Sunday, November 29, 2009

☣ နှစ်ချို့ဘလက်ကော်ဖီ ☣

 Image Hosting

နှစ်ချို့ဘလက်ကော်ဖီ

နွေနှင်းပန်းတို့ ပွင့်လန်းချိန်တွင် လသည် သာယာသော သဘောရှိသည်။ ငြိမ်သက်တိတ်ဆိတ်မှုထဲမှ ရထားဥသြသံအချို့ သဲ့သဲ့ညှင်းညှင်းကြားရသည်။ အဆူညံဆုံးအသံကား နာရီလက်တန်၏ လှုပ်ခါချက်ဖြစ်သည်။အိမ်မြောင်စုပ်ထိုးသံကိုလည်း ရံဖန်ရံခါ ကြားရသည်။ ခွေးအူသံအချို့ နှင့် ကားဘီးပွတ်သံအချို့လဲ ထိုညတွင် မှော်ဝင်စားလေသည်။ခပ်ဝေးဝေးမှ ညှင်းသဲ့တိုက်ခတ်လာသောလေ၏ အေးစက်မှုသည် ညကိုအသက်ဝင်စေသည်။ ပိုးစိမ်းကောင်လေးများ လမ်းမီးရောင် မှိန်မှိန်အောက်တွင် အတုံးအရုံးတိုက်ပွဲကျနေကြသည်။ အသက်ရှုသံအချို့ လဲပြိုချိန်မှာ ဟောက်သံအချို့က ကြားကားဆွဲသည်။အိပ်စက်မည်ဟု မှိန်းရုံကြံနေသော မျက်စိအစုံက နောင်လာမည့်အာရုဏ်ကိုပဲ မျှော်နေသည်။အချိန်သည် ရွှေလျားနေသော်လည်း ကြာသည်ဟု ထင်ရသည်။ဆောင်းကူးနေသောကြောင့် သန်းခေါင်ညနက်မှု ရှည်သည်။အိပ်မပျော်သော ညတစ်ည သံသယာလည်ဆိုသောသီချင်းလဲ မဆိုချင်တော့ပြီ။

အိုက်
စပ်ပူလောင်မှုကို ရေခဲရေဖြင့် မြောချလို့လဲမရ။ဗိုက်ထဲမှာလဲ တဂွီဂွိဖြင့် စစ်ပွဲတွေဖြစ်နေသည်။ ငြိမ်းချမ်းရေးယူဖို့ ညစာကျန်နေတဲ့ ထမင်းကြမ်းခဲကို ကြက်ဥကြော်ဖြင့် ပေါင်းရမည်။ကြက်ဥကို ညနေဈေးမှမဝယ်မိခဲ့။ဆီကြည့်ပြန်တော့လည်း တစက်နှစ်စက်သာသာ။ ဂစ်မီးဖိုကိုဖွင့်လိုက်တော့လည်း မီးတရှဲရှဲဖြင့် ဘာတည်ရမှန်းမသိ။ကယောင်ကတမ်းဖြင့် ရေနွေးကောက်တည်လိုက်သည်။လက်နှစ်လုံးလောက်ရေက အဆူတော့မြန်သည်။ကော်ဖီပဲ မော့တော့မည်ဟုကြံပြီး ကော်ဖီမှုန့်ထည့်တော့ ပုလင်းဝကခုန်ဆင်းလာတာ တမှုန်နှစ်မှုန်။ပုလင်းကိုထောင်ပြီး နှုတ်ခမ်းဝကငေးလိုက်တော့ ဗလာနတ္ထိ။ဆူနေတဲ့ရေနွေးကို အားနာလို့ ကော်ဖီပုလင်းထဲ ရေနွေးသွန်ပြီး ကျင်းလိုက်သည်။ရေနွေးကို ကော်ဖီရောင်လေးဆိုးပြီး သကြားပုလင်းလှမ်းကြည့်ပြန်တော့။ပုရွက်ဆိတ်တွေက သကြားတစ်မှုန်ဆီ သူတို့တွင်းထဲ သယ်သွားကြသည်။သကြားမပါတော့လည်း ဆီးချိုကင်းစင်တယ်ပေါ့။ဒီအတိုင်းပဲ ဘလက်စစ်စစ် မော့ချလိုက်သည်။ "ဂလု"။ဝင်ပြီးသား ကော်ဖီရောင်ရေနွေးတွေ ပြန်ခုန်ထွက်လာသည်။အရသာမဲ့ နှစ်ချို့ကော်ဖီစစ်စစ်တခွက်ပါလား။


ဆက်လက်ကြိုးစားပါဦးမည်။





Thursday, November 26, 2009

Believe

ယုံကြည်ချက်

ပိန်းပိတ်နေတဲ့ အမှောင်ထုထဲ
ငိုချင်းချသံတွေ တွေ့တယ်

ကခုန်ယိမ်းထိုးလိုက်ရတာများ
(တကိုယ်လုံး)
ရစရာမရှိအောင် မည်းညစ်လို့

ပုံသေနည်းတွေ ငြီးငွေ့ပြီး
ဘူတာအိုထဲက ပြေးထွက်ချင်သူပါ

ကိုယ့်လိပ်ပြာလုံဖို့
ရှေ့ရှုရင်း
မရွေ့တဲ့အကြည့်တချက်နဲ့
ပျံသန်းဖို့
တွေ....ဝေ.......
မျော.......လွင့်.......လွင့်

လင်းသင်


မှတ်ချက်။ ။၂၀၀၄ အာရုံ.......




Tuesday, November 24, 2009

Happy Birthday Ma Ngone

ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်ကလေးတစ်ရက်ပေါ့။ဒဒွေးဘော်ဒါ မငုံ (ကန္တာရမိုးစက်များ)ရဲ့ မွေးနေ့လေ။


လာရောက်ကြသူတွေကတော့ မနှင်း(နှင်းနဲ့မယာ)၊ ညီမလေး ကောင်းကင်(ကောင်းကင်ရဲ့သမီးပျို)၊ ညီမဇော်(ကျွန်တော်တို့အိမ်)၊ အဝေးရောက် ညီမလေး DIM (ဖြူစင်ကြယ် Angle Shaper)၊ အဘူဒါဘီက အမရာ(အမရာ)၊ ကိုကြီးပီတာ(ကိုပီတာရဲ့အတွေးပုံရိပ်)၊ ကိုဟန်(Dream of My Father)၊ ကိုဖြိုး (လင်းကြယ်ဖြူ)၊ ညီလေးဝေယံ(ဟင်းချက်ခြင်းအနုပညာ)၊ ညီလေးဗျတ်ဇ (ပန်းပွင့်နဲ့ယက်တဲ့ အိပ်မက်)၊ ဘလောခ့်မရေးပေမယ့် ဘလောခ့်အလည်ဆုံး ကျွန်တော်တို့ချစ်စနိုးခေါ်ကြသော ဘကြီမိုး (ကိုမိုးဇော်လွင်)၊ ဘကြီးသာယာ(ကိုကျော်သာယာမြင့်)၊ နှင့် ကျွန်တော် ချမ်းလင်းနေ တို့ ဒဒွေးမောင်နှမတွေ ဆုံညီစွာ အချိန်တိတိကျကျကြီးကို တက်ရောက် အားပေးကြပါတယ်ဗျာ။အလည်လာဖို့ဖိတ်ထားတဲ့ ကမ္ဘာအရပ်ရပ်မှ မြန်မာဘလောခ့်ဂါ မောင်နှမညီအကို မိတ်ဆွေများ စုံစုံလင်လင်ဖြင် ခင်မင်စရာကောင်းသော မငုံရဲ့ မွေးနေ့လေးကို တက်ရောက်ကြပါတယ်။ အတီးအမှုတ်တူရိယာ စုံလင်စွာ နဲ့ ဒဒွေးအဆိုကျော် Shania Dim (Shania Twain ရဲ့ အဖေမတူ အမေကွဲ ညီမလေး Angle Shaper) က သီဆိုဖျော်ဖြေပါတယ်။



မွေးနေ့ကိတ်မုန့်ကလည်း ကခုန်မြူးတူးစွာ လာရောက်ကြသူများကို ကြိုဆိုနေပါတယ်။



မငုံအတွက် မွေးနေ့လက်ဆောင်ပါ။ ပြန်သွားမှ ဖွင့်ကြည့်နော် မငုံရေ။



ကြွက်ဖြူလေးကလည်း သူတပိုင်တနိုင် ရောက်လာပါတယ်။



ဘဝလမ်းခရီးမှာ ရွှေထီးမဆောင်းရသေးဘူးဆိုလို့ မငုံဆောင်းရအောင် ရွှေထီးလက်ဆောင်ပါ။



ရွှေရောင်ထီးလှလှလေးနဲ့ မငုံ ပါ။



ကြွရောက်လာကြတဲ့ မိတ်ဆွေသင်္ဂဟအပေါင်းများလွန်းလို့ မွေးနေ့ကိတ်မလောက်ရင် အပိုဆောင်ထားတာ အားမနာတမ်းစားကြနော်။ခင်မင်စရာရှမ်းတိုင်းရင်းသူလေး မငုံရဲ့နိုဝင်ဘာ ၂၄နေ့ မွေးရက်မှသည် နောင်နှစ်ပေါင်းရာချီသည့်တိုင် ရွှေထီးဆောင်းနိုင်သူလေး ဖြစ်ပါစေဗျာ။







ချမ်းလင်းနေ

Thursday, November 19, 2009

နံနက်ခင်းကို လှစေခြင်း




နံနက်မိုးသောက်
အလင်းရောက်တဲ့အခါ
ဂုဏ်တော်တရားနဲ့
မေတ္တာပွားပြီး
တောင်းဆုချွေပြု
ပတ္တိဒါန ဝေစုချလိုက်မယ်
ဆိုရင်.......
နံနက်ခင်းကို လှစေခြင်းပါပဲ။

ကောင်းသော နံနက်ခင်းပါခင်ဗျာ။ မင်္ဂလာနံနက်ခင်းပါ။ Good Morning ဆိုတဲ့ စကားလုံးလှလှ စကားလေးတစ်ခွန်းဟာ ကြီးငယ်အလတ် လူသားတို့နှုတ်ဖျားဝယ် ရေပန်းစားအသုံးများ၍ ခေတ်စားနေသော စကားတစ်ခွန်းဖြစ်နေပါသည်။

ကောင်းသောနံနက်ခင်းဆိုသည်မှာ "အဘယ်နည်း" ဟုမေးခွန်းတစ်ခု မှတ်တမ်းပြုစရာရှိပေသည်။ ထိုမေးခွန်းကို စာဖတ်သူတို့ ကိုယ်တိုင်ဆုံးဖြတ် သုံးသပ်ကြရန် စာရေးသူက တင်ပြလိုပါသည်။

စာရေးသူတို့ သာသနာ့အလုပ် အားထုတ်ကြရာ ဆဋ္ဌသင်္ဂီတိပုစ္ဆာက၊ အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သြဝါဒစရိယ ကမ္ဘာ့ သာသနာပြု ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ကြီး သီတင်းသုံးစံပျော် သာသနာပြုတော်မူခဲ့သည့် "မဟာစည်သာသနာ့ ရိပ်သာဋ္ဌာနချုပ်"၌ ရဟန်းအမျိုးသား၊ အမျိုးသမီး သီလရှင် ယောဂီအားလုံး တို့သည် နံနက်သုံးနာရီတိတိ အိပ်ရာမှ ထကြရသည်။လေးနာရီအရောက် မိမိတို့ဆိုင်ရာ ဓမ္မာရုံကို သွားကြရသည်။

ရဟန်းယောဂီနှင့် အမျိုးသားယောဂီများသည် စံကျောင်းတော်အောက်ထပ်၊သီလရှင်နှင့် အမျိုးသမီးယောဂီများက ဖလ်ယဉ်ဓမ္မာရုံသို့ အရောက်သွား၍ လေးနာရီမှ ငါးနာရီအထိ တရားရှုမှတ်ကြရပေသည်။အရုဏ်ဦးမို့ တိတ်ဆိတ်ငြိမ်သက်ပြီး သာယာကြည်နူးဖွယ် အချိန်ကလေးဝယ် နှစ်ရာကျော်မျှသော ယောဂီသူတော်စဉ်တို့၏ တရားထိုင်အပြီးမှာ ကြားရသူတို့ စိတ်နှလုံးကို ကြည်နူးရွှင်ပြုံးစေနိုင်သည့် အသံသာသာတစ်ခု ညီညီညာညာ ပေါ်ထွက်ခဲ့လေပြီ။ ထိုအသံသည် ကိလေသာကင်း ကောင်းသောရနံသင်းသည့် ဓမ္မသံ ဖြစ်ပါသည်။

နံနက်ခင်းကာလမို့ အေးမြလှတဲ့ လေပြေလေညှင်းလေတွေကို ရှုရှိုက်ရတာဟာလည်း စိတ်ရောကိုယ်ပါ လန်းဆန်းမှုကိုရရှိနေပါသည်။တိတ်ဆိတ်ငြိမ်သက်မှုကို နှစ်ရာကျော်သော ယောဂီတို့ရဲ့ ဓမ္မသံစဉ်တို့က မဟာစည်သာသနာ့ရိပ်သာကြီးမှသည် သတ္တလောကကြီးဆီသို့ အရုဏ်ဦးမှသည် နံနက်ခင်းဆီသို့ အလှတရားများဖြင့် ကျက်သရေ မင်္ဂလာအပေါင်း ခညောင်းလို့
လှပစေပါသည်။ရှေးဦးစွာထွက်ပေါ်လာသော ဓမ္မသံစဉ်သည်ကား မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တွေကို အာရုံမှာပုံဖော်၍ ရှိခိုးခြင်းဟူသော မဟာစည်ဆရာတော်ဘုရားစီစဉ်သည့် ရည်ရွယ်ချက်ပြည့်စုံသော

"သြကာသ၊ သြကာသ၊ သြကာသ၊ ကာယကံ ဝစီကံ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်းကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး၊ ဆရာသမားတို့ကို အရိုအသေ လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား"

ဆိုသည့်ဘုရားရှိခိုး ပူဇော်သံဖြစ်ပေသည်။ညီညီညာညာ နှင့် ဖြေးဖြေးမှန်မှန် ဘုရားရှိခိုးသဖြင့် နံနက်ခင်းကို အလှဆင်လိုက်ကြပါသည်။မဟာစည်ဆရာတော်ဘုရား စီစဉ်သည့် ဘုရားရှိခိုးသည် ရွတ်ဖတ်ပူဇော်သူ၊ နာယူသူတို့အတွက် ရွတ်ဆိုလို့ ကောင်းသည့်အပြင် အဓိပ္ပါယ်ကလဲ စုံလင်ပြည့်ဝလှပါသည်။

ဖောင်းပိန်အစရှိတဲ့ ထင်ရှားပေါ်ရာ ပေါ်လာသမျှတွေကို အမြဲမပြတ်သတိကပ်လျှက် တစ်နာရီကြာ ထိုင်ပြီး ရှုမှတ်ရသည့် သတိပဋ္ဌာန် ဝိပဿနာတရားတို့ဖြင့် ရတနာသုံးစုံ အမြတ်ဂုဏ်ကို ယုံကြည်မြတ်နိုး လက်ဆုံမိုး၍ ပူဇော်ကြပါသည်။

"ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဗုဒ္ဓံ ပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ ဓမ္မံ ပူဇေမိ။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ သံဃံ ပူဇေမိ။

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ - မဂ်လေးတန်၊ ဖိုလ်လေးတန်နိဗ္ဗာန်ဟု ဆိုအပ်သော ဤလောကုတ္တရာ တရားကိုးပါးအား လျော်သောကျင့်ဝတ် ပဋိပတ်ဖြင့် ဗုဒ္ဓံ - မြတ်စွာဘုရားကို။ ဓမ္မံ - မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန် ဟုဆိုအပ်သော တရားတော်မြတ်ကို။ သံဃံ - မဂ္ဂဠာန်လေးယောက်၊ ဖလဠာန်လေးယောက် ဟုဆိုအပ်သော ရှစ်ယောက်သော အရိယာ သံဃာတော်မြတ်နှင့်တကွ ယခုရှိတော်မူကြသော သမ္မုတိ သံဃာတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား" ဟု ညီညီညာညာ ရိုသေစွာ ပူဇော်ကြလျှက်

"ဣဒံမေ ပုညံမဂ္ဂမလဥာဏဿပစ္စယောဟောတု။

ဘန္တေ၊ အရှင်ဘုရား။မေ၊ တပည့်တော်တို့၏။ ဣဒံပုညံ၊ ဤသို့ ယနေ့ပြုအပ်သော ဒါနကုသိုလ်၊ ဆောက်တည်အပ်သော သီလကုသိုလ်၊ ပွားများအပ်သော ဘာဝနာကုသိုလ်၊ တရားနာရသော ဓမ္မဿဝနကုသိုလ်သည်။ မဂ္ဂဖလဥာဏဿ၊ တပည့်တော် တောင့်တအပ်သော မဂ်ဥာဏ် ဖိုလ်ဥာဏ်၏။ ပစ္စယော၊ ရကြောင်းရောက်ကြောင်း ကျေးဇူးပြုသော အကူအညီ အထောက်အပံသည်။ ဟောတု၊ဖြစ်ပါစေသတည်း။" ဟုသော ကောင်းမှုဖြင့် တောင်းဆု ချွေကြပြန်သည်။

တဆက်တည်းမှာပင်-
"ဣမံနော ပုညဘာဂံ သဗ္ဗသတ္တာနံ ဒေမ။

ဣမံပုညဘာဂံ၊ ဤသို့ ယနေ့ယခု တပည့်တော်တို့ တစ်စု၏ ပြုစုပွားများ နာကြားရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂကို။ သဗ္ဗသတ္တာနံ၊တရားနာဖော်နာဖက်၊ တရားအားထုတ်ဖော်၊ တရားအားထုတ်ဖက် ဖြစ်ကြကုန်သော ယောဂီအပေါင်း သူတော်ကောင်းများနှင့်တကွ မိခင်ဖခင် ကျေးဇူးရှင်တို့ကို အစထား၍ သုံးဆယ်တစ်ဘုံ လုံးစုံများစွာ သတ္တဝါမှန်သမျှ အနန္တတို့အား။ ဒေမ၊ ရစေယူစေ အမျှပေးဝေပါကုန်၏။" ဟူ၍ နတ်ဗြဟ္မာ လူတစ်ဖော် မြတ်သာဓု ခေါ်ကြစေရန် အမျှပေးဝေ ကြပြန်ပါသည်။

တစ်နာရီကြာထိုင်ပြီး ရှုမှတ်လို့ရတဲ့ သမာဓိအရှိန်တို့ဖြင့် မနောကံနှင့်ရင်း၍ ဝစီကံမြောက် မေတ္တာဓာတ်တွေ ပို့လွှတ်လို့ နေကြပြန်သည်။

"အမျှရကြ၍ချမ်းသာကြပါစေသော်။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။ စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြပါစေသော်။စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း
ပဋိပတ်တို့ကို ကျင့်ကြံကြိုးစာ ပွားများအားထုတ်နိုင်ကြပါစေသော်"
ဟူ၍ မေတ္တာဓာတ်တွေ ဖြန့်ဝေလိုက်ကြပါသည်။

နောက်ဆုံးမှာတော့
"ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည် ရွှေပြည်ထုတ်ခြောက် လမ်းမကောက်ပဲ ရောက်ရပါလို ထိုထိုဘဝ ကျင်လည်ရလည်း ဒုက္ခဘေးဒဏ် ရန်မာန်အပေါင်း မကောင်းဟူသမျှ မတွေ့ရပဲ သဗ္ဗဣစ္ဆာ မင်္ဂလာကို ရွယ်ကာတတိုင်း ရစေသော်။
ယနေ့ယခု ပြုပြုသမျှ မြတ်ဘာဂကို မိဘဆရာ မျိုးသဟာနှင့် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်က အရင်စ၍ ရှိသမျှလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျတို့ ရကြပါစေ ပေးငှဝေသည် များတွေ သာဓုခေါ်စေသော်....... အမျှ.....အမျှ.....အမျှ.......ယူတော်မူကြပါကုန်လော့။
သာဓု...သာဓု....သာဓု"
ဆိုတဲ့ စကားသုံးလုံးက နေရာယူလိုက်ပါသည်။

ဤသို့ဖြင့် Good Morning ဖြစ်ကြစေရန် မဟာစည်သာသနာ့ရိပ်သာမှ နှစ်ရာကျော်သော ယောဂီ သူတော်စင်တို့က နံနက်ခင်းကို အလှဆင်လိုက်ကြပါသည်။ရတနာသုံးတန် ကံနှင့်အကျိုး အားကိုးယုံကြည် သူတော်စင်တို့၏ နံနက်ခင်းကို လှစေသော ဓမ္မသံစဉ်သည် သာယာချမ်းမြေ့
လှတာမို့ တစ်သက်မမေ့နိုင်စရာ ကြည်နူးဖွယ် တစ်ခုပါပဲ။ အသံအားလုံးတွင် နှိုင်းယှဉ်စရာ ထပ်တူပြုစရာ ဓမ္မသံစဉ်လောက် ကောင်းတာ ဘယ်အခါ ဘယ်နေရာမှ မရှိပါဘူး။ နံနက်ခင်းကို ဓမ္မသံစဉ်ဖြင့် လှပစေ၍ ငြိမ်းချမ်းရေးတရားရိပ်ဝယ် ပျော်ပိုက်နိုင်ကြပါစေကြောင်း စာစီပေါင်းလို့
တင်ပြလိုက်ရပါသည်။

တက္ကသိုလ်မောင်ချစ်

(ခွင့်တလအပြန် အချိန်လေးရလို့ မဟာစည်သာသနာ့ရိပ်သာခွဲ သဓ္ဓမ္မရံသီရိပ်သာ၌ ရဟန်းခံ တရားအားထုတ်ရင်းမှ တရားဓမ္မသင်ပြပေးသော ဆရာတော် အရှင်ဝိစိတ္တာနန္ဒ (ဓမ္မာစရိယ၊ B.A, B.Sc, Dip in English) အားရှိခိုးပူဇော်ဂုဏ်ပြုရင်း တရားအလှုတော်မြတ်ကိုကုသိုလ်ပြုအပ်ပါသည်။
ချမ်းလင်းနေ)

ဆက်လက်ကြိုးစားပါဦးမည်။

Friday, November 13, 2009

စိတ်ဖြေဆေး

လူတိုင်းလူတိုင်းစိတ်ရှုပ်လာရင်၊ စိတ်ညစ်လာရင် ဘာတွေလုပ်ကြလဲ။ တချို့တချို့က သီချင်းတွေ အော်ဆိုပစ်တယ်။တချို့ကျ အိပ်ဆေးသောက်အိပ်ပစ်တယ်။ တချို.ကအရက်သောက်တယ်။တချို့က အပင်စိုက်တယ်။တချို့ကအော်ငိုတယ်။ လူတွေအားလုံးဟာ စိတ်ပြေစေဖို့တခုအတွက်နဲ့ ကိုယ့်စိတ်ထင်ရာ၊ ကိုယ်စိတ်ပြေရာလုပ်တတ်ကြတယ်။

ခင်ဗျားရော စိတ်ညစ်ရင်ဘာတွေလုပ်လဲ။ကျွန်တော်လား။အင်းငယ်ငယ်ကတော့ အိမ်မှာရေထဲတဲ့ ရာဝင်အိုးထဲခေါင်းစိုက်ပြီး စိတ်ရှိလက်ရှိ အော်ပြစ်တယ်။အခုတော့ အဲဒီအိုးတွေလဲ ကွဲသွားပါပြီ။အသံပြာကြီးရဲ့အော်သံတွေ မခံနိုင်လို့။ အတော်ကြီးတော့ အရက်သောက်ကြည့်တယ်။အတော်အတန်လဲ သောက်ခဲ့ပါတယ်။ကိုယ့်စိတ်ကြောင့် လဲပါတယ်။ ကောင်းတယ်လို့ စိတ်မှာထင်မိလို့ပါ။စိတ်ပြေမယ်ထင်တဲ့ အယူကြောင့်လဲပါပါတယ်။အခုတော့ အလိုနေရင်းပြတ်သွားတယ်။ သောက်ချင်စိတ်သိပ်လဲ မရှိတော့လို့ပါ။မယုံဘူးဆိုလဲ စာဆက်ဖတ်ရအောင် လောလောဆယ် ယုံပေးထားပါ။


ကျွန်တော်ရဲ့ညီအစ်ကိုလို အရမ်းရင်းရတဲ့ သူငယ်ချင်းကတော့ သူစိတ်ညစ်လာရင် ဘုရားစင်ရှေထိုင်ပြီး တရားထိုင်တယ်။သူက စိတ်ညစ်ရင်မှ မဟုတ်ပါဘူး။နေ့စဉ်တရား ထိုင်တာပါ။ကျွန်တော်အနေနဲ့ သူရဲ့အခြေအနေကို အမြဲလေ့လာကြည်တယ်။ကျွန်တော် သူနဲ့စသိထဲက သူဆီမှာ ဒေါသထွက်တယ်ဆိုတာ မမြင်သလောက်ပဲ။ သူမိသားစုတွေလဲ ဒီလိုပဲ။သူတို့စိတ်ငြိမ်းချမ်းပြီး စိတ်ညစ်ဖူးတာမတွေ့သလောက်ပါပဲ။ သူက ကျွန်တော်ကိုတွေ့တိုင်း တရားထိုင်ဖို့ပဲ အမြဲတိုက်တွန်းပါတယ်။အခုအချိန်ထိပါ။ ကျွန်တော်ငယ်ငယ်က တရားထိုင်ဖိုဆိုတာဝေလာဝေး။ ဘာသာရေးဆိုတာ ဘုရားရှိခိုးတာကလွဲရင် ဘာမှမသိ။

ငယ်ငယ်က အိမ်မှာတော့ ကျွန်တော်မေမေက တရားအမြဲထိုင်တယ်။ ကျွန်တော်တို့ညီအစ်ကိုကိုလည်း တရားထိုင်ခိုင်းပါတယ်။အဲဒီတုန်းက မေမေက တရားထိုင်ခြင်းအကျိုး၊ ဘာကြောင့်တရားထိုင်ရတယ် ဆိုတာတွေကိုပြောပြဘူးတယ်။မေမေက အဘိဓမ္မာအောင် ထားတယ်လေ။ ကျွန်တော်က အဲဒီတုန်းက ကလေးအရွယ် စထိုင်ကာစဆိုတော့ တရားထိုင်တယ်ဆိုပေမယ့် မှတ်တဲ့အသိကြာကြာ မထိန်းနိုင်ပါဘူး။ စိတ်တွေက ဟိုရောက်ဒီရောက် လျှောက်ပြန့်လွှင့်နေတာပဲ။တရားထိုင်ဖို့မပြောနဲ့ ထိုင်ချင်တဲ့စိတ်ကလေးဖြစ်အောင်ကို အတော်အားယူရပါတယ်။ဆော့မယ်၊ကစားမယ် ဆိုတဲ့စိတ်ကပဲသန်နေတာ။

ဒါပေမယ့်ဗျ အဲဒီတုန်းက ငယ်တဲ့အရွယ်လဲဖြစ်၊ အကုသိုလ်တွေကလဲ နည်းဆိုတော့ကာ ဝေဒနာဆိုတာ သိပ်မဖြစ်ပေါ်ဘူး။တခါတလေ စိတ်ဝင်တစား မှတ်အားကောင်းတယ်ဆိုရင် အကြာကြီးကိုထိုင်နိုင်တယ်ဗျ။ အခုတော့ လူလောကရဲ့အမှောင်နောက် ကောက်ကောက်ပါနေတာကြောင့်ရယ်၊ လောဘတွေ၊ ဒေါသတွေ၊ စိတ်ညစ်တာတွေ ကြောင့် တရားမှတ်ရင် ဝေဒနာတွေပိုပေါ်ပါတယ်။

ကျွန်တော်ရဲ့တရားပြဆရာတစ်ဦးကို ဒီအကြောင်းလျှောက်တော့ ဆရာက လူလောကကြီးရဲ့ အတွင်းဘက်ရောက်ရောက်လာလေ၊ လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေများလာလေလေပဲ။ ဒါကြောင့် တရားထိုင်တဲ့အခါ ဝေဒနာတွေကတိုးတိုးလာတာတဲ့။ဒါတွေကိုပဲ ဆက်ရှုတဲ့။ဒါကတရားထိုင်တုန်း ခဏဗျ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ တရားထိုင်ခြင်းဖြင့် အရင်ကဒေါသ အရမ်းကြီးခဲ့တဲ့ ကျွန်တော်ဟာ အတော်အတန်ကို ထိန်းနိုင်လာပါတယ်။အလုပ်ဆိုရင်လည်း အတော်အတန်ကိုချောမွေ့ပါတယ်။အတိုက်အခံလဲ နည်းလာပါတယ်။ စိတ်ညစ်တယ်ဆိုတာ မရှိသလောက်ပါ။ စိတ်ညစ်တာမရှိတော့ဘူးလို့ ဆိုတာမဟုတ်ပါဘူး။ စိတ်ညစ်စရာတွေ့လည်း သိပ်တုန်လှုပ်မှုမရှိတာပါ။

စိတ်ညစ်လာတယ်၊ စိတ်ရှုပ်စရာ ကြုံလာပြီဆိုရင် ဘုရားကိုစိတ်ဝယ်မှန်းပြီး ရသမျှ ဘုရားစာထိုင်ရွတ်ပါတယ်။ တရားထိုင်ချင်တဲ့စိတ် လက်တလောမရှိသေးဘူး ဆိုရင်တောင် ဒီလို ဘုရားစာရွတ်ဖတ်တာဟာ လောလောဆယ်ဖြစ်ပေါ်နေတဲ့ စိတ်ဝေဒနာတွေ သက်သာဖို့ ကုစားလိုက်သလိုပါပဲ။ စိတ်ငြိမ်လောက်ပြီလို့ထင်တော့မှ တရားထိုင်ပါတယ်။ဘာဖြစ်လို့ စိတ်ညစ်နေတုန်း စစခြင်းတရားမထိုင်တာလဲဆိုရင် တရားထိုင်နေစဉ် ရှုမှတ်တဲ့စိတ်အပေါ်အာရုဏ်မရောက်ပဲ စိတ်တွေက မူလညစ်နေတဲ့အကြောင်းအရာတွေဆီကိုပဲ ထပ်တဝဲဝဲရောက်သွားလို့ပါ။ကျွန်တော့်ရဲ စိတ်တည်မှုအာရုဏ်နုသေးလို့လဲဖြစ်ပါတယ်။ကြာရှည်စွာ တရားထိုင်ဖူးတဲ့သူတွေ ဆိုရင်တော့ ဒီလိုဖြစ်မယ်လို့ မထင်ပါဘူး။

အဲဒီလို တရားထိုင်ရှုမှတ်လိုက်တော့ ညစ်နေတဲ့စိတ်တွေပြေပြောက်ပြီး ပင်ကိုမူလစိတ်အဆင်လေးဟာ အမြဲတစေကြည်လင်လာပါတယ်။ တရားထိုင်လိုက်ခြင်းဖြင့် ကျွန်တော်ဆိုရင် ယခင်က ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် မိရိုးဖလာကိုးကွယ်သလိုပဲရှိခဲ့တာ (နက်နဲမှုမရှိခဲ့သလိုပါ။ အခုကျွန်တော်ဆိုရင် ဗုဒ္ဓဘုရားဟာ အတုမရှိသောဘုရားရှင်ဖြစ်ပြီး မိမိကိုယ်တိုင် ဗုဒ္ဓဘာသာအပေါ် ပိုမိုသက်ဝင်ယုံကြည်လာပါတယ်။ အရာရာစဉ်းစားချင့်ချိန်လာနိုင်တယ်လို့ ကိုယ်ကိုယ်ယုံကြည်လာတယ်။

ကျွန်တော်လေ့လာဖူးသလောက်ဆို တရားထိုင်တယ်ဆိုတာ ဗုဒ္ဓဘာသာတစ်ခုထဲရှိတာမဟုတ်ပါဘူး။ ခရစ်ယာန်သာသနာမှာရော(အထူးကဖြင့် ရိုမန်ကတ်သလစ်မှာပါ)၊ မူစလင်ဘာသာရော(ဒူဘိုင်းနိုင်ငံသား မူစလင်ဘာသာရေးဆရာတစ်ယောက်ဆီက သိတာပါ။သူက ဗုဒ္ဓဘာသာတရားထိုင်နည်းနဲ. ယောဂအကြောင်းလာဆွေးနွေးလိုပါ။) သူ့နည်းသူဟန်နဲ့ရှိကြပါတယ်။

တကယ်တမ်း တရားထိုင်တယ်ဆိုတာ စိတ်ကို လေ့ကျင့်ပေးတာပါ။ဘုရားစတင်ကျင့်ကြံခဲ့တာ အာနာပါနပေါ့။ တကယ်ဆိုအာနာပါနဆိုတာ ဟိန္ဒူယောဂကျင့်စဉ်တစ်မျိုးပါ။ ကျွန်တော်ဆိုလိုချင်တာက တရားထိုင်တယ်ဆိုတာ အရမ်းကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ စပြီးထိုင်မယ်ဆိုရင်တော့ (အကြံပေးတာပါ။မိမိသင့်တော်သလို ထိုင်လို့ရပါတယ်။) ဝင်လေထွက်လေဆိုတဲ့ အာနာပါနက စရင်ကောင်းမယ်လို့ထင်ပါတယ်။ ထင်တယ်လို့ဆိုရခြင်းကတရားထိုင်သက်နုတဲ့ကျွန်တော့်အနေနဲ့ကောင်းမယ်လို့ထင်တယ့် နည်းတွေအများကြီးထဲက ကျွန်တော်စထိုင်တဲ့နည်းလေးမို့ အကြံပေးတာပါ။ မိမိသန်ရာသန်ရာကိုရှုပါ။ နောက်မှတ်အားကောင်းလာပြီဆိုမှ ဝိပဿနာနည်းလမ်းကိုရှုပါ။ တဆင့်ခြင်း တက်လှမ်းတဲ့သဘောပါ။

တရားထိုင်ခြင်းရဲ့နောက်ဆုံးပန်းတိုင် ကတော့ မဂ်ဖိုလ်နိဗ္ဗာန်ပါ။ကျွန်တော်ကတော့ အခုလောလောဆည် စိတ်ညစ်တာတွေပြေအောင် ဆွေးနွေးအကြံပေးတာမို့လို့ တရားထိုင်ဖို့ သက်သက်သာရည်ရွယ်ပြီး ရေးရတာပါ။ကျွန်တော်တို့က ဗုဒ္ဓသာသနာမြေနဲ့ ဝေးရာတွေမှာ အလုပ်လုပ်နေရသူတွေဆိုတော့ ဘာသာရေးနှိုးဆော်မှုလေးတွေရှိမှ ဘုရားရှိခိုး၊ တရားထိုင်တာလေးတွေလုပ်ဖြစ်ကြမှာမို့ပါ။

ကိုယ့်အရပ်ကိုယ့်ဒေသမှာဆိုရင် ဘုရားသွားကျောင်းတက်ရင်း ဆရာတော်တွေ ဟောကြားတဲ့တရားတော်တွေကို နာကြားရင်း ဘာသာရေးနဲ့ အဆက်မပြတ်သိပ် မရှိလှပါဘူး။ ဒီလိုနိုင်ငံရပ်ခြားမှာဆိုရင် တခါတလေ တရားခွေလေး ဘာလေးနာချင်ရင်တောင်မှ ကိုယ်အနီးနားက အခြားဘာသာခြားတွေကို အားနာနေရသေးတယ်။ နားကြပ်တပ်ပြီးနာရ၊ MP3စက်ကလေးတွေထဲ ထည့်နာရနဲ့အဆင်ပြေသလို ဘာသာရေးတွေ လုပ်နေကြရတာပါ။ဘုရားစာရွတ်ရင်၊ ဘုရားရှိခိုးရင်လဲ ပတ်ဝန်းကျင်အခြေအနေကောင်းမှ ရွတ်ရ၊ရှိခိုးရတာ။ ဒီလိုရေးတာ အဆင်မပြေသူတဲ့တွေ သိကြမှာပါ။ဗုဒ္ဓဘာသာဝင် အချင်းချင်းနေတယ်ဆိုရင်တော့ တမျိုးပေါ့။ဒါတောင် ဘာသာရေးလုပ်သူတွေပါဦးမှ။

ဘယ်လိုပင် အဆင်မပြေမှုတွေရှိပါစေလေ ကိုယ်ရဲ့စိတ်က ဘာသာရေးကိုဖြစ်အောင်လုပ်မယ်လို့ ရည်သန်ထားရင် ဘယ်အခြေအနေမျိုးမဆိုဖြစ်ပါတယ်။ ဘုရားတောင် အနောင့်အယှက်တွေကြားက ဘုရားဖြစ်ရန်ရည်သန်လို့ ဘုရားပွင့်ခဲ့ပြီးပြီပဲ။ကျွန်တော်တို့လဲ ဘာသာရေးလုပ်မယ်၊ လုပ်ချင်တယ်ဆိုတဲ့ဆန္ဒက တကယ်လုပ်ရင်အဟုတ်ဖြစ်ပါတယ်။အခုဆိုရင် မြန်မာပြည်မှာ တရားစခန်းရိပ်သာတွေ အတော်များများဖွင့်လှစ်နေပြီဆိုတာ လူအတော်များများသိနေကြပါပြီ။

ကျွန်တော်ပြောချင်တာက တရားထိုင်တာကို သိပြီး တရားထိုင်ဖို့မေ့နေတဲ့ မိတ်ဆွေတွေအတွက်ရော၊ မသိသေးတဲ့သူတွေအတွက်ရော “အသိ၊ သတိ” ရစေချင်ပါတယ်။ စိတ်ညစ်ရုံနဲ့ တရားထိုင်ဖို့သာမက ရတဲ့အချိန်တိုင်း၊ ရသမျှအခွင့်အရေးတိုင်း တရားထိုင်ပေးကြပါ။အခုဆို ဆရာတော်အတော်များများကလည်း တရားထိုင်ဖို့ စာတွေရေး၊ တရားတွေဟောပြီး လှုံဆော်ထားကြပါတယ်။ကျွန်တော်ကလည်း ကုသိုလ်တရပ်အနေနဲ့ ဆွေးနွေးတာပါ။မိတ်ဆွေအပေါင်း တရားထိုင်ဖို့ သတိရသွားသူတွေရော၊ အသိရသွားသူတွေ ဖြစ်လာအောင် ကုသိုလ်ပြု တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျား။

ဆက်လက်ကြိုးစားပါဦးမည်။

Friday, November 6, 2009

ရှန်ဘဲလားအိပ်မက်

The Earthly Paradise (Garden of Eden)
မိုးပြာရောင်ကောင်းကင်ကြီးကို မော့ကြီးပြီး တဖြည်းဖြည်းရွေ့လျားနေတဲ့ တိမ်တိုက်တွေကိုငေးမောရင်း ပိတ်လှောင်မွန်းကျပ်နေတဲ့စိတ်တွေကို ခိုင်မာစွာရပ်တည်နေတဲ့ ခန္ဓာကိုယ်ထဲကနေ တဆင့်ပြီးတဆင့် လွှင့်ယူထုတ်ပစ်လိုက်တယ်။ခဏတာလောက် မင်းတို့တွေ လွတ်ငြိမ်းချမ်းသာခွင့်ယူလိုက်ကြပါဦး။စက္ကန့်နှင့်အမျှ မရပ်မနား တာဝန်ထမ်းဆောင်ခဲ့ရသော သူတို့တွေကို ကမ္ဘာမြေကြီး၏ဆွဲငင်အားထဲကနေ ရုံးထွက်ပြီး ခြေဦးတည့်ရာကို သွားသွားလာလာပြုကြပေဦးတော့။မမျော်လင့်ထားသော ဖြစ်အင်တွေကို သွားရောက်တွေဆုံပြီး အတွေအကြုံသစ်တွေ ဖန်ဆင်းကြပေဦးလော့။သင်တို့ရဲ့ မိတ်ဆွေဟောင်းခန္ဓာကိုယ်ကြီးကို ခေတ္တမျှ ကြောခိုင်းပြီးသွားကြလေ။

++++++++++++++++++++++++++++++++++++++++++++++++++++++++

ဧဒင်ဥယျာဉ်”တဲ့ အဝင်ဝဆိုင်းဘုတ်က ရေးထားတာကိုဖတ်ပြီး သူရဲ့ခြေလှမ်းတွေက အဲဒီဘက်ကို ဦးတည်ပြီးသွားချင်နေတယ်။အထဲမှာ ဘာတွေရှိနေလိမ့်မလဲဆိုတာကို သူဘာကြောင့်များ သိချင်နေမိပါလိမ့်။ကမ္ဘာဦးလူသား အာဒံနဲ့ ဧဝကိုပဲတွေ့မလား။ဒါမှမဟုတ် ပန်းသီးပင်လိုခေါ်ဝေါ်သမုတ်ထားတဲ့ ကမ္ဘာဦးအဆိပ်ပင်တွေကိုပဲတွေ့မလား။ဒိုင်နိုဆော၊ ထရိုင်နိုဆောဆိုတဲ့ ရှေးဦးအကောင်ကြီးတွေပဲရှိနေလိမ့်မလား။ ကျောက်ခေတ်လို့ လက်ရှိ အီးခေတ်လူသားတွေ အမည်နာမပြုထားတဲ့ ပရိုင်းမိတ်တွေချည်းပဲ ရှိနေကြမလား။ဒီလို သို့လောသို့လောအသိနဲ့ လက်မှတ်မဝယ်လိုက်ရပဲ သူအလိုလို ဝင်ပေါက်တံခါးမှ ဖြတ်သန်းသွားပါသည်။အထဲရောက်တော့လဲ ဘယ်အချင်းအရာကိုမှ သဲသဲကွဲကွဲ မမြင်တွေ့ရပဲ ပိန်းပိတ်အောင်ဖြစ်နေတဲ့ မြူခိုးငွေ့တွေကိုသာ တွေ့ရတယ်။(မျက်မှန်တတ်ထားတော့ ရေငွေ့ရိုက်ပြီး မမြင်ရတာကို။:P)



အတော်ခပ်လှမ်းလှမ်းလေး လျောက်လာတဲ့အထိ မြင်မြင်သမျှအရာအားလုံးဟာ ပကတိ ဒီအတိုင်းတွေကြီးပဲဖြစ်နေလို့ ဝင်လာမိတာတောင် မှားသွားပြီလို့ အပြစ်တင်ဝေဖန် ညီးတွားလိုက်တယ်။ဒါပေမယ့် တစ်ခုသတိထားမိတာက အဝင်ထဲကနေ လက်တလောရောက်နေတဲ့ ဒီနေရာအထိကို ခြေထောက်တွေ မလှုပ်ရှားရပဲ သူ့အလိုလို အလိုက်သင့်လေး စီးမြောလိုက်ပါလာတာကိုတော့ သူသတိထားမိကောင်းထားမိလေရဲ့။(ရွှေ့လျားစက်လှေကားပေါ် ခြေထောက်ရောက်သွားလို့လဲ ဖြစ်နိုင်တာပဲ။:P)

ဟိတ်၊ ရပ်စမ်း။ မင်းက ဘယ်သူခွင့်ပြုချက်နဲ့ ဒီအထဲ ရောက်လာတာလဲ။”

ကြီးမားထည်ဝါသော အသံတစ်သံက သူ့အနောက်ကနေ ဝင်ရောက်လာပြီး နားစည်ထဲသို့ ကျယ်လောင်စူးရှစွာဖြင့် လာရောက်ရိုက်ခတ်သွားတယ်။အသံရှင်ရှိရာဘက်သို့ လှည့်ပြီးကြည့်လိုက်တော့

“အိုး....လာ......လား”(ကုလားသံလေးဖြင့်) အလင်းရောင်တွေဖြာဆင်းနေတဲ့ အနီရောင်အလင်းတန်းကြီးက သူဆီကိုထိုးဆင်းလာတာကိုတွေ့ရတယ်။သူတောင် ဒီအနီအလင်းရောင်ဟပ်ပြီး ကိုယ်ရောင်တောက်ပလာတာတယ်လို့ သူဘာသာ ကောက်ချက်ချလိုက်တယ်။ အနီရောင်ကြီးက သူအနားရောက်လာတော့ ပုံပန်းသဏ္ဍာန်က သူငယ်ငယ်က ကြည့်ဖူးတဲ့ဇာတ်ပွဲတွေထဲက ဇော်ဂျီလိုလိုပါပဲ။

“ဒါနဲ့ ခင်ဗျားကကော ဘယ်သူလဲ။ကျုပ်က အပြင်ဘက်က ဆိုင်းဘုတ်နာမည်ကြောင့် ဝင်လာတာ။(အိမ်နားက လက်ဖက်ရည်ဆိုင်နာမည်လိုလိုနဲ့ :P)စိတ်ဝင်စားစရာကောင်းလို့၊နောက်ပြီး ဒီအထဲမှာ ဘာတွေ ရှိနေလိမ့်မလဲဆိုတာလဲ သိချင်လို့ ဝင်လာတာပါ။”

“ငါ မင်းကိုမေးနေတာ မင်းကို ဘယ်သူက ခွင့်ပြုလို့ ဒီအထဲထဲရောက်လာတာလဲ မေးနေတာ။ဟိုဟိုဒီဒီလျောက်ပြောမနေနဲ့။”

(စိတ်ထဲတွေးမိလိုက်တာက ရုံးက အပေါက်စောင့် လေသံမျိုးနဲ့။:P)
“ကျုပ် ဒီအဝမှာတော့ ဘယ်သူမှလဲမတွေ့ခဲ့ဘူး။နောက်ပြီး အခုချိန်ထိ ကျုပ်ခြေလှမ်းတွေ တစ်ချက်မှ မလှမ်းရသေးဘူး။သူ့အလိုလိုကို ရွှေ့လာတာ။”

“ဘာ….ဘာပြောတယ်။သူအလိုလိုရောက်လာတာ။မင်းက ဘာမို့လို့ ဒီကိုရောက်လာတာလဲ။”

(အမေးအမြန်းအတော်ထူတယ်။ဧကန်န ဂျာနယ်လစ်ဖြစ်ခဲ့ဖူးပုံပဲ။)
“ကျုပ်လား။ကျုပ်က သက္ကရာဇ် ၂၀၀၉ ခု လူသားပါ။ကျုပ်နေတဲ့ခေတ်က အီလက်ထရောနစ်လို့ခေါ်တဲ့ အီးခေတ်ကပါ။အခု ကျုပ်က အဝင်ဝမှာရေးထားတဲ့ ကမ္ဘာဦးခေတ်က ဧဒင်ဥယျာဉ်ရဲ့နာမည်လို ရေးထားတာတွေ့လို့ဝင်လာတာပါ။”

“မင်းပြောတဲ့ ဧဒင်လားဘာလားတော့မသိဘူး။မင်းအခုရောက်နေတာက ဂမ္ဘီရမှော်ဝင်နေတဲ့ မဟာမြိုင်တောကြီးပဲ။ရှမ်းဘဲလားလို့လဲခေါ်တယ်။”

“ဒါဆိုရင် ဧဒင်ဥယျာဉ်မဟုတ်တော့ ပြန်ဘူးပေါ့။"

"အဲဒါလဲ ဟုတ်တယ်။အဲဒါအရင်တုန်းက နာမည်။အခုတော့ ရှမ်းဘဲလားလို့ မြန်မာဆန်ဆန်ပြောင်းလိုက်တာ။"

"'ဒါဆို ကျုပ်အခုရောက်နေတာ ရှမ်ဂရီလာလို့ခေါ်တဲ့ ရှမ်းဘဲလားပေါ့။ဒါနဲ့ ခင်ဗျားက ဘာလဲ ဇော်ဂျီလား။ဆေးကြိတ်တဲ့တောင်မွေးလဲ မတွေ့ဘူး။ဘယ်ရောက်သွားလဲ။”

“ငါက ဇော်ဂျီမဟုတ်ဘူးကွ။ငါက လောကပါလနတ်မင်းကြီးပဲ။ဒီနေရာက သူတော်ကောင်းတွေ တရားအားထုတ်မွေလျော်တဲ့ နေရာကွ။မင်းလို အီးခေတ်က ကောင်တွေ လာရတဲ့နေရာမဟုတ်ဘူး။”

“ဒီမှာ နတ်မင်းကြီး၊ ခင်ဗျားပြောသလို အီးခေတ်က ကျုပ်တို့ကရော ဒီနေရာကို မလာရတော့ဘူးလား။ဘာလဲအဆင့်ခွဲတဲ့ သဘောလား။”

“ငါပြောတာ အဲဒီလိုမဟုတ်ဘူးကွ။ဒီနေရာကိုရောက်လာတဲ့ သူတော်ကောင်းအသစ်တွေ မရောက်လာတာ ငါတို့ နတ်သက်နဲ့တောင် အတော်ကြာနေပြီ။အခုလို မင်းရောက်လာတော့ အတော်ကို အထူးအဆန်းဖြစ်နေတာ။”

“ကျုပ်ကလဲ ဒီနေရာကို လာချင်လွန်းလို့ ရောက်လာတာမဟုတ်ဘူး။ဥယျာဉ်ဆိုလို့ရောက်လာတာ။အထဲမှာ ဘာမှလဲ မရှိဘူး။ဒါနဲ့ စကားမစပ် ခင်ဗျားတို့ဆီမှာ အင်တာနက်လေးဘာလေးမရှိဘူးလား။အခုဆို လူလောကမှာ နက်ကဖီးတွေမှ ခဲပစ်ရင်တောင် မလွဲနိုင်တော့ဘူး။ဘာဂိမ်းတွေ ခင်ဗျားတို့ဆော့လဲ။ကျုပ်ဆီမှာက ဂိမ်းဆိုင်တွေကလဲ မှိုလိုပေါက်နေတာ။ပရီးမီးယားလိဒ်ကြည့်ရအောင် ဆလောင်းလိုင်းတွေရော ဘာလိုင်းတွေရသလဲ။တိုက်တွေပေါ် ဆလောင်းချိတ်ထားလိုက်ကျတာများ မိုးပြဲဒယ်တွေ ပက်လက်လှန်ထားသလိုပဲ။”

“ငါတို့ဆီမှာ မင်းပြောတဲ့ အရာတွေတော့ ဘာမှမရှိဘူး။လိုလဲမလိုအပ်ဘူး။”

“ခင်ဗျားတို့ဆီမှာ ကပွဲတွေရော၊ မော်ဒယ်ရှိုးတွေရော၊ ဖျော်ဖြေမှုတွေရော မရှိဘူးလားဗျ။”

“မင်းပြောတဲ့ အပျော်အပါးတွေက တို့နေရာမှာတော့ မရှိဘူး။လိုလည်းမလိုလားအပ်တဲ့ အရာတွေပဲလေ။ဒါတွေကလဲ တဒင်္ဂ ပျော်ရွှင်မှုကိုပဲ ပေးစွမ်းနိုင်တာ။သူနောက်ကနေ တက်မက်မှုတို့၊ မလိုလောဘတို့၊ တဏှာတို့၊ ရာဂတို့ ဒါတွေက လိုက်ပါလာမှာပဲကွ။ငါတို့နေရာက ဒီဟာတွေနဲ့ ကင်းကွာသထက်ကင်းအောင် နေနေကြသူတွေဆိုတော့ ဒီလိုအကြောင်းအရာတွေ ကပ်ပါလာမှာကို မလိုလားကြဘူးလေ။ဒီနေရာမှာက စစ်မှန်တဲ့ငြိမ်းချမ်းမှုပဲ ရှိတယ်။မေတ္တာတရားရှိတယ်။ တရားမျှတမှုရှိတယ်။အေးချမ်းစိတ်ငြိမ်တဲ့နေရာလေးပါ။”

“ခင်ဗျားပြောတဲ့ ဒါတွေက ကျုပ်တို့ဆီမှာလဲရှိတာပဲ။အခုလောလောဆယ် ကျုပ်မြင်နေရတော့ ဒီနေရာမှာ ဘာမှလဲမတွေ့ရဘူး။ မြင်မြင်သမျှအရာတွေကလည်း မြူခိုးတွေဝေနေတာပဲ။ စီးပွားရေးလဲမရှိဘူး။နောက်ဘာတွေ လုပ်ကိုင်စားသောက်နေကြလဲ။ကျုပ်တို့လောကကြီးနဲ့ယှဉ်ရင် အတော့်ကိုပျင်းစရာကောင်းတဲ့ ခြောက်သွေ့နေတဲ့ နေရာတစ်ခုလို့ပဲ ကျုပ်မြင်တယ်။”

“ဒါက မင်းအမြင်ကိုကွ။မင်းမှာက အခုလောလောဆယ်မှာ မင်းနဲ့အတူ လောဘ၊ မောဟ၊ ဒေါသ၊ တဏှာစတဲ့ အရာတွေက ကပ်ပါလာသေးတော့ မင်းက ဒီနေရာမှာ ငါတို့မြင်သလို၊ ငါတို့ခံစားရသလို ဘယ်လိုလုပ်မြင်မှာလဲ။ဘယ်လိုလုပ်ပြီး တွေ့မြင်ရဦးမှာလဲ။မင်းအနေနဲ့ အရာရာဟာ မြူတွေအုပ်မိုးထားသလိုပဲ မြင်တွေ့ခံစားရဦးမှာပေါ့။မင်းတို့ လောကဓာတ် သိပ္ပံပညာတွေလိုတော့ ဒီနေရာမှာ ဘာမှအရှိကိုအရှိအတိုင်း မြင်တွေ့ခံစားရမှာ မဟုတ်ဘူး။မင်းတို့လောကမှာလို အသည်းအသန်ကို လုပ်ကိုင်ရှာဖွေစားသောက်စရာလဲ မလိုဘူး။ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ အဝတ်အစားတွေလဲ ဝတ်စရာမလိုဘူး။ဟိရိသြတ္တပကင်းအောင် လုံခြုံတဲ့အဝတ်တွေပဲ ဝတ်တယ်။အရာရာကို သင့်တင့်မျှတစွာရှိဖို့ပဲ လိုအပ်တာ။”

“ကျွန်တော်အနေနဲ့ကတော့ ဒီလိုမျိုးနေရာကြီးမှာ နေရရင်တော့ပျင်းစရာကြီှးဗျာ။အရာရာ အေးစက်စက်နဲ့ ရိုမာန်တစ်မဆန်လိုက်တာဗျာ။ဒီလိုနေရာမျိုးနဲ့ ရီနေဆန့်လောကမျိုးရွေးဆို ဘယ်လိုနည်းမှ ဒီနေရာမျိုးရွေးစရာအကြောင်းမရှိဘူး။”

“ဟကောင်လေးရ မင်းကအခုလောလောဆယ်တော့ မင်းအခုရပ်တည်နေနေခဲ့တဲ့ လူသားလောကကြီးမှာတော့ မင်းအတွက် အံဝင်ဂွင်ကျနေတဲ့ အကြောင်းအရာတွေကြောင့် မင်းကဒီလိုပြောတာပေါ့ကွ။မင်းအသက်အရွယ်ရလာလို့ ဘာမှမလုပ်ကိုင် မသန်စွမ်းနိုင်တော့တဲ့အခါကျရင်လဲ မိမိကိုယ်မိမိအလိုမကျမှုတွေနဲ့ပဲ ပြီးဆုံးသွားမှာ။အဲဒီအခါကျမှ မင်းတို့လိုလူသားတွေဟာ စစ်မှန်တဲ့ငြိမ်းချမ်းမှုတွေ တွေ့လိမ့်နိုးနဲ့ တောင့်တလာကြလိမ့်မယ်။ရှာဖွေလာကြမယ်။အဲဒီအချိန်ရောက်ရင် မင်းအတွက် စစ်မှန်တဲ့တရားတွေနိုင်ပါစေကွာ။”

လောကပါနတ်မင်းဆိုသူက သူ့ကို ကျောခိုင်းလှည့်ထွက်သွားပြီး အနီရောင်အလင်းရောင်တွေလဲ တဖြေးဖြေးမှေးမှိန်သွားပါသည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

ပူနွေးသောခံစားမှုကြောင့် မျက်စိကိုဖွင့်လိုက်တော့ စူးရှတောက်ပတဲ့နေရောင်က ဦးခေါင်းတဲ့တဲ့မှာ တည်နေတာပြီ။ဟိုမြူခိုးတွေဝေနေတာ ဘယ်ရောက်သွားပါလိမ့်။ခုနက မျက်ခင်းပေါ်လှဲအိပ်ပြီး ကောင်းကင်ကိုမော့ကြည့်နေရင်း အိပ်ပျော်သွားတာပြီး အိပ်မက်မက်နေတာကို။အခုတော့ ရှန်ဘဲလားအိပ်မက်တွေကနေ နိုးထွက်လာပြီး လူလောကထဲပြန်ရောက်လာတာပဲ။ လောလောဆည်တော့ တကျော့ပြန်လည် အသက်ဝင်လာတဲ့ ဒီရီနေဆန့်လောကမှာပဲ ပျော်လိုက်ပါဦးမယ်။

(ဖော့ဖော့လေးတွေးပြီး ပေါ့ပေါ့လေး ပြုံးနိုင်ကြပါစေ.............................။:P)

ဆက်လက်ကြိုးစားပါဦးမည်။