးကြားတော့မှပဲ စိတ်ထဲ ဟင်းချရတော့တယ်။ လေယာဉ်ကွင်းကိုဆင်းတော့ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ မှောင်နေတာပဲ။ ညအချိန်ထင်ပါရဲ့။လေယာဉ်ကွင်းကြီးကတော့ ဆီမီးထိန်ထိန်လင်းထားသလို အရောင်တွေတောက်ပနေလေရဲ့။

နောက်လေယာဉ်ကြီးရပ်သွားပြီး လူအားလုံးလေယာဉ်ပေါ်က ထွက်ကြတော့ ရေချမ်းလဲ တခြားလူတွေသွားတဲ့နောက်ကို လိုက်သွားပါသည်။လမ်းမသိ ရှေ့လူနောက်လိုက်ဆိုရမလား သူတို့တွေသွားတဲ့နောက်ကို လိုက်ပါသွားပြီး လူဝင်မှုကြီးကြပ်ရေးနေရာရောက်တော့ သူတို့လိုပဲတန်းစီပြီး စာရွက်တွေဖြည့်နေတုန်း


“ဒီဘက်ကို ကြွပါ။အနောက်ကလိုက်ခဲ့ပါ”လို့ဆိုပြီး ယူနီဖောင်းဝတ်ကိုရွှေဂျပန်က ယဉ်ကျေးပျုငှာစွာ လာရောက်ခေါ်ငင်ပါတယ်။

ရေချမ်းတို့နှစ်ယောက်လဲ ဘာမသိညာမသိ သူ့နောက်ကနေ တကောက်ကောက်လိုက်သွားရင်း စိတ်ထဲမှာလဲ ငါတိုက အလုပ်ကလွှတ်တာဆိုတော့ ဗီအိုင်ပီ အထူးဧည့်သည်အနေနဲ့ ကြိုဆိုတာထင်တယ်လို့ ကိုယ်ဘာသာတွေးရင်း သူပြတဲ့ အခန်းလေးထဲ ဝင်လိုက်ပါတယ်။ အခန်းလေးထဲမှာ ဆိုဖာထိုင်ခုံလေး နှစ်လုံးချထားပြီး သူ့အရှေ့မှာလဲ စားပွဲတစ်လုံးတွေ့ပါတယ်။ နောက်ပြီးမှသိတယ် ခုနက ဘာသာချော ဘာကြောင့်လာခေါ်ပြီး ကျုပ်တို့ နှစ်ယောက်ကို ပို့ထားလဲဆိုတာ။ကျုပ်တို့နှစ်ယောက်ကိုဗျာ နှစ်နာရီလောက်ကြာအောင် အသေအချာကို စစ်မေးတော့တာပါပဲ။ဒီကလဲ နဂိုထဲကမှ မြန်မာပြည်မှာပြထားတဲ့ အိုးရှင်းဇာတ်ကားအခံနဲ့ သူတို့ဘာပြောပြောမေးသမျှကိုတဟိုက်ထဲဟိုက်လိုက်တာပဲ။အဲဒီမှာပဲအားလုံးဂွကျကုန်းတော့တာပဲ။

ဂျပန်ဘသာချောတွေကလဲ လူကိုသူခိုးစစ်စစ်သလိုပါပဲ သူတို့စကားပြောတဲ့အသံတွေမာလာတာ သတိထားမိတော့မှပဲ အင်းငါတို့တစ်ခုခုတော့ မှားနေပြီဆိုပြီး ဒီကောင်တွေကို အင်္ဂလိပ်လိုရှင်းပြ နောက်ပြီးရုံးကပေးလိုက်တဲ့ စာရွက်စာတမ်းတွေကိုပြလိုက်တယ်။ကံကောင်းလိုဗျာ ရုံးက DGMခါခဲယာမားစံကိုပဲ ပြေးပြီးကျေးဇူးတင်ရမလားပဲ။သူ့လက်ရေးနဲ့ အသေအချာရေးပေးလိုက်တဲ့ ဂျပန်စာကိုပြလိုက်တော့မှပဲ ဒီကောင်တွေ စစ်ဆေးနေတာကိုရပ်လိုက်ပြီး ဖုံးတစ်လုံးနဲ့ ဂျပန်လို ကွိကွိကွကွတွေပြောပြီး အလုပ်ရှုပ်နေပါတယ်။ အတော်လေးကြာတော့ ရုံးချုပ်က လာကြိုတဲ့သူတွေရောက်လာပြီးမှ ကျုပ်တို့နှစ်ယောက်စလုံးကို ဂျပန်ပြည်ဝင်ခွင့်တုံးတွေ ထုပေးလိုက်ပါတယ်။အခန်းထဲက ထွက်လာတော့ အခြားကိုယ်နဲ့အတူ လေယာဉ်စီးလာကြတဲ့သူတွေ တစ်ယောက်မှ မရှိကြတော့ပါဘူး။လူတွေလဲ ရှင်းလင်းစပြုနေပါပြီ။
လေယာဉ်ကွင်းထဲကထွက်လာတော့ နေဝန်းထွက်ရာပြည်ကြီးရဲ့နှင်းမှုန်တွေနဲ့အတူ ကြိုဆိုမှုက ရင်ထဲမှာ နင့်ခနဲနေအောင်ကို အေးစက်လိုက်တာ။

လာကြိုကြတဲ့သူတွေက လေဆိပ်ကအထွက်မှာ စားသောက်ဆိုင်တစ်ခုမှာ ညစာလိုက်ကျွေးကြပါတယ်။ဆိုင်ထဲရောက်ရောက်ခြင်းပဲ တလမ်းလုံးအောင့်အီးထားသမျှ မခံမရပ်နိုင်အောင်ကို ဖြစ်လာပါတော့တယ်။အောင့်ထားလို့ ဘယ်လိုမှကိုမရတော့ဘူး။ဒီတော့ လာကြိုတဲ့သူတွေကို အဝင်ဝမှာတင် မေးလိုက်တယ်……………

“တဆိတ်လောက်ဗျာ၊……အိမ်သာဘယ်မှာလဲဟင်။” သူတို့လဲ ရုတ်တရက်ဆိုတော့ ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။နောက်ပြီးလာတဲ့ဆိုင်က စားသောက်ဆိုင်၊ ဝင်ဝင်ခြင်းလေးပဲရှိတာကို ဘယ်မှာလဲ ရေအိမ်ဆိုတော့ သူတိုစိတ်ထဲ ဒီလူအစားကြီးမယ်ထင်တယ် မစားခင်သွားလျော့ဦးမယ်။အဲဒီလိုပဲထင်မလား။ငါတိုက စားဖို့ခေါ်လာတာ သူကထုတ်ဖို့ လာပြင်နေတယ်လို့ပဲ ထင်မလား။ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းသလို ဖြစ်သွားတယ်။မတတ်နိုင်ဘူးလေ။လေယာဉ်ပေါ်မှာလဲ တစ်ခါသွားတာ အဆင်မပြေဘူး။လေယာဉ်ကြီးပေါ်မှာ လှုပ်လှုပ်နဲ့။အခန်းကျဉ်းကျဉ်းလေးထဲဗျာ မွန်းကျပ်သလို ခံစားရတယ်။အောက်ရောက်မှပဲသွားမယ် ကြံထားတာ လေဆိပ်ထဲရောက်တော့လဲ ဘာမပြောညာမပြောနဲ့ ဂျပန်ဘသာချောတွေက နှစ်နာရီလောက်ခေါ်ပြီး နှိပ်ကွပ်ထားတော့ ခရီးရှည်ကြီးစီးလာတဲ့ ကျုပ်အတွက် အခုလိုအချိန်ကြတော့လဲ မစောင့်နိုင်တော့ဘူးလေ။ လာကြိုတဲ့သူတွေကို နောက်မှပဲ ရှင်းပြလိုက်တော့မယ်။


လာကြိုတဲ့သူတွေ ညွန်ပြလိုက်တဲ့ အခန်းထဲရောက်ရော အိမ်သာအိုးက ဘိုထိုင်တော့ ဘိုထိုင်ပဲ။ထူးဆန်းတာက ဘေးမှာလဲ လက်တန်းလေးတစ်ခုရှိနေတယ်။လောလောဆယ် ကိုယ်ကိစ္စက အရေးကြီးနေတယ်ဆိုတော့ အရင်ဖြေရှင်းလိုက်ပါတယ်။နောက်မှ ဘေးကလက်တန်းကို အသေချာစပ်စုလိုက်မိပါတယ်။လက်တန်းပေါ်မှာလဲ ခလုပ်တွေနဲ့ အပြည့်ပဲ။အားလုံးကတော့ ဂျပန်စာတွေကြီးပဲ ရေးထားသေးတယ်။(အချို့မှာအင်္ဂလိပ်လိုပါပါတယ်။ ရေချမ်းကတော့ လွဲနေတဲ့သူဆိုတော့လားမသိဘူး။)ပုံလေးတွေ ပြထားပါသတဲ့။ရေချမ်းလဲ ကိုယ်ကိစ္စပြီးတော့ ရေလောင်းတဲ့ပိုက် လိုက်ရှာတယ်။မတွေ့ဘူး။ကဲဒါဆို စက္ကူကောဆိုတော့ မရှိဘူးဗျာ။အဲဒါမှ ဂွကျတာပဲ။နောက်တော့ ဘေးကလက်တန်းကြီးကို ကြည့်ပြီး ဒါကြီးကတော့ အလကား ဒီအတိုင်းထား ဟန်တော့မတူဘူး။သူပုံထဲကအတိုင်း ရေလေးပန်းနေတဲ့ပုံလေးကို နှိပ်လိုက်တယ်။

အို…ဘုရားရေ ရေတွေအောက်ကနေ ပန်းတက်လာတယ်။နောက်ဟိုခလုပ် ဒီခလုပ်တွေပြောင်းပြီး လျှောက်နှိပ်တာ ရေတွေက ဟိုကပန်းတက် ဒီကပန်းတက်နဲ့ထွက်လာပြီး မြန်မာပြည်က စတိုင်ကြီးတခွဲသားနဲ့ ဝတ်လာခဲ့သော အနောက်တိုင်းတိုက်ပုံကြီး ရေတွေစိုကုန်ပါရော။ (အရင်ကသိဘူးဗျ။ နိုင်ငံခြားသွားကြတဲ့သူတွေက ဒီလိုအနောက်တိုင်းတိုက်ပုံကြီး တကားကားနဲ့ လေယာဉ်ပေါ် တက်တက်သွားကြတော့ ရေချမ်းလဲ အတုခိုးပြီး လိုက်လုပ်ကြည့်တာ။ အခုခေတ်တော့သိပ်မတွေ့ရတော့ပါဘူး။:P)နောက်ရေချမ်းလဲကြံရာမရနဲ့ဘာလုပ်လိုက်တယ်မှတ်လဲ အဖုံးဆွဲပိတ်လိုက်တာပေါ့ဗျ။ဘာရမလဲ အာရှလူလည်သားပဲ (မဟုတ်တဲ့နေရာမှာ:P)။

သြော်........ ဂျပန်တွေ ထွင်စရာမရှိ ကြံကြံဖန်ဖန် အိမ်သာအိုးတောင်မချန် စက်တွေတက်ပြစ်တယ်။ရန်ကုန်မှာသာ ဒါမျိုးကြီးတပ်လိုက်ရင် အယ်ဒီဆင်ကို အမြဲလေးစားလွန်းလို ခဏခဏဂုဏ်ပြုနေတာနဲ့ ကြုံရင်တော့ ဒုက္ခ။ဆက်တငင်ငင်နဲ့ ဘယ်လိုဘယ်ပုံကြီး ခရီးဆက်သွားရမယ်ဆိုတော့……………..။(အမေရိကန်မှာ အောက်တိုဘာ ၂၁ရက်နေ့မှာ အယ်ဒီဆင်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ တမိနစ်မျှ လျှပ်စစ်မီးတွေမှိတ်ပြီး နေကြတယ်။အဲဒီနေ့ဟာလဲ လျှပ်စစ်မီးသီးကို စတင်တီထွင်သူကြီး အယ်ဒီဆင်ကွယ်လွန်တဲ့နေ့ပါပဲ။ ကျုပ်တို့ဆီမှာကတော့ သူကို တမိနစ်မက အမြဲနီးပါး သတိရတိုင်းကို ဂုဏ်ပြုပါတယ်။)

ဗိုက်လဲချောင်သွားပြီဆိုတော့ စားတော့သောက်တော့မယ်ပေါ့။အားလုံးကလဲ ဘာမှမမှာကြသေးပဲ ရေချမ်းအထွက်ကို စောင့်ပေးနေကြတယ်။ရေချမ်းကိုယ်ပေါ်မှာ ရေတွေရွှဲနေတာကိုတွေတော့ ဘာဖြစ်တာလဲမေးတော့ ရေချမ်းလဲ ရှက်ရှက်နဲ့ ခုနကအကြောင်းပြောပြလိုက်တော့ အားလုံးက ပြုံးကုန်ကြပြီး နောင်ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြကြတယ်။စက္ကူကလဲ ကုန်နေလိုဖြစ်မှာတဲ့။ ရေချမ်းရေ…..လွဲချက်တွေကတော့ တက်တက်ဆင်အောင်ပါပဲနော်။ မစားခင် သူတိုလာငဲ့ပေးတဲ့ လက်ဖက်ခြောက်အရောင်လဲမတွေ့ရတဲ့ ရေနွေးပူပူကြီးကို ရာသီဥတုကလဲ အေးကအေးအေးနဲ့ဆိုတော့ မမှုတ်တော့ပဲ အားကုန်သောက်ချလိုက်တော့တယ်။

အား….ဝူး…..ရေနွေးကြီးက ရင်ထဲ ခါးသက်သက် နွေးတေးတေးကြီး စီးဝင်သွားတယ်။ဘာကြီးလဲဟ ရေနွေးမဟုတ်ပါလား။ သူတို့မေးတော့မှ ဒါဂျပန်အရက် ဆာကေးဆိုတာတဲ့။အပူသောက်တာနဲ့ အအေးသောက်တာ ရှိတယ်လို့ပြောပြကြတယ်။အခုက အပြင်မှာ အရမ်းအေးနေလို့ ဧည့်သည်ကို ဆာကေးအပူတိုက်တာတဲ့။နောက်သူတို့က ခေါက်ဆွဲစားမလားမေးတော့ ဟုတ်စားမယ်ပေါ့။စိတ်ထဲမှာထင်တာက ခေါက်ဆွဲကြော်ပဲလားပေါ့။ လာချလို့ကြည့်လိုက်တော့ အစိမ်းရောင်အဖတ်တွေနဲ့ ခေါက်ဆွဲပြုတ်ကြီးဗျ။စိတ်ထဲမှာ ယမ်ယမ်ခေါက်ဆွဲပြုတ်လို ချည်စပ်ကလေးပေါ့လို့ ထင်ပြီး ဗိုက်ကလဲ ဆာဆာနဲ့ အားပါးတရလွေးလိုက်တာ။ဘာအရသာကြီးမှန်းမသိဘူး စိမ်းရွှင်ရွှင်အနံကြီးနဲ့ နောက်ပြီးအရသာကလဲမရှိ။ခေါက်ဆွဲတွေကလဲ လက်သန်းလောက်အလုံးကြီးကြီးတွေ နောက်ပြီး ခေါက်ဆွဲကို မဖြတ်ပဲအရှည်ကြီးခွေထဲ့ထားတာ။သူတို့တွေကတော့ တရူးရူးနဲ့ အသံမြည်အောင်ခေါက်ဆွဲတွေကို ပါးစပ်ထဲ ဆွဲယူစုပ်သောက်နေလိုက်ကြသေးတယ်။ ရေချမ်းကတော့ ဒီခေါက်ဆွဲရှည်ရှည်ကြီးတွေ၊ အစိမ်းရောင်ရေညှိုတွေ၊ ကြက်ပြုတ်ရည်ပေါ် ကြက်ဥအစိမ်းဖောက်ထည့်ထားသော အနံတွေ ဒါတွေနဲ့ ဘယ်လိုစခန်းသွားရမလဲဗျာ။

အိမ်မှာဆို မနက်စာ အုန်းနို့ခေါက်ဆွဲ၊ မုန်ဟင်းခါး ဒါမှမဟုတ် ပဲပြုတ်ဆီစမ်း ထမင်းကြော်။နေ့လည်စာကြတော့လဲ အေးမြပြင်ထည့်ပေးလိုက်တဲ့ စုံစုံလင်လင်မြန်မာထမင်းဟင်း။ ညစာဆိုလဲ ဟင်းမကောင်းရင်တောင်မှ ငပိရေတို့စရာအရွက်အသီးအစုံအလင်နဲ့ စားခဲ့ရတဲ့ ရေချမ်းတစ်ယောက် အရာရာအရသာတွေမဲ့နေတဲ့ ဟင်းတွေ၊သားစိမ်းငါးစိမ်းတွေစားနေရတော့ လွမ်းမောလိုက်ရပါပေ့ ပြည်မြန်မာနှင့် အေးမြလက်ရာတွေ။ အေးမြဆီဖုန်းဆက်တိုင်းလဲ ပြန်လာရင် သူ့လက်ရာတွေ တဝကြီးကို စားပစ်လိုက်မယ်ဆိုတဲ့ အကြောင်းတွေပဲပေါ့။ ဂျပန်ရောက်ဗမာတွေ ဘယ်လိုစားသောက်ကြပါလိမ့်။ချီးကျုးပါတယ်ဗျာ။

အလုပ်မှာတော့ တစ်ခုလေးစားစရာပဲဗျို့။မနက်ဆို ဘယ်သူတွေဘယ်စောရောက်ရောက် သူငှေးက သူအရင်ရောက်လေ့ရှိတယ်။နောက်မှသိရတာကသူကမနက်အစောထပြီးလမ်းထွက်လျောက်တယ်။ အဲဒီကတဆင့် အလုပ်ထဲက သူ့အခန်းမှာသွားပြီး အလုပ်လာဆင်းတဲ့သူတွေကို ထိုင်စောင့်လေ့ရှိတယ်။ဒါကြောင့်လဲ အလုပ်မှာ ဘယ်သူမှ အလုပ်နောက်မကျဘူး။နောက်ပြီး သူက လူအကုန်စေ့အောင်ထိုင်စောင့်တယ်။လူတွေစုံရင် မန်နေဂျာကို တနေ့တာဘာတွေ လုပ်ရမယ်ဆိုတာတွေပြောတယ်။နောက်ပြီးသူရဲ့အကောင်းဆုံးအကျင့်က အလုပ်သမားတိုင်းရဲ့ အလုပ်နေရာအထိကိုသွားပြီး တစ်ယောက်ချင်းဆီ လူစုံအောင် စကားလိုက်ပြောပြီး နှုတ်ဆက်လေ့ရှိတယ်။ ဒါကြောင့် မန်နေဂျာတွေကလဲ မဟုတ်တာ မလုပ်ရဲဘူး။ပြီးမှ သူအိမ်ကိုပြန်တယ် နေလည်စာစားပြီး တရေးအိပ်တယ်။အလုပ်ဆင်းခါနီးကျတော့ ပြန်ရောက်လာပြန်တယ်။ရုံးဆင်းရင်လဲ လူတိုင်းကို နှုတ်ဆက်လေ့ရှိတယ်။

အလုပ်ထဲမှာ သူငှေးကလွဲရင် အရာရှိကအစ သန့်ရှင်ရေးအလှည့်ကျ လုပ်ကြရတယ်။ ရာထူးကြီးတယ် ငယ်တယ်မခွဲခြားဘူး။အလုပ်ထဲမှာသာ အရာရှိက အချိန်တိုင်း အလုပ်လုပ်ဆိုပြီးခိုင်းနေတာ အလုပ်ကထွက်တာနဲ့ လာဆိုပြီး ပုခုံးဖက်ပြီး တစ်တစ်ခုသွားစားကြလေ့ရှိတယ်။နောက်ပြီး အဲဒီအချိန်မှာလဲ အစားအသောက်ကလွဲလို့ အလုပ်အကြောင်းမပြောနဲ့ သူတို့က မကြိုက်ဘူး။ဆိုလိုက်ကြတဲ့ ကာရာအိုကေ မူးမူးနဲ့ ဘာဂျပန်သီချင်းတွေမှန်းမသိဘူး။ရေချမ်းလဲ သူတို့နဲ့ အလိုက်သင့် လိုက်ပြီးကခုန်ရတာပေါ့။

နားရက်ဆိုလဲ ဈေးဝယ်သွားလိုက်ကြတာ တအိမ်လုံးသက်ကြီးရွယ်အိုပါမကျန်။ အကုန်စုသွားကြပြီး Shopping Mallတွေရောက်မှ ကိုယ်သွားချင်တဲ့နေရာသွားကြဖို့ လူစုခွဲကြတယ်။နောက်မှ ဘယ်အချိန် တစ်နေရာမှာ ပြန်ဆုံတွေ့ကြတယ်။သူတို့ဈေးကြီးတွေကလဲ သွားစရာနေရာမကုန်နိုင်အောင် ကျယ်လိုက်တာဗျာ။အဲဒီလိုနေ့တွေမှာဆို လူအစုံတွေရတယ်။ တစ်ခုတွေတာက ဒီလောက်ချမ်းသာတဲ့ ဂျပန်မှာလဲ သူတောင်းစားတွေရှိတယ်ဗျာ။သက်ကြီးရွယ်အို လူမိုက်ဟောင်းကြီးတွေလို့တော့ သူတို့က ပြောပြကြတယ်။နောက်ညနေလဲကျတော့ အားလုံးပြန်စုပြီး စားသောက်ဆိုင်သွားစားကြတယ်။နောက်ပြီးတော့ လူငယ်တွေက ကပွဲတွေသွားကြ။လူကြီးတွေက အိမ်ပြန်ပြီးနားကြပေါ့။အသက်ရှုကြတဲ့ စက်ရုပ်ဆန်ဆန် လူသားတွေပါပဲဗျာ။အမြဲတန်းလောက်က ဒီလိုကြီးပဲ သူတိုနေလေ့ရှိကြတယ်။

တနေ့တနေ့ လူလဲစက်ရုပ်လိုပဲ အလုပ်တွေသင်လိုက်၊ ပိတ်ရက် နှစ်ရက်ဆိုလဲ အလုပ်ထဲက လုပ်ဖော်ကိုင်ဘက်တွေနဲ့ လျောက်လည်လိုက်နဲ့ ပျော်အောင်တော့ထားပါတယ်။ဗမာက နှစ်ယောက်တည်း ဂျပန်က ခြောက်ယောက်လောက်က ဘယ်သွားသွားအမြဲပါတယ်။သူတို့ကလဲ ကျုပ်တို့ထွက်ပြေးမှာ စိုးလို့ထင်ပါတယ် အနားမှာတော့ အမြဲရှိတယ်။တခြားဗမာတွေ နေတဲ့နေရာကိုမေးတော့လဲ မပြောဘူး။ပြလဲမပြဘူး။နှစ်ယောက်ထဲရှိမှသာ ဗမာစကားပြောရတယ်။ ကျန်တဲ့အချိန်ဆို အင်္ဂလိပ်လိုပဲ သူတို့ရှေ့မှာပြောရတယ်။နေဝန်းထွက်ရာမြေရဲ့ မမေ့နိုင်စရာသော အကျယ်ချုပ်လေးပါပဲ။

သူငှေးက သဘောတော့ကောင်းတယ်။ဂျပန်မှာသုံးဖိုတပတ်စာငွေ အမြဲပေးတယ်။သူအိမ်နားက စားသောက်ဆိုင်မှာလဲ ကျုပ်တိုနှစ်ယောက် ဘယ်အချိန် ဘာသွားစားစား လက်မှတ်ထိုးခဲ့ပြီး စားခွင့်လဲပေးထားတယ်။အိပ်တော့လဲ သူအိမ်အပေါ်ထပ်မှာ အနွေးစက်တပ်ထားတဲ့ အခန်းလေးပေးထားတယ်။နှစ်ယောက်စာအတွက်တော့အတော်ကြီးကိုကျယ်ပြန့်တဲ့နေရာလေးပါပဲ။ ညနေစောင်းဆိုလဲ ရုပ်ရှင်အခွေလေးသုံးလေးခွေလောက် လှေကားခြေရင်းမှာ ထားပေးထားတယ်။ အံသြစရာက တချို့ခွေတွေက ဗမာသီချင်းခွေတွေဗျ။ ဗမာတွေကို အရမ်းကြိုက်တဲ့ ဂျပန်ကြီးတစ်ယောက်ပါပဲ။ရေချိုးရင်လဲ 45ံCလောက်ရှိတဲ့ရေနွေးငွေ့ တစ်ထောင်းထောင်းနဲ့ ကြက်ဥပြုတ်ရင်တောင် အကာလောက်အသာလေး ကျက်လောက်တယ်။

သူ့အိမ်လေးကတကယ်ရှေးကျတဲ ရိုးရာဂျပန်နှစ်ထပ်အိမ်ကလေး၊ အထဲမှာတော့ခေတ်မှီအောင် ပစ္စည်းအသစ်အဆန်းတွေတော့ထားတာပဲရှိတာ။ အလုပ်ဖော်တွေအပြောအရ ဒီလိုရှေးအိမ်ခြံတွေက သူတို့ဆီမှာ ဈေးကြီးတယ်ဆိုပဲ။အိမ်က အရှေ့ဘက်ကရော အနောက်ဘက်ကရော ဝင်လို့ရတယ်။အနောက်ဘက်မှာ ရေမြောင်းကလေးလဲရှိတယ်ဗျ။ ရေမြောင်းက စန်းချောင်းလေးလိုပဲ အမြဲသန့်ရှင်းပြီး ရေတွေလဲစီးနေတယ်။မြောင်းလေးဘေးမှာလဲ ပန်းခင်းလေးတွေ၊ လူသွားလမ်းကလေးနဲ့ အရမ်းကို ကဗျာဆန်တာပါပဲဗျာ။သူတို့က အရမ်းခေတ်မှီအောင်သာ ကြိုးစားပေမယ့် သူတိုရဲ့ ရှေးရိုးစွဲဓလေ့တွေကို အရမ်းမြတ်နိုးတယ်။

တစ်နေ့ ရေချမ်း လမ်းထိပ်က ဖုံးခန်းလေးဆီ စိတ်ထဲမှာလဲ အေးမြကို ဘာတွေပြောမယ်ပေါ့ တွေးရင်းနဲ့ အသွား

“ရေချမ်းစံ…..ရေချမ်းစံ…..သတိထားပါ….သတိ”လို့ ခေါ်သံကြားလိုက်တော့ လူလဲရုတ်တရက် ကြောင်တောင်တောင်နဲ့ ရပ်ပြီး အသံလာရာကို လှည့်အကြည့် အနောက်ဘက်နားကနေ ဝှီးကနဲအသံနဲ့အတူ ကားတစ်စင်း အရှိန်ပြင်းပြင်းနဲ့ မောင်းထွက်သွားလေရဲ့။လူလဲ ဘာလုပ်လိုဘာကိုင်ရမှန်းမသိပဲ အနောက်ဘက်ကို ခုန်ရှောင်လိုက်ပါတယ်။အနောက်က လှမ်းခေါ်လိုက်သူက သူငှေးပါ။သူက ကျုပ်အနားရောက်လာပြီး စိုးရိမ်သလို၊ အထင်သေးသလို ဒေါသတကြီးနဲ့

“ရေချမ်းစံ ဘယ်လိုဖြစ်တာလဲ၊ သတိထားမှပေါ့။လမ်းကူးရင် လူကူးမျဉ်းရှိတဲ့နေရာသွားပြီး လူကူးအချက်ပြမီးနှိပ်ပြီးမှ ကူးလို့ရတယ်။”

ကျုပ်လဲ သူအဲဒီလိုပြောမှ သတိရသွားတယ်။ဟီးဟီး မြန်ပြည်မှာက လမ်းကူးရင် ကားရှင်းရင် ဖြစ်သလိုပဲ ကူးလိုက်တာကိုး။သူတို့လို လူကူးမျဉ်းကျားတွေဘာတွေ တသီးတသန့်သွားကြတာမှ မဟုတ်တာ။မီးပွိုင်ဆိုတာကလဲ သူဘာသာ လင်းချင်ရာ လင်းနေတာ။တချို့နေရာဆို အလုပ်မလုပ်လိုတောင် ကိုယ်ဘာသာကိုယ် ကားလမ်းကြည့်ကူးကြရတာ။နောက်တစ်ခုက အခုကူးမယ့်လမ်းကလဲ လမ်းသွယ်လေးကျနေတာပဲ ကျဉ်းကျဉ်းလေးကို။ဒီလောက် အရှိန်ပြင်းပြင်း ကားတွေမောင်းလို့ရမှန်း ဘယ်သိမလဲဗျာ။ဂျပန်မှာ ကားလမ်းတွေက အတော်လေးသေးတာပဲဗျ။ ကိုယ်ကိုယ်ကိုတော့ နိုင်ငံကြီးသားကြီးတွေလို ကျင့်မှဆိုတဲ့ အသိလေးတော့ရသွားတယ်။ တော်သေးတယ် သူတို့ခေါ်တဲ့ ရေချမ်းစံတစ်ယောက် နတ်နန်းစံရမလိုဘဝမှ သီသီလေးလွတ်သွား၏။မဟုတ်ရင် ရင်စီးအနီလေးနဲ့ သပြေနှစ်ခက်လက်ကစွဲလို့ ဂျပန်မှာ လမ်းပြနတ်သားဖြစ်သွားမှာ။

ဘာလိုလိုနဲ့ ရေချမ်းအမိမြေကို ပြန်ဖို့နီးသထက်နီးလာပြီ။အေးမြကတော့ အမြဲပြောသည် ဂျပန်လိုနေရာမျိုး အခွင့်ရရင် အိုဗာစတေးပါလားတဲ့။မဖြစ်ပါဘူး အေးမြရယ်။ဒီဂျပန်တွေက တို့ထက်လည်တယ်။ဘယ်သွားသွားသူငှေးက သူရဲ့လူယုံခြောက်ယောက် လောက်ထည့်ပေးထားတယ်။ဒီမှာနေတဲ့တစ်လျောက်လုံးကလဲ ဘယ်ဗမာမှ မတွေ့ရဘူး။ တို့တွေရဲ့သစ္စာရှိရိုးသားမှုကို ပြသတဲ့အနေနဲ့ ဒီလိုအခွင့်မျိုးမလုပ်ချင်ဘူး။နောက်ပြီး ချစ်တဲ့အမိမြေကြီးမှာပဲ ရိုးသားကြိုးစားရင်းနဲ့ ဘယ်လိုပဲနေရနေရ အေးမြတို့သားအမိတွေနဲ့ပဲ နေချင်မိပါတယ်။အေးမြရဲ့ အကြံပေးချက်ကို ပယ်ဖျက်လိုက်မိသည်။ရင်ထဲမှာ အတော်တော့ပေါ့သွားသည်။သူတို့က ငါတို့နှစ်ယောက်ကို ယုံကြည်လို့ သူတို့နေရာကို ကြည်ကြည်ဖြူဖြူ ခေါ်လည်တာကို တို့ဗမာတွေကို ယုံကြည်မှု ကင်းမဲ့သွားအောင်တော့ မလုပ်ချင်ဘူး။နောက်ပြီး မြန်မာပြည်က အလုပ်ထဲမှ နောင်ကျုပ်တို့လို ဂျပန်ကို အလုပ်သင်ခွင့် အလားလာရှိတဲ့ နောင်လာမယ့်သူတွေ အတွက်လဲ ကျုပ်တို့ရဲ့ အခွင့်ကောင်းယူလိုက်မှုရဲ့ အမဲစက်သက်ရောက်မှုကြီး မရောက်စေချင်ဘူးလေ။နှစ်ပတ်လောက် ဒီအကြောင်းအရာကြီးကို လုပ်ရင်ကောင်းမကောင်း စဉ်းစားနေတဲ့ အိပ်မက်ဆိုးကြီးထဲကလဲ လွတ်မြောက်သွားပြီး နောင်လာမည့်ညတွေကို နှစ်ချိုက်စွာ အိပ်ပျော်တော့မယ်လေ။

မပြန်ခင်သူငှေးက ဈေးဝယ်ဖို့ငွေတွေပေးလိုက်သည့်အတွက် အေးမြဖို့ကီမိုနိုစအချို့ဝယ်လိုက်သည်။ ကီမိုနိုတွေကလဲ အစားစားပဲ ဈေးအကြီးဆုံးတွေကလဲ တကယ်ကို လက်နဲ့ယက်ပြီး သဘာဝအရောင်တွေဆိုးတာတဲ့။ ကျုပ်ကတော့ အမှတ်တရပါ ဈေးသက်သာတဲ့ စက်ယက်ကီမိုနိုတွေပဲ ဝယ်ဖြစ်တယ်။ဂျပန်မှာလဲ သူတို့ထုတ်ကုန်တွေက ဈေးကြီးတော့ သူတို့လူမျိုးတွေတောင် တရုတ်လုပ်တွေသုံးကြတာများတယ်။ဘာဖြစ်ဖြစ် ရေချမ်းကတော့ သူတို့တွေရဲ့ ယဉ်ကျေးမှု၊ စည်းကမ်းကြီးမှု၊ အသက်ကြီးသူတွေ လေးစားမှု၊ အချိန်တိကျမှု၊ စတဲ့ အတုယူစရာ အကျင့်ကောင်းလေးတွေကိုပဲ နေဝန်းထွက်ရာမြေရဲ့ အမှတ်တရအဖြစ်နဲ့ ကျုပ်တို့မြေကို အမှတ်တရ သယ်သွားတော့မယ်ဗျာ။တကယ်ကိုပါ ဘယ်တော့မှကို မမေ့ဖျောက်နိုင်တော့မယ့် သူတို့တွေရဲ့ အလေ့အထလေးတွေ၊ လွမ်းမောဆွတ်ပြန့်နေတဲ့ ချယ်ရီပင်ကြီးရယ်၊ အိမ်ကလေးနောက်က စမ်းချောင်းကလေးနဲ့ အမြဲသန့်ရှင်းလှပတဲ့ လမ်းသွယ်ကျဉ်းကျဉ်းလေးရယ်၊ ကီယိုမီဇုဒယ်ရာ့ဘုရားကျောင်းပေါ်က မြင်နေရတဲ့ ကျိုတိုမြို့လေးရဲ့ နေဝင်သွားတဲ့ ဆည်းဆာအလှ၊ ဖူရှီးမိမှ အိနားရိဗိမာန်က လိမ္မော်ရောင်တိုင်လုံးကြီးတွေက အတိတ်အိပ်မက်တွေထဲမှ အမှတ်တရတွေပါ။


တည်းခိုတဲ့နေရာကျိုတိုမှ အိုဆာခန်ဆိုင်း(Osaka Kansai)လေဆိပ်သို့ သူငှေးကစီစဉ်ပေးလိုက်သော လီမွန်စင်းကားအရှည်ကြီးဖြင့် ၁နာရီခွဲလောက်ကြာအောင်ကို စီးလိုက်ရသည်။အပြန်ကြတော့ စိတ်ထဲဘယ်လိုကြီးမှန်းမသိ တစ်ခုခုကို လွမ်းသလိုလို ဘာလိုလိုနဲ့ ရင်ထဲမှာခိုးလိုးခုလုကြီး ဘေးက သူငယ်ချင်းကိုတောင် ဘာစကားမှမပြောဖြစ်။သူလဲ ကျုပ်လိုပဲထင်တယ်၊ တလမ်းလုံးနှုတ်ဆိတ်ပြီး လိုက်လာသည်။အပြန်က မနက်ပိုင်းဖြစ်သဖြင့် အိုဆာကာလေဆိပ်ကြီးကို အပြင်မှ လှမ်းမြင်နေရပြီး ကြည့်လိုက်တော့မှ ပင်လယ်ထဲမှာ ထိုးထွက်တည်ဆောက်ထားတဲ့ လူလုပ်ထားတဲ့ ကျွန်းကြီးပဲဗျ။အလာတုန်းက ညအမှောင်ကြောင့် ဘာမှမမြင်လိုက်ရဘူး။လေဆိပ်ကို အသွားအတွက် တံတားတစ်စင်း၊ အပြန်အတွက် တံတားတစ်စင်း သပ်သပ်စီတည်ဆောက်ပေးထားတယ်။

ဂျပန်မှာ တခုတော့ရှိတယ် အရာအားလုံးကို အသွင်ဆန်းအမြင်ဆန်း ခေတ်မှီတိုးတက်လှပနေတဲ့ သူတို့နိုင်ငံလေးဟာ ရာသီဥတုဆိုးရွားမှုကို လှလှပပကြီးခံစားနေရပေသည်။အခုလဲ အပြန်လမ်းတံတားပေါ်မှာ ကားတစ်စီးတုန်းလုံး ပက်လက်လဲနေတာ မြင်ခဲ့ရသေးသည်။ သဘာဝဒဏ်ကိုတော့ မလွန်ဆန်နိုင်သေးဘူးပေါ့။လူသားတွေနဲ့ ရာသီဥတု တိုက်ပွဲတွေက ခေတ်အဆက်ဆက် ဒီလိုပဲနေနေကြဦးမယ် ထင်ပါတယ်။

ရေချမ်းနဲ့ အိုဆာကာခန်ဆိုင်းလေဆိပ်နဲ့က ဘယ်လိုအကျိုးပေးလဲ မသိပါဘူး။ လေဆိပ်ကထွက်တော့လဲ သူတို့လူဝင်မှုကြီးကြပ်ရေးက ကောင်တာပေါ် စာအုပ်နီနီလေးလှမ်းတင်ပေးလိုက်တော့ မပေးပဲထွက်သွားမှာ ကျနေတာပဲ ဆတ်ခနဲ လက်ထဲကနေ အမြန်လှမ်းယူလိုက်ပြီး လူကိုအသေအချာကြည့်လိုက် စာအုပ်ကို အသေအချာကြည့်လိုက်နဲ့ အလွတ်များ ကျက်နေလားမှတ်ရတယ်။ပြီးတော့မှ စောင့်ကြီးအောင့်ကြီးနဲ့ ထွက်ခွာတုံးထုပေးလိုက်တယ်။ငါလဲ ဘာအမှားမှမလုပ်ပဲ စာအုပ်အရောင်ကြောင့် အတော်ကိုဝတ်ကျေတမ်းကျေနိုင်လိုက်တာဗျာ။လေဆိပ်ဆိုတာ လာလည်တဲ့သူတွေ နိုင်ငံရဲ့စတင်ကြိုဆိုရာ၊နှုတ်ခွန်းဆက်သရာ အဝင်အထွက် နိုင်ငံရဲ့တံခါးဝကြီးပဲလေ။ဘာပဲပြောပြော ရေချမ်းအတွက်တော့ ဒီလေဆိပ်ကြီးဟာ အေးစက်မှုနဲ့ကြိုဆိုပြီး ခြောက်သွေ့မှုနဲ့ နှုတ်ခွန်းဆက်သပါလားလို့ပဲ ထင်လိုက်တယ်။အမိမြေမှ ရေချမ်းပြန်အလာကို မျော်နေမယ့် ချစ်ဇနီးအေးမြရဲ့ နွေးထွေးတဲ့အပြုံးတွေနဲ့ ကြိုဆိုနေမှုကိုပဲ တမ်းတမိရင်း ဘန်ကောက်သို့ထွက်ခွာမည့် လေယာဉ်ကြီးပေါ်ကိုပဲ ခြေလှမ်းသွက်သွက်လှမ်းရင်း မကြာခင်ပဲ ငါပြန်လာတော့မည် အမိမြေရေလို့ ရေရွတ်လိုက်ပါတော့တယ်။

ဆက်လက်ကြိုးစားပါဦးမည်။

Thursday, October 1, 2009

နေဝန်းထွက်ရာမြေသို့


တနေ့သော တနင်္ဂနွေရုံးပိတ်ရက်မို့ ပလက်ကုလားထိုင်ပေါ်ထိုင်ရင်း ခြံထဲရှိ အရိပ်ကောင်းကောင်း သစ်ပင်အောက်တွင် အေးမြပြင်ဆင်ပေးသော ငကျီးခြောက်ဆီဆမ်းကလေးနဲ့ လက်ဖက်လေးကို မြုံဝါးရင်း ရေနွေးကြမ်းပူပူလေးကို မှုတ်သောက်ရင်း ဇရက်မင်းစီးစိမ်ယူနေပါသည်။ ဒီလိုနေ့လေးတွေက ရေချမ်းအဖို့ လောကနိဗ္ဗာန်ပဲလေ။

“ဗျို့ ရေချမ်းရေ၊…..ဗျို့ ရေချမ်း”

“ဟာ စည်သူပါလား။ဘယ်ကနေ လမ်းမှာပြီးရောက်လာတာလဲ ဂျာနယ်လစ်ကြီးရဲ့။” ဆိုပြီး ခြံထဲဝင်လာသော စည်သူကို ကြိုဆိုလိုက်တယ်။ဒီကောင်ကြီးက အခုလောလောဆည် ဟာသရပ်ဝန်းဂျာနယ်မှ ဂျာနယ်လစ်တစ်ယောက် ပြီးတော့ ကျွန်တော်ရဲ့ ငယ်ပေါင်းကြီးဖော်ဆိုလဲ မမှားဘူးလေ။ဒီကောင်က ဟာသဥာဏ်အတော်ရွှင်တာဗျ။သူကိုကြည့်ရင် ပျော်ပျော်ရွှင်ရွှင်နဲ့ တခါဘူးမှ စိတ်ညစ်နေတယ်ဆိုတာ မတွေဘူးသလောက်ပဲ။ငယ်ငယ်က ကျောင်းကပွဲအငြိမ့်တွေမှာ ဆိုရင်လဲ လူရွှင်တော်အမြဲဝင်လုပ်တဲ့ အကောင်။

“အေး ငါလဲ အရှုပ်တွေ လုပ်ရင်းနေရင်းကနေ အရင်နေတဲ့ အိမ်ကနေပြောင်းသွားရတော့လဲ မင်းဆီကို အရင်လို သိပ်ခြေဦးမလှည့်နိုင်ဘူး ဖြစ်သွားတယ်။မင်းနိုင်ငံခြားမသွားခင် ငါကိုလာနှုတ်ဆက်တာက နောက်ဆုံးပဲ။အဲဒီထဲက ငါမင်းကို မတွေ့ဖြစ်တော့တာ တစ်နှစ်လောက်တော့ ရှိသွားပြီထင်တယ်။”

“အေးကွာ အချိန်တွေကလဲ မနေ့တနေ့ကလိုပဲ။မြန်ဆန်လွန်းလိုက်တာ။”

“မင်းဘယ်တော့ ပြန်ထွက်ဦးမှာလဲ။ဒီတခါနေရင် အကြာကြီးနေကွာ။ပြန်မလာနဲ့။”

“သိပ်လဲ အထင်မကြီးပါနဲ့ကွာ။နိုင်ငံခြားတစ်ခေါက်ထွက်ဖို့ဆိုတာလဲ ထင်သလောက်မလွယ်ဘူးကွာ။ဟိုမှာ ကြာကြာနေဖို့ဆိုတာကလဲ ငါမှာက သားနဲ့မယားနဲ့ဆိုတော့ကာ သိပ်မဖြစ်နိုင်သေးဘူး။တစ်နှစ်လောက်နေပြီးရင်ကို မြန်မာပြည်အရမ်း ပြန်ချင်လာတာကွ။မိန်းမကို လွမ်းလာတာလဲ ဖြစ်မှာပေါ့။ဟုတ်တယ်မဟုတ်လား မြရေ။”

စည်သူအတွက် စားစရာများလာချပေးနေသော ဇနီးအေးမြကိုလှည့်ပြီး ပြောလိုက်ရသေးတယ်။ ဟဲ…သိတယ်မှတ်လား မိန်းမတွေဆိုတာ သူတို့အကြိုက် ဖားထားရတယ်။:P အေးမြကတော့ ဘာမှပြန်မပြောပဲ ပြုံးစိစိနှင့် ကျွန်တော်ပြောတာကို ထောက်ခံတဲ့ သဘောနဲ့ စားစရာတွေချပြီး အိမ်ပေါ်ကို ပြန်တက်သွားလေသည်။

“နိုင်ငံခြားဆိုတာ တကယ်တမ်းကျတော့ အထင်ကြီးစရာကြီးဖြစ်နေကြတာပါကွာ။တကယ်တမ်း အလုပ်လုပ်ကြရပြီဟေ့ ဆိုရင်တော့ မလွယ်ဘူးဟေ့ကောင်ရေ။ငွေကြေးတတ်နိုင်သူတွေ အလည်အပတ်သွားတာလောက် ကတော့ မဟာကံထူးရှင်တွေပဲပေါ့ကွာ။ငါတိုကျတော့ နိုင်ငံခြားမှာ ဒီလို ဘော်ကျော့သွားနေလို့ရမလဲ။သူတို့ကလဲ ပေးရတဲ့ငွေကြေးနဲတော့ တန်အောင်ကို ခိုင်းကြတာပဲကွ။အလုပ်လုပ်ကြသူ အချင်းချင်းကတော့၊ သူမသာ ကိုယ်အသုဘပါပဲကွာ။နောက်ပြီး ဟိုဟာဒီဟာတွေကလဲပေးရသေး၊ နောက်ပြီး အလုပ်လုပ်ခွင့်ကျရင်တော့ ကောင်းတာပေါ့ကွာ။ မဟုတ်ရင်တော့ ဟိုလူကိုကြောက်ရ၊ ဒီလူကိုကြောက်ရနဲ့။အခုလောလောဆယ်တော့ ငါကတော့ ဒီမှာပဲ ကြံဖန်ပြီး လုပ်ကိုင်စားဖို့ပဲ ရည်ရွယ်ထားတယ်။သူများအလုပ်ထက်စာရင် ကိုယ်ပိုင်လုပ်ငန်းလေး တစ်ပိုင်တနိုင်လောက် လုပ်ရင်ကောင်းမလားလို့။အခုလောလောဆယ်ကလဲ ဒီကုမ္ပဏီမှာပဲ လုပ်လာတာကြာပြီဆိုတော့ ကိုယ်ပိုင်စီးပွားရေးလေး မလုပ်နိုင်သေးခင်အချိန်ထိတော့ မှိန်းလုပ်နေရတယ်။”

“ငါက အခုမင်းဆီလာတာ မင်းဂျပန်မှာ ဘာတွေအတွေအကြုံရလားလဲ သိရအောင်လို့လာတာကွ။ ပြောစမ်းပါဦးကွ။မင်းရဲ့ ခေတ္တဂျပန်သွားတောလား အတွေ့အကြုံလေးတွေ။ငါအတွက်လဲ ကုန်ကြမ်းလေး ဘာလေးရအောင်ပေါ့ကွာ။”

“ဟေ့ကောင်ရ မင်းလို ဟာသရေးနေတဲ့သူက ဘယ်လိုလုပ်ပြီး ငါဆီက ကုန်ကြမ်းရမှာလဲကွ။ အဲတစ်ခုတော့ရှိတယ် မင်းသိတဲ့အတိုင်းပဲ ငါအတွက် အဲဒီလို နိုင်ငံခြားသွားတယ်ဆိုတာက ပထမဆုံးအကြိမ်ဆိုတော့ အတော့်ကို ဂွတိဂွကျနိုင်ခဲ့ရတာတွေရှိတယ်ကွ။”

“အေး ဘာဖြစ်ဖြစ်ပေါ့ကွာ။လင်းစမ်းပါဦးကွ။ဘယ်လိုဘယ်ပုံဆိုတာကို”

********************************************************************
ရေချမ်း ငယ်ငယ်က အရမ်းကို လေယာဉ်စီးဖူးချင်သည်။လေယာဉ်တွေ ကောင်းကင်မှာ ပျံသန်းသွားတာကို မြင်ရင် ဒါကြီးစီးလိုက်ရရင် ဘယ်လိုများနေနေလိမ့်မလဲဆိုပြီး ကလေးအတွေးလေးတွေ များစွာတွေးမိခဲ့ဖူးပေသည်။နဲနဲကြီးလာတော့လဲ သူငယ်ချင်းအချို့က နိုင်ငံခြားသွားကြတယ်ဆိုတော့ ကိုယ်လဲသွားချင်လိုက်တာ။နိုင်ငံခြားဆိုတာ ဘယ်လိုပါလိမ့်။ တီဗီတွေ၊ရုပ်ရှင်တွေထဲမှာတော့ မကြာခဏ ကြည့်ဖူး၏။မီးရောင်တွေ ထိန်ထိန်တောက်ပနေပြီး ကားတွေကလဲ တဝူးဝူးနဲ့၊ မိုးလောက်အထိမြင့်မားတဲ့ မိုးမျော်တိုက်ကြီးတွေနဲ့ အတော်ကို လှပနေမှာပဲဆိုတဲ့ အတွေးလေးတွေ ဖြစ်ခဲ့ဖူးရဲ့။

အမှန်တော့ ရေချမ်းမှာက ဒီလို အတွေးလေးတွေကိုသာ အိမ်မက်အဖြစ်မက်နေရတာ လက်တွေ့ သွားဖို့ကြတော့ ပေးရမယ့်အရင်းအနှီးက သိန်းကျော်ကြီးများတောင်။ဘယ်လိုလုပ် ဒီလောက်ပမာဏများတဲ့ငွေတွေ ပေးနိုင်မှာလဲ။ငွေချေးရအောင်ဆိုတော့လဲ ရေချမ်းအဖို့က မဖြစ်နိုင်ချေ။ဘာတွေကို အပေါင်အနေနဲ့ ထားရမှာလဲ။အဖေက အစိုးရလခစား၊ တစ်လတစ်လ အဖေရဲ့ လခလေးကိုပဲ အားကိုးပြီး ရေချမ်းတို့မောင်နှမတွေ ကြီးပြင်းလာရတာ။နေနေရတဲ့ အိမ်တောင်အစိုးရ ပေးထားတဲ့ ဝန်ထမ်းအိမ်။ဒါတောင်အဖေ အလုပ်မလုပ်နိုင်တော့ရင်တော့ မသေချာဘူး။ဒီလို ကျဉ်းမြောင်းပိတ်လှောင်နေတဲ့ ရေချမ်းအတွက်တော့ နိုင်ငံခြားသွားဖို့ဆိုတဲ့ အိပ်မက်တွေကို ရေသောက်ပြီး မျိုချလိုက်ရသည်။

ရေချမ်း ၁၀တန်းအောင်တော့ အိမ်အနားက ဦးလေးတစ်ဦးက ရေချမ်းကို ကုမ္ပဏီတစ်ခုမှာ သွင်းပေး၏။ စစလုပ်ခြင်းကတော့ အကူပေါ့။နောက်ပြီး ရေချမ်းအသက်ကလဲ ၁၈နှစ်မပြည့်သေးတော့ အမြဲတမ်း အလုပ်သမားမဖြစ်နိုင်သေး။အချိန်ပိုင်းနေ့စားသဘောနဲ့ အလုပ်သင်တောက်တိုမယ်ရပေါ့။ဟိုလူက ဟိုဟာတိုင်း၊ဒီလူက ဒီဟာခိုင်းနဲ့ ရေချမ်းရဲ့ အလုပ်စတဲ့ဘဝက ခေါက်ရိုးကျိုးပိပြားနေခဲ့ရတာပေါ့။နှစ်နှစ်လောက် လုပ်ကိုင်ရင်းကနေ ရေချမ်း ပုံမှန်ပါမာန့်နန့် ဝန်ထမ်းဖြစ်လာတာပေါ့။ရေချမ်းအဖေကလဲ ပြောတယ် ရိုးသားမှုနဲ့ သစ္စာရှိမှုဆိုတာ လခစားသမားတွေရဲ့လောကမှာ အလုပ်ရှင်တွေ သဘောအကျဆုံးတဲ့ ဆိုပြီးပြောပြထားတော့ ရေချမ်းလဲ ဒီအချက်တွေကို လက်ကိုင်သုံးစွဲတာကြောင့် တဖြေးဖြေး လုပ်သက်လေးနဲ့ ရာထူးလေးတွေ ရရှိလာပါတယ်။

ရေချမ်းရဲ့ ကံကောင်းမှုပဲ ပြောရမလား မျိုချထားခဲ့တဲ့ ရေချမ်းအိပ်မက်တွေ ပြန်ဆက်ဖို့ဖြစ်လာတယ်။ အထက်အရာရှိက ရေချမ်းကို ဂျပန်မှာရှိတဲ့ ရေချမ်းတို့ ကုမ္မဏီရုံးချုပ်ကို အလုပ်သင်သွားရဖို့ အရွေးခံရတယ်ပြောလာတယ်။ ပထမဆုံးအကြိမ် ကုမ္ပဏီက နိုင်ငံခြားသို့ စေလွတ်ခြင်းကြောင့် ရေချမ်းတစ်ယောက် စိတ်လှုပ်ရှားမိသည်။လုပ်သက် ရှစ်နှစ်တာကျမှ ဒီလိုအခွင့်အရေး ရလာတော့လဲ ပေးဆပ်ခဲ့ရမှုတွေ အတွက်လဲ ရေချမ်းတစ်ယောက် ချွေးသိပ်နိုင်တာပေါ့လေ။

အေးမြကတော့ တစ်ရွှေလုံးတစ်မျိုးလုံးကို လှည့်ပတ်ကြွားနေလေရဲ့။ ဟုတ်ပါ့ဒီလိုအခွင့်အရေးဆိုတာ ရေချမ်းမပြောနဲ့ အမျိုးတွေထဲမှာတောင် မရှိဘူးသေးဘူးလေ။တစ်ရပ်ကွက်လုံး ကလေးကော ခွေးပါ ရေချမ်းနိုင်ငံခြားသွားရမှာကို သိနေကြပြီလေ။အရင်က တခါဘူးမှ မလာလည်သော ဆွေမျိုးတွေကလဲ အထုပ်တွေအပိုးတွေနဲ့ အိမ်ပေါ်တက်လာကြသည်။ဘာလိုကြောင့် ရောက်လာတာလားလဲလို့မေးတော့ ရှင်နိုင်ငံခြားသွားတဲ့အချိန် ကျုပ်ဒီမှာ တစ်ယောက်ထဲ ကလေးတွေနဲ့ဖြစ်နေမှာဆိုးလို့ဆိုပြီး အေးမြ အမေရယ်၊ မောင်ရယ်၊ အဒေါ်လင်မယားတစ်သိုက်ရယ် ရေချမ်းအိမ်လေးပေါ်ကို အုံလိုက်ကျင်းလိုက်တက်လာကြပါတယ်။

သြော်…နိုင်ငံခြားရယ် ရောက်တောင်မရောက်ရသေးဘူး အထင်ကြီး လာစားမယ့်သူတွေက ရောက်နှင့်နေပြီ။နဂိုကမှ ပိုက်ဆံသိပ်မရှိလို့ နိုင်ငံခြားသွားရင်သုံးဖို့ ကုမ္ပဏီက ထုတ်ပေးတဲ့ ငွေယားကလေးတွေက မျက်ခုံးလှုပ်နေလေရဲ့။ဒီလိုတအုပ်တမကြီးကို ဒီခေတ်ကုန်ဈေးနှုန်းနဲ့ ဘယ်လိုလုပ်ပြီး ရေချမ်းတင်ကျွေးရပါ့မလဲ။နောက်ပြီး သွားတောင်မသွားရသေးတာ အပြန်ကြရင် လက်ဆောင်တွေဝယ်လာခဲ့ဖို့ သူတို့က မှာလိုက်သေးရဲ့။မရှိမကောင်းရှိမကောင်းတဲ့ ရွှေမျိုးတွေပါလားနော်။ အေးမြ…အေးမြ ယောင်္ကျားခရီးရှည်သွားခါနီး ဒီကတော့ အတိုးချပြီးချစ်မယ်ကြံတုန်း အိမ်မှာ ခြေချစရာနေရာ မရှိအောင်ကို သူ့အမျိုးတွေခေါ်တင်ထားလိုက်ပေသည်။

*******************************************************************
မနက်မိုးအလင်း လေယာဉ်ကွင်းမှာပဲ ရုးံက အတူတူသွားရမည့် သူငယ်ချင်းနဲ့ ဆုံဖို့ချိန်းထားသည်။အရေးထဲ ရွှေမျိုးတွေကလဲ လေယာဉ်ကွင်းမရောက်ဖူးလိုဆိုပြီး လိုက်လာခဲ့ကြတာ တက်စ်စီကားနှစ်စီးအပြည့်ပင်။ဒါတောင် ဗုစုခရုတွေကို အိမ်နီးချင်းတွေနဲ့ အပ်ပြီးထားခဲ့ပေလို့သာရယ်။နိုမိုဆိုမလွယ်ဘူး။အခုတော့လဲ ငယ်ငယ်ကအရမ်းစီးချင်ခဲ့တဲ့ လေယာဉ်ကြီးကို ရေချမ်းတစ်ယောက် စီးရတော့မှာပါလား။လူတွေရဲ့ ကုသိုလ်ကံ အလှည့်အပြောင်းပေကိုး။တကယ်စီးရပြီဟေ့ဆိုတော့ ရေချမ်းတစ်ယောက် ရင်တွေဘာတွေတုန်လို့ အဆိုတော် ဗဒင် သီချင်းထဲကလို ဖုတ်လိုက်ဖုတ်လိုက်ပေါ့။အေးမြနဲ့ စချိန်းစဉ်ကလို ရင်ထဲမှာ ဗျောင်းဆန်နေတာပဲ။:P လေယာဉ်ပေါ်လဲကျရော ရေချမ်းလဲ ဘယ်မှာထိုင်ရမှန်းမသိ။လက်မှတ်မှာ ထိုင်ခုံနံပါတ်ပါမှန်းလဲမသိ။တွေရာ ခုံအလွတ်တစ်လုံးကို ဝင်ထိုင်လိုက်ပါရော။ပြီးတော့ လေယာဉ်ထဲမှာ ဟိုဟာကိုင်ကြည့် ဒီဟာကိုင်ကြည့်နဲ့ မျောက်အုန်းသီးရသလိုပေါ့။ထိုင်ခုံမှာလဲ ငြိမ်ငြိမ်လေးမထိုင်နိုင် တောင်လှည့်ကြည့်၊ မြောက်လှည့်ကြည့်နဲ့။ဟဲဟဲ ကြုံတုန်းရတဲ့ အခွင့်အရေးလက်မလွတ်အောင် စပ်စုနေတာလေ။ခဏကြာတော့ လူတစ်ယောက်က အနားလာပြီး

“ဟေ့လူ ဒါကျုပ်စီးရမယ့်နေရဗျ။ကိုယ့်လက်မှတ် ကိုယ်ပြန်ကြည့်ဦး။ပြစမ်းပါဦး ခင်ဗျားလက်မှတ်။ဟာ ခင်ဗျားခုံက နောက်တစ်ခုံကျော်မှာဗျ။”

ကျုပ်လဲ ဘာပြောရမှန်းမသိ ယောင်နနနဲ့ နောက်တစ်ခုံကျော်ကို လှမ်းကြည့်လိုက်တော့
ရုံးက သူငယ်ချင်းက အခန့်သာထိုင်နေတာကိုး။ဒါနဲ့ ကျုပ်လဲ လက်ဆွဲအထုတ်ကလေးကိုင်ပြီး နောက်ခုံကို ရွှေထိုင်လိုက်တယ်။

“ကျုပ်က အဲဒီနေရာ ခင်ဗျားထိုင်ခုံမှတ်ပြီးထိုင်နေတယ်ထင်လို့ လှမ်းမခေါ်တာ။လာလာ ဒီမှာ ခင်ဗျားထိုင်ခုံက ဒီမှာ”

“သြော် မသိလိုပဲ ဂလိုမှန်းသိရင်တော့ ဘယ်…အဲဒီထိုင်ခုံ ကျုပ်သွားထိုင်မတုန်းဗျ။”

အခုမှ လူမှန်နေရာမှန် ရေချမ်းတစ်ယောက် ရောက်လာသည်။ညတုန်းက ခရီးသွားရမယ့် ဇောနဲ့ တော်တော်နဲ့ အိပ်မပျော်ခဲ့ဖူး။အိပ်ယာထဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ တောင်တွေးမြောက်တွေးတွေးနေပြီး မိုးလင်းခါနီးမှ တစ်ချက်မှေးခနဲ အိပ်ပျော်သွားခဲ့တာ။အခုလေယာဉ်ပေါ်ရောက်တော့ ဒီမျက်လုံးတွေက ထိန်းမနိုင်သိမ်းမရ ငိုက်မျည်းလာတော့သည်။

ခဏလေးကြာတော့
“လူကြီးမင်းရှင့် တဆိတ်လောက် လက်ထဲက အိတ်ကြီးကို အပေါ်တင်ပေးထားပါရစေရှင့်။”
(အမှန်တော့ အင်္ဂလိပ်လိုပြောတာပါ။ အဆင်ပြေသလို ဗမာလိုသုံးလိုက်တာပါဗျာ။)
ဒီလိုမျိုး ချိုသာတဲ့အသံလေးကြားရတော့ မှိတ်နေတဲ့မျက်လုံးကို ကဗျာကယာဖွင့်ကြည့်လိုက်တော့ ပြုံးပြနေတဲ့လေယာဉ်မယ်လေးက ရေချမ်းရင်ဘက်ထဲပွေ့ထားတဲ့ လက်ဆွဲအိတ်ကြီးကို လှမ်းယူပြီး အပေါ်က ခရီးဆောင်အိတ်ထားတဲ့နေရာမှာ ထည့်လိုက်ပါတယ်။ ဘယ်သိမတုန်းဗျ။ ရောက်ရောက်ချင်းလဲ ထိုင်နေတဲ့ခုံကို သူများက သူခုံဆိုပြီးနေရာလာ ဖယ်ခိုင်းတယ်။ နောက်ဒီနေရာရောက်တော့လဲ အိပ်ချင်စိတ်နဲ့ မျက်လုံးပိတ်ထားလိုက်တော့ အခြားလူတွေ သူတို့အိတ်တွေကို ဒီလိုထည့်ထာမှန်းမသိလိုက်ဘူး။နောက် ရေချမ်းတို့ရွာပြန်နေတဲ့အခါ အဝေးပြေးကားစီးတော့လဲ ဒီလိုပဲ ကိုယ့်အထုပ်လေးတွေကိုယ် ရင်ဘတ်ထဲထည့်စီးနေကြဆိုတော့။ ဒီလိုမလုပ်မိတာ ရေချမ်းအပြစ်တော့ မဟုတ်ရပါဘူးနော်။

ဒီလိုမျိုး အဖြစ်အပျက်ခပ်ဆင်ဆင်တွေက ရေချမ်းမြန်မာပြည်ကြီးကထွက်လာပြီး ဂျပန်ရောက်တဲ့အထိကို တမျိုးပြီးတမျိုး ရိုးလိုပင်မသွားနိုင်အောင်ပါပဲ ဖြစ်ပျက်တွေ့ကြုံခဲရဖူးတယ်။နောက်ဘန်ကောက်လေယာဉ်ကွင်းထဲမှာလဲ လေယာဉ်ပြောင်းစီးဖို့နေရာရှာနေတာနဲ့ လေယာဉ်ပြောင်းစီးဖို့လဲ နောက်ကျသွားသေးတယ်။ လေယာဉ်ကွင်းထဲမှာကလည်း ကြည့်ချင်စရာလေးတွေက အများသားဆိုတော့ ရေချမ်းတို့လို အူကြောင်ကြောင်ရွှေများအဖို့တော့ မျက်စိသူငယ်အိမ်တောင် စောင်းသွားမလားမှတ်ရတယ် ဟိုငေးဒီငေး ကျီးကန်းတောင်မှောင့်နေနေတာနဲ့ လေယာဉ်ပြောင်းစီးရမယ့်နေရာကို တော်တော်နဲ့ ခရီးမလှမ်းနိုင်ဖြစ်နေတယ်။

နောက်စီးရမယ့်လေယာဉ်ပေါ်ကိုလဲ အချိန်မှီလက်မတင်လေးရောက်သွားလို့ပေါ့။ဂျပန်ကို ပျံသန်းမယ့် လေယာဉ်ကြီးကလဲဗျာ ဧရာမငှက်ကြီးတစ်ကောင်အလားပဲ။ ရန်ကုန်ကစီးလာတဲ့ အကောင်နဲ့ကျတော့ ဒီအကောင်ကြီးနဲ့ယှဉ်တော့ အဖေနဲ့ သားအရွယ်ပဲ။ဟိုလေယာဉ်လေးကျတော့ အစာငတ်ရေငတ်နေသလို ပိန်လှီခြောက်သွေ့နေတယ်။ရေချမ်းအဖို့တော့ လေယာဉ်အတက်အဆင်းတွေဆို ရွတ်လိုက်ရတဲ့ ဂါထာတွေ၊ ရထားသမျှအားလုံး ကုန်စုံအောင်ပါပဲ။ ကြောက်လွန်းလို့ ထိုင်နေရင်းကနေ ဒူးနှစ်ဘက်ကိုပူး နီးစပ်ရာ ဘေးလက်တန်းတွေကို ဆုပ်ကိုင်ရင်းကနေ လေယာဉ်ကြီး ပျံထွက်သွားတဲ့နောက် ကြောက်ကြောက်ပါအောင် လိုက်သွားရတယ်။

လေယာဉ်ကြီးကောင်းကင်ပေါ်ရောက်သွားလို့ ငြိမ်သက်သွားတာတောင် ရွတ်လက်စ ဂါထာတွေကိုတောင် မရပ်နိုင်သေးဘူး။နားကလဲ တဝူးဝူးနဲ့ဘာမှ ကောင်းကောင်းမကြားရဘူး။ ဘေးက သူငယ်ချင်းက စကားလာပြောတာတောင် ကိုယ်မှာနားထောင်နေသလိုလို ခေါင်းတငြိမ့်ငြိမ့်နဲ့ နေနေရတယ်။ကလေးတွေ အိမ်မှာငှားကြည့်နေတဲ့ အခွေတွေထဲကလို လေယာဉ်ကြီးပျံနေရင်း ပျက်ကြရင် ဘယ်လိုလုပ်မလဲ၊ စသဖြင့် ဟိုဟိုဒီဒီအတွေးတွေကလဲ ဝင်လာသေး။အချိန်နဲနဲကြာလာတော့ လေယာဉ်ကြီးကလဲ ငြိမ်သက်သွားမှ ရေချမ်းရဲ့စိတ်တွေလဲ တဖြေးဖြေး ပြန်လည်တည်ငြိမ်လာတယ်။

စားရမယ်အချိန်ရောက်လာတော့ လေယာဉ်မယ်လေးတွေက အလုပ်တွေရှုပ်လာကြပါပြီ။ ဘာစားမလဲလိုဆိုပြီး စားစရာမီနူးကတ်တွေ လာပေးထားတာတောင် ရေချမ်းအဖို့ ဘာရွေးရမှန်းမသိလို့ ဘာလာကျွေးကျွေးအကုန်စားမယ်လို့ ဆုံးဖြတ်ထားတယ်။သူငယ်ချင်းကို မေးတော့လဲ သူကလဲ ရေချမ်းလိုပဲ ဘာစားစရာရွေးရမှန်းတောင် မသိဖြစ်နေတယ်။ လေယာဉ်မယ်လေး အနားရောက်ပြီး ဘာစားမလဲမေးတော့ သွားကြီးဖြဲပြီးပြုံးပြလိုက်တယ်။ လေယာဉ်မယ်လေးလဲ ယောင်အမ်အမ်ဖြစ်သွားပြီး သူလဲဆွဲမိဆွဲရာ လက်ထဲပါလာတဲ့ စားစရာဗန်းကြီးကိုယူ၊ ဘေးကပ်ထားတဲ့စားပွဲလေးကို ဖြန့်ခင်းပြီး အဲဒီပေါ်ကိုတင်ပေးလိုက်တယ်။ ရေချမ်းတို့များ စားစရာလာချပေးတာတောင် ဘေးတွဲစားပွဲခုံလေး ဘယ်လိုထုတ်ရမှန်းမသိလို့ ထုတ်မထားမိလိုက်ဘူး။ဟိဟိ တုန်းပါပေ့ ကိုရေချမ်းရယ် လို့သာ ကိုယ်ဘာသာကိုယ် ရေရွတ်လိုက်မိပြန်ပါတော့တယ်။


ဆက်ရန်........
ဆက်လက်ကြိုးစားပါဦးမည်။



Monday, September 28, 2009

ခရမ်းရောင်လွင်ပြင်


















ခရမ်းရောင်လွင်ပြင်
(မြန်မာအမျိုးသမီးသရုပ်ဆောင်သော အင်္ဂလိပ်ကား)


ကျွန်တော် ငယ်ငယ်က ကျွန်တော်အင်္ဂလိပ်စာဆရာမက ဒီကားအကြောင်းကိုပြောပြစဉ်ကတည်းက ဒီရုပ်ရှင်ကားကို ကျွန်တော်အရမ်းကို ကြည့်ချင်နေမိတယ်။နိုင်ငံခြားရောက်တော့လဲ ဒီကားကို အသည်းအသန်ရှာကြည့်တယ်။ အကုန်လုံးက ပိုက်ဆံပေးပြီး အွန်လိုင်းမှာဝယ်လို့တော့ရတယ်။ ကျွန်တော်အတွက်တော့ မလွယ်ကူဘူးပေါ့။ နောက်ပြီး U-tube ကနေရှာပြန်တော့လဲ တင်ထားတာတွေက တပ်ပိုင်းတစနဲ့ အစအဆုံးလဲမရှိကြဘူး။နောက် လန်ဒန်က ကျွန်တော်မိတ်ဆွေအဖွားကြီးက ဘာလက်ဆောင်ယူမလဲဆိုတော့ ကျွန်တော်က ဒီကားရယ် Wuthering Heights ရယ်နှစ်ကားကို ကျွန်တော်က ဒီရုပ်ရှင်နှစ်ကားကိုမှာတယ်။

သူလဲ ကျွန်တော်အတွက်နဲ့ အတော်ကို အလုပ်ရှုပ်သွားပါတယ်။မှာတဲ့ကားတွေ အားလုံးက ကားအဟောင်းတွေ။ကျွန်တော်မှာတဲ့အထဲက Wuthering Heights တစ်ကားထဲရပြီး ဒီကားကြတော့ ဝယ်လို့မရဘူးလို့ပြောတယ်။ဒီကားက ဗမာပြည်မှာတောင်ရိုက်ခွင့်မရပဲ သီရီလင်္ကာမှာ("Bridge on the River Kwai"ရုပ်ရှင်ရိုက်တဲ့နေရာမှာပါ။) သွားရိုက်ရတယ်။ဒါရိုက်တာRobert Parrishက အဲဒီအချိန်တုန်းက နာမည်ကြီးနေကြတဲ့ မြန်မာအမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်တွေကို တောင်မသုံးပဲ။မင်းသမီးအသစ်ရွေးဖို့ မြန်မာပြည်လာပြီး ဒီကားအတွက် ရုပ်ရှင်မင်းသမီးအသစ်ရွေးပွဲ ကျင်းပပါတယ်။

ဒီရွေးချယ်တဲ့ပွဲကို ကျွန်တော်တို့ နိုင်ငံတော်အတွက် ကျိုးပမ်းသွားကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ (ဗိုလ်ချုပ်အောင်ဆန်းရဲ့အကို ဦးအောင်သန်းပါ)ရဲ့ဇနီး ဒေါ်ဝင်းမင်းသန်းကလဲ လာရောက်ကြည့်ရှု အားပေးတာကို ဒါရိုက်တာကြီးက တွေ့သွားပြီး ဒေါ်ဝင်းမင်းသန်းရဲ့ ဗမာနဲ့ ဂျာမာန်ကပြားစပ်တဲ့ ရုပ်ရည်ကို သဘောကျသွားပြီးသူနဲ့ပဲ ဒီဇာတ်ကားကြီးကို ရိုက်ကူးဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

အဲဒီအချိန်က ဒေါ်ဝင်းမင်းသန်းဟာ သီရီစင်္ကြာနှင့်စင်္ကြာကုမ္ပဏီ(Thiri Sett Kyar & Sett Kyar Co;)ရဲ့ မန်နီဂျင်းဒါရိုက်တာတစ်ဦးပါ။နောက်ပြီး ဒီဇာတ်လမ်းလေးကို ရေးတဲ့စာရေးဆရာ H. E. Bates ကလဲ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ကိုနောက်ခံထားရေးဖွဲ့ထားတဲ့ အချစ်နဲ့ စစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒေါ်ဝင်းမင်းသန်းနဲ့အတူ အဲဒီအချိန်က ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး Gregory Peck နဲ့အတူရိုက်ကူးထားတာပါ။ဒီဇာတ်ကားဟာ သူအချိန်က ကမ္ဘာကျော် Top Ten စာရင်းမှာ နှစ်အတော်ကြာအောင် တည်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။


ကဲဒီလောက်နဲ့တင် ဒီဇာတ်ကားကို ကျွန်တော်ဘာကြောင့် စွဲလန်းခဲ့ရတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ဒီဇာတ်ကားကို ကျွန်တော်နောက်ဆုံး Torrent တွေထဲမှာရှာတွေခဲ့ပါတယ်။ဒါကြောင့်မို့ မြန်မာရုပ်ရှင်သမိုင်းထဲမှာ မဝင်ခဲ့ရပေမယ့် အဲဒီအချိန်တုန်းကတည်းက မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းမင်းသန်းဟာ ကမ္ဘာရုပ်ရှင်လောကမှာတော့ ခေတ်စားသွားစေခဲ့ပါတယ်။


နောက်ဆက်တွဲအနေနဲ့ သိခဲ့ရတာကတော့ ဒေါ်ဝင်းမင်းသန်းဟာ နိုင်ငံခြားတိုင်းပြည် တစ်နေရာမှာတော့ ရှိနေသေးတယ်ဆိုတာပါပဲ။ကျွန်တော်ရဲ့ အင်္ဂလိပ်စာဆရာမကြီးဟာလဲ ဝေလနယ်သူ(Wale) အာဇာနည်သူရဲကောင်း ဦးရာဇာတ်ရဲ့ ချွေးမတစ်ဦးပါ။ဒီဇာတ်ကားနဲ့ပဲ ဆရာမကြီးကို လွမ်းဆွတ်လိုက်ရပါတယ်ဗျာ။ဆရာမကြီးတစ်ယောက် ကျန်းမာပါစေ။သူလဲပဲ အခုဆိုရင် အတော်ကို အသက်အရွယ်ကြီးရင့်နေပါပြီ။

ခရမ်းရောင်လွင်ပြင် Purple Plain 1954 -(၁)



ခရမ်းရောင်လွင်ပြင် Purple Plain 1954 -(၂)


ခရမ်းရောင်လွင်ပြင် Purple Plain 1954 -(၃)



ခရမ်းရောင်လွင်ပြင် Purple Plain 1954 -(၄)



နောက်ဆက်တွဲများကို Utube ကနေ ဆက်လက် အားပေးနိုင်ပါတယ်။

အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)

ဆက်လက်ကြိုးစားပါဦးမည်။





Friday, September 11, 2009

Nine In The Nine

နဝင်းတွေထဲက "ကိုး"

နဝင်းဓာတ်သတ်တွေနဲနေ့
ဆင်းသက်ရောက်ရှိလာပေမယ့်
ဘယ်လိုမှတောင်
ခေါင်းပြူပြီးမကြည့်လိုက်နိုင်ဘူး
ခေါက်ရိုးကျိုး နိစ္စဒူဝတွေနဲ့
လုံးလည်ချာလည်ရိုက်လို့
ဗျာများနေတယ်လေ။

ထိုနေ့လေးပဲ
၀၉း၀၉း၀၉မှာ
ရထားမဲ့မြို့လေးထဲ
မှော်ရထားတစ်စင်း
စတင်အသက်ဝင်လာပြီလေ
ကြိုဆိုပါတယ်......
ကြိုဆိုပါတယ်......
မင်းကြောင့် သွားလာရေး
အချိုးပြေတော့မှာပေါ့။

ကိုးဂဏန်းညနေခင်း
အိမ်မက်အပိုက်ခွဲကိုး စွဲကိုင်
ကိုအငဲ "ကိုး" နားဆင်
ရေနွေးချမ်း ကိုးခွက်ဆင့်ပြီး
မြိန်မြိန်ယှက်ယှက်
သောက်သုံးလိုက်ပုံများ
"ငါ" ကို ငါတောင်
ဂန္တာဝင်ဆန်ချင်စမ်းပါဘိ။

ကိုးရက်ကိုးလနှစ်ထောင့်ကိုးခုနှစ်မှာတော့ ကျွန်တော်တို့ရဲ ကိုကြီးအငဲကလည်း သူရဲ့ စီးရီးသစ်ကလေးဖြစ်တဲ့ "ကိုး"ဆိုတာကို ထုတ်ဝေခဲ့ပါတယ်။ကိန်းဂဏန်းနံပါတ်တွေကို သူအတော်ကြိုက်ပုံရပါတယ်။သူစီးရီးနာမည်တွေဟာ ဆဌမအာရုံ၊ ခုနှစ်ထွေအက စသဖြင့် အက္ခင်္ရာတွေဆိုးမိုးမှုကိုတွေ့ရှိရပါတယ်။မြန်မာတွေအနေနဲ့ ကိုးဆိုတဲ့ ဂဏန်းဟာ နဝင်းဓာတ်ဆောင်တဲ့ အတွက် ကျွန်တော်ကတော့ ဒီ ၀၉.၀၉.၀၉မှာ နံနက် ၀၉း၀၉း၀၉ မှာတော့ ခေါက်ရိုးကျိုးနေတဲ့ နိစ္စဒူဝအလုပ်တွေနဲ့ ဗျာများနေတာနဲ့ပဲ အဲဒီအချိန်လေး ဘယ်လိုဖြတ်သန်းတိုက်ခတ်သွားတယ်ဆိုတာ မသိလိုက်ရပါဘူး။

ဒါနဲ့ပဲ အားတင်းပြီး ညနေကျတော့ 09:09:09pm မှာကျတော့ နဝင်းဓာတ်ဆောင်အောင်လိုတော့ အကြည်တော်ရဲ့ အိမ်မက်အပိုက်ခွဲ ကိုး ဆိုတဲ့ ဝတ္ထုလေးကိုဖတ်ပြီး ဒူဘိုင်းမှာ ပထမဆုံးစတင်ဖွင့်လှစ်မယ့် မက်ထရိုထရိန်းကို သတင်းထဲကနေစောင့်ကြည့်ပြီး ကြိုဆိုလိုက်တယ်။ ကြိုဆိုပါတယ်မီးရထားကြီးရေ လို့ ကိုးကြိမ်ကိုးခါ အော်ကြိုမိတယ်။ဟုတ်တယ်လေ ရထားမဲ့ မြို့လေးတစ်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေထဲက အနဲနဲ့ အများရုံး ထွက်နိုင်တော့မယ်လေ။ နောင်ဆိုလဲ ဘစ်စကားသာ အားကိုးနေရတဲ့ ကျွန်တော်အတွက်တော့ ရွေးချယ်ခွင့်လေးရှိလာပြီးပေါ့။ဘုတ်တက်စီကြတော့ ခဏခဏမစီးနိုင်ဘူးလေ။အခြေခံကျနေတဲ့ ဖိနပ်လိုလူစားမျိုးကျတော့ ဒီဘုတ်စီးခက အတော်ကို ခါးချိတယ်ဗျ။
နောက်တနေ့ကျတော့ ကိုကြီးအငဲရဲ့ခွေကို အသဲအသန်နားထောင်ချင်တာနဲ့ပဲ နက်ထဲက ဒေါင်းပြီး နားထောင်တယ်။သူရဲ့ မူအတိုင်းပါပဲ သီးချင်းလေးတွေက သုံးလေးခေါက်လောက် နားထောင်ကြည့်လိုက်မှ သီချင်းသံစဉ်လေးတွေက သူ့အကန့်နဲသူ နားထဲဝင်ဆန့်သွားတယ်။ အရင် ခြေလှမ်းကျဲကျဲကြီးနဲ့ စီးမျောလာတာကတော့ "အိမ်" ဆိုတဲ့ အပုဒ်ပါ။ကျွန်တော်ကိုနှိုက်က သာမရိုးကျ ဒဿနလေးတွေကို အသည်းစွဲတော့ ဒီသီချင်းလေးက ဟက်ထိသွားတယ်ဆိုမလားပဲ။ လောလောဆယ်တောင် ဒီလ အကြိုက်ဆုံးသီချင်းထဲမှာ သွားပြီးခင်းထားလိုက်တယ်။ကဲ "ကိုး" ကို စမ်းနားထောင်ချင်ရင်---

အိမ်(အငဲ)
မယုံနိုင်ဘူး(အငဲ)
ဗျူဟာ(အငဲ)

ကိုး
၁။ငရဲတစ်ပိုင်း
၂။မယုံနိုင်ဘူး
၃။အမှတ်တရဒဏ်ရာ
၎။ဗျူဟာ
၅။မီးမရှို့နဲ့
၆။အိမ်မက်ပုံပြင်
၇။မုဆိုး
၈။နောက်ဆုံးမိနစ်
၉။ကြိုတင်ကြံစည်မှု
၁၀။အိမ်
၁၁။ငါ့စိတ်နဲ့ငါ
၁၂။ငါသေနိုင်တယ်

ဒေါင်းဖို့အတွက်တော့............."ဒီမှာ" ယူပါ။
ဆက်လက်ကြိုးစားပါဦးမည်။

Tuesday, September 8, 2009

နိစ္စဒူဝအပိုင်းအစအချို့

စာမရေးဖြစ်တာ ကြာသွားလို့ လာရောက်လည်ပတ်ပြီးမေးသွားကြတဲ့ ဘလောခ်ရောင်းရင်းပေါင်းအသင်းများကို တောင်းပန်သမှု ဂါရဝပြုလိုက်ရပါတယ်။ စာရေးချင်စိတ်လေးကရှိပါတယ်။ဘလောခ့်ပေါ် ခြေဦးမလှည့်နိုင်လောက်အောင်ကို အလုပ်တွေပိပြားနေလိုပါ။
အခုလဲ မနှင်းက စာရေးငပျင်းအကျွန်တော့်ကို ငယ်ရွယ်စဉ်က ကျောင်းက ဆရာမက အိမ်စာပေးသလို အိမ်တိုင်ရာရောက်လာရောက် အိမ်စာတွေပေးသွားတဲ့အတွက် လာမည့်အရေးပြေးတွေ့ဆိုသလိုပါပဲ ကြံရည်ညစ်သလို ဖြစ်ညစ်ပြီး ရေးသားလိုက်ရပါတယ်။
နဂိုထဲက ကျွန်တော်စာတွေကို လာရောက်အားပေးကြတဲ့ ဘလောခ်ရောင်ရင်းပေါင်းအသင်းတွေအပေါ် လာရောက်လည်ပတ်သွားရင်းနဲ့မှ ကျွန်တော်ရဲ့ စာပေပြခန်းလေးထဲမှ အကုန်မဟုတ်ရင်တောင်မှ တစ်ခုခုဆီလောက် အကျိုးရရသွားကြတယ် ဆိုရင်ကို ကျွန်တော်အနေနဲ့ ပျော်ရွှင်ကြည်နူးရတာအမှန်ပါ။စာသိပ်မရေးဖြစ်ချိန်မှာ လာရောက်လည်ပတ်ကြတဲ့ သူငယ်ချင်းမောင်နှမ ညီအကိုတွေကိုလဲ ကျေးဇူးအထူးပါ။ တတ်နိုင်သလောက်လဲ ကြိုးစားရေးသားပါဦးမယ်။ အားပေးကြပါဦး။ ကူညီဖတ်ပေးကြပါဦး။ ဝေဖန်အကြံဥာဏ်လေးများးလဲ ပေးကြပါဦး။ ကော်မန်လေးတွေရရင်ကို ဘာနဲမှ နှိုင်းမရတဲ့ အားဆေးကောင်းတခွက် ဘလောခ်မော်ကွန်းလေးတွေပါပဲ။


လူရယ်လို့ ဖြစ်လာကြရမှတော့ လူသားဆန်ဖို့အတွက်တော့ နိစ္စဒူဝ သွားလာရှင်သန် လှုပ်ရှားရုန်းကန်ကြရမှာတော့ မလွဲဘူးလေ။
ရေဘူယျကတော့ နေ့ဆိုရင် အလုပ်လုပ်ကြမယ်၊ ညဆိုရင် အိပ်စက်အနားယူကြမယ်။
တခါတလေ တချို့သူတွေအတွက်တော့ပြောင်းပြန်အချိုးကြချင်ကြနေမယ်။ အများစုစာအတွက်ကြတော့ ဒါဟာပုံသေနည်းပဲ။
အဲဒီသီအိုရီလေးပေါ်မှာပဲ အနဲနဲ့အများ ဖြေရှင်းနေထိုင်သွားကြရတယ်။ တနေပြီးတနေ့ ဟော.....မနက်ရောက်လာပြန်ပြီ၊ နိစ္စဒူဝအလုပ်တွေ သိမ်းကြုံးလုပ်ကိုင်ရင်း ဟော.....မိုးချုပ်သွားပြန်ပြီ။
သြော်............တခါတလေကြတော့လဲ အချိန်တွေရယ်........ ကုန်လွယ်လိုက်တာ..... နဲတောင်နဲများနေသလားလိုထင်မိတယ်။
တခါတလေများကြပြန်တော့ အချိန်တွေက မကုန်နိုင်မခမ်းနိုင်သလိုပဲ နှေးနေတယ်လိုပင်ထင်ရမိသည်။လူ့အလို နတ်မလိုက်နိုင်သလိုထင်ပါ့။ 

ပျော်ရွှင်မှုတွေ၊သာယာမှုတွေအနားမှာ ရောက်ရှိနေချိန်ဆို လူသားသဘာဝအတိုင်း ဒီလိုအခွင့်အရေးမျိုးတွေကို အချိန်တိုတိုအတွင်း လက်လွှတ်လိုက်ရမှာကို စိုးရွှံလိုနေမိပြန်တယ်။

တခဏတာလေး သာယာပျော်ရွှင်မှုမျိုးကို ရာသက်ပန် လိုလားပိုင်ဆိုင်မှု အတ္တလေးနဲ့ ဖြားယောင်းနေမိတယ်။ 

တဒင်္ဂ အခိုက်အတန်းကလေးအတွင်းမှာပဲ သင်္ခါရဆိုတာကြီးကို လစ်လျုရှုပြီး မှော်ဆန်ဆန်သွေးဆောင်မှုတွေ ပေါ်မှာပဲ မူးယစ်မျောပါနေမိတော့တယ်။
ဟော....ဒုက္ခတွေ၊ ပြသာနာတွေ လာပြီဆိုရင်တော့ လူသားဆန်ဆန် အော်ဂလီဆန်စွာနဲ့ ငြင်းပယ်လိုတာပဲ။

ဒါပေမယ့် ဒီလိုကောင်တွေကြတော့လဲ လှိုက်လှဲပျုငှာစွာနဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ ခရီးဦးကြိုမပြုချင်ကြဘူးလေ။
ဒါကိုပဲ လောကဓမ္မတာအရ အလိုက်ကမ်းဆိုးမသိပဲ အစုလိုက်အပြုံလိုက် လာလိုက်ကြတာကတော့ ဒုက္ခကိုယ်တော်ပါပဲ။
သူလာပြီဆိုလို့ကတော့ နာဂစ်မုန်တိုင်းလိုပါပဲ အထက်လှန်အောက်ဆန် ဗြောက်သောက်မြန်အောင်ကို ခလောက်ဆန်သမတော့တာပဲ။
အခန့်မသင့်ရင်များ ဗူစီဘောင်းတွေ တဖောင်းဖောင်းပေါက်သလိုပါပဲ အရင်က လမ်းကြုံရောက်လာတဲ့ ပျော်ရွှင်စရာလေးတွေဟာ အိပ်မက်တွေ ပေါက်ပြယ်လွင့်ကွယ်ကုန်ပါတယ်။
ဒီလိုမျိုးကြောင်းကျိုးလေးတွေကတော့ နိစ္စဒူဝကူးလူးသွားလာနေကြတဲ့ မဟာလူသားအကျွန်မျိုးတို့ထံကို လာရောက်ဘောင်ဘင်ခတ်လေ့ရှိနေကြတဲ့ နိစ္စဒူဝအပိုင်းလေးတွေထဲက မလွဲမသွေတွေကြုံနေကြရမယ့် အပိုင်းအစလေးတွေပါပဲ။
ပျော်ရွှင်မှုတွေ ကြာရှည်ခိုအောင်းပြီး ဒုက္ခဘေးဆိုးကြီးမှ ကင်းစင်လွှတ်မြောက်နိုင်ကြပါစေ။