Friday, October 30, 2009

Bench Life


"ခုံတန်းလေးရဲ့ ဘဝ"

နေ့ရယ် ညရယ်
ခေတ်ပြိုင်ပြောင်းလဲ
လူသားအကျိုး
နေ့စဉ်ထမ်းပိုး
ဆောင်ညားသော်လည်း
တစ်စုံတစ်ဦး တစ်ယောက်ကမှ
ကျေးဇူးတင်ကြောင်း
ပြောမသွားကြဘူး။

ချစ်တယ် ကြိုက်တယ်
အဖန်ဖန် ပြောကြား
စုံတွဲများစွာ
ခုံတန်းပေါ်မှာ
ထိုင်ကြ ပြောကြ
သွားကြသော်လည်း
သူတို့လေးတွေ
နီးသွားသောခါ
ဘယ်အတွဲတလေမှ
အဖက်လုပ်ကာ ငုံကြည့်မသွားဘူး။

ပျိုရွယ် အိုငယ်
လူပေါင်းစုံတို့
စက္ကန့် မိနစ်
နာရီမလပ်
လာရောက်ခိုနား
အပန်းဖြေသွားလည်း
စားထားပြီးသား
အမှိုက်ခွံအချို့တောင်
ခုံတန်းလေးပေါ်ကျဲဖြန့်သွားတယ်။

ဆောင်းနဲ့ မိုးရယ်
နွေဥတုရယ်
အလီလီညွတ်ပြောင်း
အကြိမ်ပေါင်းများစွာ
ဖြတ်သန်းသော်လည်း
နေ့နေ့ ညည
ဥတုရဲ့ဒဏ်
ခါးစီးပြီးတောင် ခံခဲရသေးတယ်။

ဖြူလိုက် နီလိုက်
သုတ်လိုက်တဲ့ဆေး
ကျုပ်ရဲ့ကိုယ်ရောင်
လှပစေဖို့
အရေခွံများစွာ
အလဲအဖယ် ဝတ်ရသော်လည်း
လမ်းဖြတ်လျှောက်သူ
လူတစ်စုက
ကွမ်းသွေးနီတောင် ထွေးသွားသေးတယ်။

ထိုင်လိုက် ထလိုက်
ပြန်သွားလိုက်ကြ
ရောက်လာကြနှင့်
မရပ်မနား ကျုပ်ကျောသားပေါ်
ထိုင်ရုံလေးတင် အားမရသေးပဲ
တချို့တချို့ဆို
ရေးလိုက်ချစ်လိုက်
နင်းခြေလိုက်နှင့်
ချိုးဖဲ့လို့တောင် သွားကြသေးတယ်။

ညှင်းသဲ့တိုက်ခတ်
ဖြတ်သန်းလာတဲ့
အင်းယားရေပြင်
လေပြေညင်းကို
ပွေ့ယူနမ်းရှိုက်
အမောပြေဖို့ရာ
လူသားသဘာဝ
လာရောက်အပန်းဖြေ
ခိုနားသော်လည်း
စည်းမရှိသူ
အတွဲအချို့ကြောင့်
ခုံတန်းလေးခမြာ
မျက်လွှာချကာ ရှက်ရသေးတယ်။

အလွှာပေါင်းစုံ
မျိုးပေါင်းများစွာ
အဆင့်ဟူ၍
မခွဲခြားပဲ
အပန်းလဲဖြေ
အနားယူဖို့ရေး
တာဝန်ကိုတော့
အိုမင်းရင့်ရော်
ဟောင်းသွားတဲ့ထိ
ထမ်းသွားရမှာ။

(ခရာလင်း)
အင်းယာကန်သို့ အမှတ်ရလွမ်းမောမှု

Tuesday, October 27, 2009

ဇက်ပေါ်ကဇီးသီး (နီကိုရဲ)


ဒီဝတ္ထုတိုကလေးက ဆရာနီကိုရဲ လက်ရာပါ။မူရင်းစာက ဇော်ဂျီဖောင့်နဲ့ မဟုတ်တော့ Adobe Readerမှာ ဖတ်မရတာနဲ့ မူရင်းအတိုင်း စာရိုက်ပြီးတင်ပေးလိုက်တာပါ။ကျွန်တော့်လို ဖတ်မရခဲ့တဲ့သူတွေ အတွက်ရော၊ မဖတ်ရသေးတဲ့သူတွေ အတွက်ပါ ဆရာနီကိုရဲ ရေးထားတဲ့ စာကောင်းလေးတပုဒ် ဖတ်နိုင်စေရန် ရည်ရွယ်ပြီး တင်ထားရခြင်းပါ။ဟာသတွေ အရေးများတဲ့ ဆရာရဲ့ သာမရိုးကျ အတွေ့အကြုံလေးကို စာရေးဆရာတယောက် အမြင်နဲ့ ခံစားမှုရသလေး ပြောင်မြောက်သွားအောင် ဖန်တီးထားတဲ့ ဆရာ့ရဲ့လက်ရာလေးပါ။ကျွန်တော်ဖတ်ရင်းနဲ့ ဇီးသီးသည်ကလေးရဲ့ဘဝလေးကို တွေးရင်း အရင်က ချောင်းသာသွားခဲ့စဉ်က ဇက်ဆိပ်မှာ ဒီလိုဇီးသီးသည်လေးတွေ ရောင်းချနေတာတွေခဲ့ဖူးပေမယ့် ဆရာရေးထားသလို မတွေးမိခဲ့ဖူးပါဘူး။အခု ဆရာနီကိုရဲအတွေးလေးနဲ့ ရေးထားတာဖတ်ကြည့်ကြပါဦး...........။

ဇက်ပေါ်ကဇီးသီး

ကျွန်တော်တို့ရှုတင်အဖွဲ့ ချောင်းသာက နေ့ကားရိုက်ပြန်လာကြတုန်းက ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်တော်တို့အဖွဲ့ဟာ ချောင်းသာမှာ အားလုံးဆယ့်တစ်ရက် နေခဲ့ကြရပါတယ်။ချောင်းသာဆိုတာက အပန်းဖြေတဲ့နေရာပါ။ဒါပေမဲ့ ကျွန်တော်တို့အတွက်ကျတော့ အလုပ်သွားလုပ်ရတဲ့နေရာ ဖြစ်နေတယ်။

ဒီတော့ ချောင်းသာသွားရတဲ့ခရီးမှာ ကျွန်တော်တို့နဲ့အတူသွား ခရီးသည်တွေဟာ ခံစားချက်ပြောင်းပြန်ဖြစ် နေလေ့ရှိပါတယ်။ သူတို့က ချောင်းသာကိုအသွားမှာ ပေါ့ပါးလွတ်လပ်နေပြီး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာကြီးကို ခရီးသွားတဲ့အရသာ ခံစားနေကြတာကို သူတို့မျက်နှာမှာ အတိုင်းသားကို မြင်နေရပါတယ်။ ကျွန်တော်တို့ကတော့ သူတို့လောက် မပေါ့ပါးနိုင်ဘူး။ မပျော်ရွှင်နိုင်ကြပါဘူး။ ဟိုကိုရောက်ရင် အလုပ်လုပ်ရမှာကိုး။ ချောင်းသာမှာ ကျွန်တော် ဇာတ်ညွှန်းရေးခဲ့တဲ့ ဇာတ်ကား(၁၀) ကားမှာ ကိုးကားကလမ်းမှာ ဇာတ်အိမ်တည်တာများပါတယ်။ မင်းသား နဲ့မင်းသမီးတို့ လမ်းမှာ ခရီးစကတည်းက အဆင်ပြေမှု၊ မပြေမှုကလေးနဲ့ စတွေ့ကြတယ်ပေါ့လေ။ထားပါတော့လေ။

ကျွန်တော်ပြောချင်တာက ရုပ်ရှင်ရိုက်တဲ့ အကြောင်းမဟုတ်ပါဘူး။ ချောင်းသာက အပြန်လမ်း မှာ ကြုံခဲ့ရတဲ့ အဖြစ်ကလေးအကြောင်းပါ။

ချောင်းသာကမ်းခြေကနေဆင်းလာပြီး (အဲဒီအချိန်က) ရှောပြာဇက်ဆိပ်မှာ ဟိုတစ်ဖက်(ပုသိမ်ဘက်)ကို ကူးဖို့ ဇက်စောင့်နေရတာပါ။ဇက်ကတစ်စင်းတည်းမို့ ဒီဘက်က လူနဲ့ ကားကိုတင်၊ ဟိုဘက်က လူနဲ့ကား တွေကို တင်ပြီးပြန်လာ၊ အဲဒီလို လွန်းထိုးဆွဲရတာပါ။ ဒီဘက်ဇက်ဆိပ်မှာရော ဟိုဘက်ဇက်ဆိပ်မှာပါ တစ်နာရီ စောင့်လေ့ရှိပါတယ်။ အဲဒီနေ့က ကျွန်တော်တို့ရှုတင်ကား ရှောပြာဆိပ်ကိုရောက်တော့ ဇက်က ငဝန်မြစ်အလယ်မှာ လှမ်းမြင်နေရပါတယ်။ ၁၀-မိနစ်လောက် နောက်ကျသွားတယ်ဆိုပါတော့..။

ဟိုဘက်ပြန်လာမယ့် ဇက်ကိုစောင့်ရင်း ဇက်ဆိပ်က ဆိုင်လေးတွေမှာ ထိုင်သူကထိုင်ပါတယ်။ ကျွန်တော်ကတော့ ငဝန်မြစ်ကိုကြည့်ဖို့ လေကလေးတဖြူးဖြူးတိုက်နေတဲ့ ကမ်းစပ်က သစ်ပင်ရိပ်မှာ သွားရပ်ရင်း ငဝန်မြစ်ထဲမှာ ပိုက်ချတဲ့လှေကလေးတစ်စင်းကို ငေးနေမိတယ်။

အဲဒီအချိန်မှာပဲ ကျွန်တော်ရပ်နေတဲ့ သစ်ပင်ရိပ်ကို သံလင်ပန်းလေးခေါင်းမှာရွက် သစ်သားခုံကလေးကို လက်မှာကိုင်ထားတဲ့ ကလေးမလေးတစ်ယောက်ဝင်လာပါတယ်။
ပြီးတော့ ကျွန်တော်နဲ့မလှမ်းမကမ်းမှာ လက်ထဲကခုံကိုချပြီး ခုံပေါ်ကိုခေါင်းပေါ်က ဗန်းကလေး တင်ပါတယ်။ ဗန်းထဲမှာပါလာတာ ဂေါ်လီလုံးအရွယ် တောဆီးသီးကလေးတွေရယ်၊ မည်းတူးနေတဲ့ဝိုင်အိုလက်ပေါင်ဒါဘူး လေးတစ်ဘူးရယ်၊ ကြွပ်ကြွပ်အိတ်နဲ့ထုပ်ထားတဲ့အထုပ်ရယ်၊ ဆားနဲ့ငရုတ်သီးအစိမ်းမှုန့် စပ်ထားတဲ့ကော်ခွက် ကလေးရယ်ပါ။

ကလေးမလေးက ပိန်ပိန်ပါးပါးလေးပါ။ သူဝတ်ထားတဲ့ ဂါဝန်ကလေးက အရောင်လွင့်လို့၊ အင်္ကျီကတော့ ဘာအရောင်ရယ်လို့တောင် အတိအကျပြောလို့မရတော့လောက် အောင်ပါပဲ။ ကျွန်တော်တို့ခရီးသွားရင် လမ်းဘေးတို့၊ ကားဂိတ်တို့မှာ တွေ့နေကျ ဈေးသည်မကလေး ဆိုပါတော့။ ထုံးစံအတိုင်း ဖိနပ်ကလည်းမပါဘူး ။

ကလေးမလေးက အမောဖြေရင်းနဲ့ ဗန်းထဲက ဆီးသီးတွေကို တောင်ပူစာကလေးတစ်ခုဖြစ်အောင် စုပုံနေတယ်။ သူ့ဗန်းထဲက အမြင်ကောင်းတယ်လို့ ထင်ရတဲ့ဆီးသီးတွေကို အပေါ်မှာတင်နေတာပါ။ ငဝန်မြစ်ကို ငေးဖို့လာတဲ့ကျွန်တော်ဟာ ကလေးမလေးကိုငေးရင်း ရင်ထဲမှာ သနားသွားတယ်။
ကျွန်တော့်သနားစိတ်က ထူးထူးဆန်းဆန်းရယ်တော့ မဟုတ်ပါဘူး။ ကျွန်တော့်လိုပဲ ပုံမှန်ကရုဏာစိတ်ရှိတဲ့သူတိုင်း ရင်ထဲမှာဖြစ်လေ့ရှိတဲ့ သနားစိတ်ပါ။ ကျောင်းမနေရရှာဘူး ထင်ပါရဲ့၊ သူ့ဘဝရှေ့ရေးအတွက် ဘာလုပ်မှာလဲ၊ အမိအဖရောစုံရှာရဲ့လား စသည်ဖြင့်အတွေးတွေပါ။

ကျွန်တော်ဘာလုပ်ပေးနိုင်မလဲလို့ စဉ်းစားတယ်။ ဘာမှလုပ်မပေးနိုင်ဘူးဆိုတာ သိရတော့ ရင်မောသွားတယ်။ ကျွန်တော့်ရင်ထဲမှာ ကရုဏာတရားရှိပါတယ်။ ဒါပေမဲ့ အဲဒီကရုဏာက မာသာထရီဆာရဲ့ကရုဏာမျိုးတော့ မဟုတ်ဘူး။ ကျွန်တော့်ရင်ထဲက ကရုဏာက ဆရာကြီးဦးရွှေအောင်စကားနဲ့ပြောရရင် ပါရမီထိုက်တဲ့ကရုဏာ မဟုတ်ပါဘူး။ သာမန်ကရုဏာမျိုးပါ။

ကျွန်တော် သူ့ကို ဘာကူညီနိုင်သလဲဆိုတော့ သူ့ဆီက ဆီးသီးလေးတွေ ဝယ်စားရင်းနဲ့ကူညီနိုင်ပါတယ်။ ကျွန်တော်တတ်နိုင်တာ ဒါပဲမဟုတ်လား။
“ဆီးသီးဘယ်လိုရောင်းတုံးဟ လုပ်စမ်းပါဦး”
“တစ်ဘူးတစ်ဆယ်”
“အင်း..ဒါဆို..ငါးဆယ်ဖိုး ငါးဘူးထားလိုက်”

ကျွန်တော်နောက်တာက ရိုးလွန်းလို့ ဘယ်သူမှ မနောက်တော့တဲ့ပြက်လုံးပါ။ ကျွန်တော်ကလည်း ဘာရယ် မဟုတ်ဘူး၊ ပါးစပ်က ထွက်သွားတာ။ ဒါပေမဲ့ကောင်မလေးက တစ်ချက်တွေသွားတယ်။ ပြီးတော့ ကျွန်တော့်ကို မျက်လုံးမွဲကလေးနဲ့ မော့ကြည့်ရင်း..
“မရပါဘူးဦးရယ်၊ မေမေက သူပြောတဲ့ဈေးအတိုင်းမရောင်းရင် ရိုက်လိမ့်မယ်”

သူ့အကြည့် သူ့စကားသံကြောင့် ကျွန်တော်ဘာမှမပြောနိုင်ဘဲ ရင်ထဲဆို့သွားတယ်။ ဒုက္ခပဲ စာလည်း မတတ်ဘူးထင်ပါရဲ့လို့ စိတ်ထဲတွေးရင်း မှတ်ထားဟဲ့လို့ ကိုယ့်ကိုယ်ကို အပြစ်ပေးလိုက်ပါတယ်။
“ဦးက စတာပါ သမီးရယ်။ တစ်ဘူးတစ်ဆယ်ဆို ငါးဘူးငါးဆယ်ပေါ့ မဟုတ်ဘူးလား”
ကလေးမလေးက တစ်ချက် စဉ်းစားပြီးတော့ ခေါင်းညိတ်ရှာပါ တယ်။
“ဦးက အလကားနောက်တာ ပါ။ ကဲ တစ်ရာဖိုးပေး”
ကလေးမလေးက ဝမ်းသာအားရ ကျွန်တော့်ကိုမော့ကြည့်တယ်။ ပြီးတော့ ထိုင်နေရာကထရပ်ရင်း
“ဦး ခဏစောင့်နော်”ဆိုပြီး ကုက္ကိုပင်နောက်ကို ပြေးထွက်သွားတယ်။ ဘာကြောင့်မှန်းမသိတော့ ကျွန်တော်လည်း ကြောင်ပြီး ကြည့်နေရုံပါပဲ။

ကျွန်တော် ဆီးသီးများများဝယ်တာက အကြောင်းရှိပါတယ်။ ပထမ တစ်ခုကတော့ သူ့ကိုအားပေးချင်တာပါ။ ဒုတိယတစ်ချက်က ဟိုဘက်ကမ်းရောက်လို့ ပုသိမ်ကနေ ရန်ကုန်ကို မောင်းတဲ့လမ်းတစ်လျှောက်မှာ လူတွေငိုက်ကြမှာပါ။ အဲဒီတော့မှ တောဆီးသီးကလေးတွေကို ဆားနဲ့ တို့စားပြရင် အေးသီတာတို့၊ ဖြူဖြူလွင်တို့ စတဲ့ဇာတ်ပို့အုပ်စု သွားရည်ကျကြမှာအမှန်ပဲ။ သူတို့တောင်းစားရင် ကျွန်တော်က သွားရည်ကျတံတွေးမျိုစတဲ့ ဣနြေ္ဒတော်တော်ပျက်မှ ကျွေးမယ်လို့ စိတ်ကူးပြီး ဝယ်တာပါ။ အခုတော့ ကလေးမလေးက ဘယ်ကိုပြေးပြီး ဘာလုပ်မှန်း မသိတော့ ကျွန်တော်အူကြောင်ကြောင်နဲ့ စောင့်နေရတာပေါ့ဗျာ။

ခဏကြာတော့ပြန်ရောက်လာတယ်။ မျက်နှာမှာလည်းပျော်လို့ လက်ထဲမှာ နို့ဆီခွက်တစ်လုံးနဲ့ ..။
“အမေက ပြောတယ်၊ တစ်ရာဖိုးဆိုရင် ဒါနဲ့ငါးခွက်တဲ့”
နို့ဆီခွက်ကို မြှောက်ပြရင်းပြောတော့ ကျွန်တော်ဘာမှပြန်ပြော မနေတော့ပါဘူး။ သူက ဆီးသီးလေးတွေကို သေသေချာချာထည့်ပေးပါတယ်။
“မင်း ကျောင်းမနေတော့ဘူးလား။”
သူက ခေါင်းကို ခါပါတယ်။ သူ့မျက်နှာပေါ်မှာ ဘာအရိပ်မှမရှိဘူး။
“ဘယ်နှတန်းအထိနေဖူးလဲ”လို့ ဆက်မေးတော့ ဘာမှပြန်မဖြေဘူး။ ကျွန်တော်ဟာ သူ့ဘဝနဲ့ဘာမှ မဆိုင်တာတွေကို လျှောက်မေးသလို ဖြစ်နေတယ်ထင်ပါရဲ့။
“ဆားကို သပ်သပ်ထုပ်ပေးနော်။”
“ဟုတ်ကဲ့”
“နင့်အမေက ဈေးမရောင်းဘူးလား။”
“ဖျားနေတယ်။”
“ဘာဖြစ်လို့ ဖျားတာလဲ။”
“ဟို ခြေထောက်ကို သစ်စစူးတာ။”
“ဆေးခန်းမပြ...”
ကျွန်တော်စကားကို ရပ်ပစ်လိုက်တယ်။ မလိုအပ်တဲ့စကားကို ဘာဖြစ်လို့မေးနေမှာလဲ။ သူ့ကို ဆီးသီးဖိုး ပိုက်ဆံပေးရင်း ပိုက်ဆံထပ်ပေးဖို့ စိတ်ကူးလိုက်မိပေမယ့် ပြီးခဲ့တဲ့အခေါက်တွေတုန်းက ဇက်မောင်းတဲ့ဘကြီး ပြောတဲ့စကားကို ပြန်သတိရတယ်။
“မောင်ရင်တို့ကတော့ စေတနာနဲ့သနားလို့ ပေးပေးသွားတာပဲ။ ဒါပေမဲ့ ကြာတော့ ကလေးတွေက အကျင့်ပါပြီး ရောင်းမစားတော့ဘူး တောင်းစားကုန်ရော။”တဲ့။

ဒါနဲ့ ကျွန်တော်ဆီးသီးထုပ်ကို ကျောပိုးအိတ်ထဲထည့်ရင်း ရှုတင်ကားဆီပြန်လာရတယ်။ အိတ်တွေအောက် တော်တော်ရောက်နေတဲ့ ကျွန်တော့်အိတ်ကိုရအောင်ထုတ်ပြီး ကျွန်တော်ဆောင်လာတဲ့ ကိုယ်ပူကျဆေးရယ်၊ အကိုက်အခဲပျောက်ဆေးရယ်၊ ဘာမီတွန်ရယ် ယူလာပြီး သူ့ဆီသွားပေးရတယ်။
“အစာစားပြီးရင် ဒါတစ်လုံး ဒီဟာ တစ်လုံးသောက်ရမယ်။ အစာမစားဘဲ၊ အစာမရှိဘဲနဲ့ မသောက် ရဘူး ကြားလား။ လေးနာရီခြား တစ်ခါသောက်ရမယ်။ ဟောဒီပန်းရောင် အလုံးလေးကိုတော့ အိပ်ခါနီးမှ သောက်ရမယ်။ ကဲ ပြန်ပြောစမ်း”

သူက သွက်သွက်လက်လက်ပဲ ပြန်ပြောပြပါတယ်။ မှားနေတာကို နှစ်ခါပြင်ပေးပြီး မှန်သွားတော့မှ သူ့အမေဆီ သွားပေးခိုင်းရတယ်။ သူ ပြေးထွက်သွားတော့ ကျွန်တော်တို့ ကူးရမယ့်ဇက်က ရေလယ်ကို ရောက်နေပါပြီ။

ဇက်ပေါ်ကားရောက်တော့ ထုံးစံအတိုင်း ဆူဆူညံညံပေါ့လေ။ ကျွန်တော်ကတော့ နောက်ကျိနေတဲ့ငဝန်မြစ်ရေကို ဇက်လက်တန်းကိုကိုင်ရင်း ငေးကြည့်နေမိတယ်။
သတိရလို့ ကျောပိုးအိတ်ထဲက ဆီးသီးကလေးတစ်လုံးထုတ်စားတော့ စားလို့ကောင်းသားခင်ဗျ။ ကြွပ်ကြွပ်နဲ့ချိုလို့ မချဉ်သလောက်ပါပဲ။ ဒါနဲ့ ကျွန်တော်လည်း ခံတွင်းတွေ့ပြီး ထုတ်စားနေမိတယ်။ ဆားလေးနဲ့တို့ စားတော့ အိုကေပဲ။

မြစ်လယ်ရောက်တော့ ကျွန်တော်လည်း ရှုတင်ကားပေါ်ထိုင်လိုက်ရင်း ဆီးသီးစားရင်းပေါ့လေ။ ကျွန်တော်ထင် တဲ့အတိုင်း ဟိုအငတ်တွေကလည်း တောင်းစားတာပါပဲ။ ကျွန်တော်က ဆီးသီးသည်ကလေးအကြောင်း ပြောပြတော့ သူတို့စိတ်ဝင်စားကြပါတယ်။ ကျွန်တော့်ဆီက ဆီးသီးစားကောင်းအောင်ဟန်ဆောင်တာလား၊ ဘာလားတော့ မသိဘူး ပေါ့လေ။

မြစ်လယ်ရောက်တော့ ကျွန်တော့်ဆီးသီးလည်း ကုန်ရောပေါ့လေ။ တစ်ယောက်တစ်လက်ဆိုတော့ ဘယ်ခံနိုင်မှာတုံး၊ အဲဒီအချိန်မှာပဲ “ဆီးသီးချိုချိုလေး”ဆိုတဲ့ ကောင်မလေးရဲ့အသံကို ကျွန်တော်ကြားရတော့ ဝမ်းသာသွားတယ်။ ခေါ်လိုက်ရင် ဒီကောင်မလေး ကျိန်းသေရောင်းရတော့မှာ မဟုတ်လား။
“ကြားလား၊ အဲဒါသူ့အသံပဲ ခဏနေဦး။”

စောင့်ကြည့်တော့ သူဖြစ်နေတာနဲ့ လှမ်းခေါ်ရတယ်။ ကားပေါ်က ဇာတ်ပို့တွေကလည်း ကျွန်တော်က ပူပူနွေး နွေးဇာတ်ပို့ထားတော့ ကောင်မလေးကို စိတ်ဝင်စားပြီးဝိုင်း ဟိုမေးဒီမေးပေါ့။ သူကလည်း ရုပ်ရှင်ထဲက အစ်မကြီးတွေဆိုပြီးပျော်လို့။
“ကဲ နင့်ဆီးသီးတွေကို ငါတို့ အကုန်ဝယ်မယ်။ ဟုတ်ပြီလား၊ ကဲ အားလုံးကို ငါးရာယူ”
“ဟင့်အင်း မရဘူးအစ်မ၊ အမေ ဆူလိမ့်မယ် မရဘူး။”
သူ့စကားကြောင့် ငတိမတွေ အံ့ဩသွားကြတယ်။ နို့ဆီဘူးတစ်ဘူးမှ နှစ်ဆယ် သူ့ဗန်းထဲကဆီးသီးက ဘယ်လိုမှ ငါးရာဖိုးမရှိဘူး။
“အံမယ်မရွှေစာ..ညည်းဟာက တစ်ဘူးမှနှစ်ဆယ်၊ ငါးရာဆိုတာ ငါတို့က နင့်ကိုပိုပေးထားတာ။”
“ဟင့်အင်း ခြင်ကြည့်မယ်လေ အစ်မရယ်... နော်။”
“ကဲ.. ကဲ ခြင်မယ်ဆိုလည်း ခြင်ခြင်။”

သူက ဇက်ပေါ်မှာ ထုံးစံအတိုင်း ဒူးကလေးထောင်ပြီး ထိုင်ပါတယ်။ ပြီးတော့ နို့ဆီခွက်ထဲ ဆီးသီးတွေထည့်၊ လွတ်တဲ့နေရာမှာပုံ၊ နောက်တစ်ခါထပ်ထည့်တုန်း ပထမဆီးသီးတွေကရောကုန်နဲ့ ဒုက္ခများနေရှာ တယ်။ ဇက်ကလှုပ်နေတော့ ဟိုဘက်ဒီဘက် ပုံထားတဲ့ဆီးသီးတွေက ဘယ်ငြိမ်ပါ့မလဲ။

နောက်ဆုံးတော့ ကောင်မလေး စိတ်တိုလာပုံရတယ်။ ဒူးခေါင်းထောင်ထားတဲ့ သူ့စကတ်ထဲ ဗန်းထဲက ဆီးသီးတွေ အကုန်လောင်းထည့်ပစ်လိုက် တော့ ရှုတင်ကားပေါ်က ငတိမတွေ အော်လိုက်ကြတာ ဆူညံကုန်တာပဲ။ သူ့စကတ်က ညစ်လည်းညစ်ပတ်ရ တဲ့ထဲ ဒူးခေါင်းထောင်ထားတဲ့ထဲ ထည့်တော့ဘယ်ဟုတ်တော့မှာလဲ။ ဒါပေမဲ့လည်း ဘာမှမတတ်နိုင်တော့ဘူးလေ။

အားလုံးခြင်ကြည့်တော့ တစ်ရာ့ လေးဆယ်ဖိုးပဲရှိတာပေါ့။ ဒါပေမဲ့ သူ့ကိုငါးရာပဲ ပေးလိုက်ပါတယ်။ဇာတ်ပို့ငတိမ တွေက ကျွန်တော့်ကို ဆီးသီးတစ်အိတ်ပြန်အစားပေးတယ်။ ဒါပေမဲ့ကျွန်တော်က ဘယ်စားမလဲ။အဲဒီအဖြစ်ကို မသိတဲ့လူလာရင် ဆီးသီးထုတ်ကျွေး။ စားရင်ဝိုင်းရယ်ကြနဲ့ ကျွန်တော်လုပ်တာထက်တောင်မှ ပျော်စရာကောင်းနေသေးတယ်။ ငှက်ပျောကြော်တို့ ၊ကင်းကောင်တို့လည်း အဲဒီဆီးသီးနဲ့ခံရပါတယ်။ဇက်ဆိပ်ရောက်လို့ ကားပေါ်တက်တော့ ကောင်မလေးက ဆီးသီးဗန်းကလေးကိုင်ပြီး ကျွန်တော်တို့ကို ငေးလို့..။

အိမ်ရောက်လို့ ၃၊ ၄ရက်ကြာ တော့ ကျွန်တော့်ဇနီးက ခရီးဆောင် အိတ်လျှော်ဖို့လုပ်တော့..။
“ဟင် ဒီမှာ ဆီးသီးထုပ်ကြီးပါလား။ ဘယ်တုန်းက ဆီးသီးလဲ”
“ချောင်းသာကအပြန်ဇက်ပေါ်က ဆီးသီးပါကွာ၊ မကောင်းတော့ပါဘူး။ လွှင့်ပစ်လိုက်ပါတော့..”
ကျွန်တော်တစ်ချက်သတိရမိသွားတယ်။ ဒီအချိန်ဆို ကောင်မလေးဆီးသီးရောင်းနေမှာပဲ။ သူ့အမေရော နေကောင်းသွားပြီလားလို့ပါ။

နီကိုရဲ
ဆရာနီကိုရဲကို ဤစာမူဖြင့် နှုတ်ဆက်ပါသည်။
PDF နဲ့ဖတ်ချင်သူများအတွက် ဒီမှာ ဖတ်ပါ။



Friday, October 23, 2009

မေတ္တာပဓာန

အလျားအနံတော့မရှိပေမယ့် အသွားအပြန်တော့ ရှိတယ်ဆိုတဲ့ စကားလေးက လူတိုင်းလူတိုင်း ကြားဖူးနေကြပါ။မေတ္တာတရားအကြောင်းကို ပုံနှိုင်းပြကြတဲ့ စကားလေးပါ။လူသားတွေဟာ တစ်ဦးပေါ်ကို တစ်ဦးက မေတ္တာသက်ရောက်မှုရှိမယ်ဆိုရင် မှန်သားပြဒါးပြင်ပေါ် အလင်းကျရောက်လာလို့ တဖန်အလင်းပြန်တဲ့ သဘောတရားလိုပေါ့ မေတ္တာတရားဟာလဲ အမြဲတမ်း စတင်ပို့လွှတ်တဲ့သူဆီကို တနည်းတဖုံ ပြန်လည်ရောက်ရှိလာတတ်စမြဲပါ။ ဒီလိုအကြောင်းကျိုးတရားတွေကြောင့် လူသားတွေ တစ်ဦးပေါ်တစ်ဦး မနာလိုဝန်တိုစိတ်၊ ခိုက်ရန်ဒေါသ ဖြစ်လိုစိတ် အရှင်းနဲ့ မေတ္တာထားခဲ့ကြလို့ ငြိမ်းချမ်းတဲ့ သာယာကြည်နူးဖွယ်ကောင်းသော အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ကြဖူးပါတယ်။ ဒီလိုအကြောင်းတရားတွေဟာ အခုလဲ ရှိနေဦးမှာပဲ။နောင်လဲ လာကြဦးမှာပါပဲ။
မေတ္တာတရားရဲ့ အင်အားကြီးမားပုံကိုတော့ လူတွေအတော်များများ သိရှိခံစားနားလည်ဖူး ကြပါလိမ့်မည်။မေတ္တာတရားဟာ လူသားတွေတင်ပဲလား၊ ဒီသတ္တလောကကြီးပေါ်မှ အခြားခြားသော သက်ရှိသတ္တဝါတွေ အပေါ်မှာလဲ တစ်ဦးနှင့်တစ်ဦး၊ တစ်ကောင်နှင့် တစ်ကောင် အပြန်အလှန်သက်ရောက်မှုတွေကို ဖြစ်ရပ်မှန်သတင်းတွေ၊ ရုပ်ရှင်တွေ၊ မျက်မြင်ကိုယ်တွေ့တွေ စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ မြင်ကြ၊ တွေ့ကြ၊ သိမြင်ခံစားဖူးကြမှာပါ။

+++++++++++++++++++++++++++++++++++++++++++++++++++++++

အချိန်ဆိုတဲ့ကာလတွေဟာ သက်တမ်းနှင့် အမျှကို ဝေးကွာသွားတတ်ကြပေမယ့်လဲ ဖြစ်ပျက်ခဲ့ကြတဲ့ အမှတ်တရ ရှိမှုလေးတွေကတော့ စိတ်နှလုံးသားသဏ္ဍာန်ကနေ ဘယ်နည်းဘယ်ပုံနည်းနှင့်မျှ ရွှေ့ရှားပျောက်ကွယ် သွားလေ့မရှိကြပါဘူး။တခါတရံမှာသာ မေ့ပျောက်ကောင်း မေ့ပျောက်သွားတတ် ကြပေမယ့်လည်း အလားတူ ဖြစ်ပျက်မှု၊ တိုက်ဆိုင်မှုလေးတွေကို ပြန်လည်တွေ့ရှိရတိုင်း မိမိတို့ခံစားဖူး၊ ဖြစ်ပျက်ခဲ့ဖူးသော အဖြစ်အပျက်ကလေးတွေဟာ ပြန်လည်မှတ်မိလာတတ် စမြဲပါပဲ။

တနေ့ ရေချမ်း ရုံးထဲမှာ အလုပ်ပါးလို့ နက်ထဲဝင်ကြည့်ရင်း ကိုပီတာတင်ပြထားတဲ့ လူသားသခင်က အလွန်တရာမှ ဆိုးရွားလွန်းလို့ သေဒဏ်ပေးထားတဲ့ သူရဲ့ခွေးကြီးကို ကာကွယ်လိုတဲ့ မေတ္တာအကြောင်းလေးဖတ်ရတော့ ရေချမ်းတစ်ယောက် ဟိုးအတိတ်ငယ်စဉ်က သူနှင့် ကောက်ရတို့ ပုံရိပ်လွှာလေးကို မြင်မိရင်း……………………………………………………………။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

“တယ် ဒီခွေးမ သတိထားဟေ့ ….လူတွေကိုလဲ လိုက်ကိုက်နေတယ်။ဟဲ့ကလေးတွေ အနားမကပ်ကြနဲ့နော်။ဒီခွေးမကြီးက သားကျထားတာ၊ သူ့ကလေးတွေနားကပ်မှာဆိုးလို့ လမ်းသွားလမ်းလာ လူတကာကို လိုက်ဟပ်နေတာ။”
အထက်ပါ မအေးသန်းရဲ့ ခုနှစ်အိမ်ကြား သူ့အသံပြဲကြီးနဲ့ လမ်းသွားလမ်းလာများ၊ ကလေးများကို အော်ပြောပြီး သားကျပြီးကာစ ခွေးမကြီးရဲ့ လူတကာကို ရန်လိုနေမှုကို အော်ပြောရှင်းပြနေတာကို ရေချမ်းတစ်ယောက် အိမ်ပေါ်မှ အတိုင်းသားကြားနေရသည်။ဒီခွေးမကြီးကလဲ သူအရင်စံပျော်ရာ ရေချမ်းအိမ် မျက်စောင်းထိုးလောက်က ညောင်ပင်ကြီးအောက်မှာပင် သူ့ကလေးတွေကို မွေးခဲ့တာ ရက်ပိုင်းလေးပဲ ရှိဦးမည်ထင်သည်။

ဒီညောင်ပင်ကြီးက လမ်းနှစ်ခွဆုံထိပ်လေးတွင်ရှိပြီး ထိုနှစ်လမ်းလုံးမှလဲ ဈေးဘက်ကို သွားလို့ရ၍ ဒီလမ်းဆုံလေးသည် ဘယ်အချိန်ကြည့်ကြည့် ဈေးသွားဈေးလာဖြင့် ကင်းလှသည်မရှိလှပေ။ နောက်ပြီး တစ်ချို့ဈေးသွားသူတွေကလဲ ဈေးအသွားကို ဈေးထိပ်အမှိုက်ပုံကြီးမှာ ပြစ်ရန် အမှိုက်ထုပ်လေးတွေကို ဈေးခြင်းထဲထည့်လာတတ်ကြသည်။သူတို့တွေက ညောင်ပင်ကြီးအောက်နားက ဖြတ်သွားတိုင်း ဒီခွေးမကြီးက သူတို့ရဲ့ စားကျွင်းစားကျန် အနံအသက်ကြောင့် သူတို့နောက်က ကောက်ကောက်လိုက်ပြီး အစာတောင်းလေ့ရှိသည်။ဒါကို တချို့ ခွေးကြောက်သူ၊ သူတို့နောက်ခွေးလိုက်တာ မကြိုက်သူတချို့ကတော့ ခွေးမကြီးကို ဟိန်းလွှတ်ကြ၊ ခြောက်လွှတ်ကြသည်။ သနားဓာတ်ခံရှိသူတွေကတော့ ညက ဟင်းကျန်ကျွေးကျန်လေးများကို ကျွတ်ကျွတ်အိတ်လေးတွေနှင့် ထုတ်လာပြီးချကျွေးတတ်ကြသည်။

ရေချမ်းကတော့ ညဘက် ဒီခွေးမကြီးအတွက် ထမင်းကြမ်းအချို့နဲ့ ဟင်းကျန်ကလေးများ နယ်ဖတ်ပြီး ခြံထောင့်မှာ သူအတွက် စာခွက်လုပ်ပေးထားသည်။ဒါကြောင့်လဲ ဒီခွေးမက ညနေပိုင်းဆို ရေချမ်းတို့ အိမ်ဝန်းကျင်မှာ တဝဲလည်လည်ရှိနေတတ်သည်။ရေချမ်းက ဒီခွေးမကြီးကို “ကောက်ရ”လို့ သူ့ဘာသာ အမည်ပေးထားသည်။ ခွေးမကြီးကလဲ သူ့နာမည်ကိုသိသည်။အစာကျွေးခါးနီး “ကောက်ရရေ” ဟုခေါ်လိုက်ရုံဖြင့် အမြီးလေးတနှံနှံဖြင့် ပြေးလာတတ်ပြီး သူ့အစာကို မစားသေးမှီလဲ ရေချမ်းကို ကျေးဇူးတင်ကြောင်း သူ့မျက်လုံးတွေဖြင့် ကြည့်ပြောတတ်သည်။

တခါတုန်းကလဲ ကောက်ရကြောင့် ရေချမ်းတို့အိမ်ကို သူခိုးကပ်တာမိသွားခဲ့ရဘူးသည်။ မနက်လင်းအားကြီး လူတွေအိပ်ကောင်းချိန်ပေါ့ ကောက်ရတစ်ကောင် တခါဘူးမျှ အူသံရှည်ရှည်မဆွဲဘူး။ ဟောင်လဲ တစ်ချက်နှစ်ချက်လောက်ဟောင်ပြီး တိတ်သွားတတ်သည်။အဲဒီနေ့မှ ရေချမ်းအဖေကလဲ “ဒီခွေးမ သူ့လလဲမဟုတ်သေးပဲ ဘာကြောင့်အူနေတာလဲမသိဘူး”ဟု သတိထားပြောသည်။နောက်သူ့အသံက အူယုံတင် မဟုတ်သေး တစ်ချက်တစ်ချက် ရေချမ်းတို့အိမ်ရှေ့တဲ့တဲ့ကြီးမှာ လာဟောင်သေးတယ်။အဖေလဲ ထူးခြားတယ်ဆိုပြီးထကြည့်တာ ကိုရွှေငတက်ပြားက ခြံထောင့်က စံပယ်ရုံကြီးထဲမှာ ရှေ့ထွက်မရ နောက်ထွက်မရပဲ ဖြစ်နေတာ အဖေကတွေ့သွားပြီးမိသွားသည်။သူက ဘယ်ရှေ့တိုးထွက်နိုင်မလဲ ကောက်ရမက သူအရှေ့က ပိတ်ပြီးဟောင်နေတာ။သူခိုးက အဲဒီမှာ ဂိမ်တာပဲ ရှေ့တိုးရင်လဲ ခွေးမပါးစပ်က ဖြဲဖြဲကြီးနဲ့အဆင်သင့်၊ နောက်ဆုတ်ရင်လဲ ရေချမ်းအဖေက ကိုးသင်းချိုင်းဓားကြီး တဝင့်ဝင့်နဲ့ မတတ်သာတဲ့အဆုံး စံပါယ်ရုံထဲမှာပဲ တဟင့်ဟင့်နဲ့ ရှိုက်ငိုရတဲ့ အဆင့်ရောက်သွားပါတယ်။ (ကိုးသင်းချိုင်းဓားဆိုတာက ရေချမ်းတို့ရပ်ကွက်က ချိုင်းရောင်တဲ့ကိုသင်း လာအပေါင်ခံထားတဲ့ ကိုသင်း(ချိုင်း)ရဲ့ဓားမပါ။အခုတော့ သူလဲ လာမရွေးနိုင်တော့လို့ ရေချမ်းအဖေလက်ထဲ ရောက်လာတာပါ။:P)

ကောက်ရနဲ့ ရေချမ်းတို့အဖေ မျက်လုံးချင်းဆုံပြီး အပြန်အလှန် ကျေးဇူးသက်ကာရတွေ တင်လိုက်ကြသည်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++

အဲဒီနောက်ပိုင်းမှာ ကောက်ရလဲ သူ့ညောင်ပင်အောက်ကနေ အတော်လေးကြာအောင် ပြောက်သွားသည်။ရေချမ်းတို့မိသားစုလဲ သူလာနေကြ ညနေတိုင်းအစာလာမစားတော့လဲ သူကိုမေ့မေ့ပျောက်ပျောက် ဖြစ်ကုန်ကြသည်။အစာခွက်ထဲမှာတော့ အစာတွေထည့်မြဲတိုင်းတော့ ထည့်ထားပေးသည်။ကောက်ရကြီး ပြန်ရောက်လာလို့ ဗိုက်ဆာရင်စားလို့ရအောင်တဲ့ သူမဟုတ်လဲ အခြားကောင်တွေ စားကြစေဆိုတဲ့ သဘောနဲ့ ညတိုင်းရေချမ်းကို အဖေက ကောက်ရရဲ့အစာခွက်ကို သွားဖြေ့ခိုင်းလေ့ရှိသည်။

တနေ့ ရေချမ်းအစာခွက်ဖြည့်နေရင်း ဟဲဟဲနဲ့ မောဟိုက်တဲ့ အသံကြားလို့ နောက်လှည့်ကြည့်လိုက်တော့ ကောက်ရပြန်ရောက်လာသည်။လျာတန်းလန်းနဲ့ အဝေးကြီးက လာပုံလဲရသည်။သူကြည့်ရတာ အစာလည်း ဝဝလင်လင် မစားရခဲ့ဟန် ပိန်လှီခြောက်သွေ့နေသည်။ရေချမ်းလဲ “ကောက်ရ လာ…လာ”လို့ လက်ယက်ခေါ်လိုက်တော့ ထိုင်နေရာမှ ရေချမ်းနားထလာသည်။ရေချမ်းက သူနားခေါင်းလေးပွတ်ပြီး ဘယ်ပျောက်နေတာလဲမေးတော့ နားလည်ဟန်ဖြင့် မေးငေါ့ရင် မျက်လုံးအဝိုင်းသားဖြင့် ရေချမ်းကို မော့ကြည်နေသည်။နောက်ရေချမ်း သူ့အတွက် အစာကို အစာခွက်ထဲတည့်ပေးတာ ပြီးအောင်ထိုင်စောင့်နေသည်။ အစာထည့်ပြီးပြီဆိုမှ အစာခွက်နားလာပြီးစားသည်။

နောင်လအတန်ကြာတော့ ရေချမ်းအဖေက “ကောက်ရမမှာ ဇီးရှိလာပြီ ဧကန်န ဒီကောက်ရမ အရင်ပျောက်သွားတာ ချစ်သူအသစ်တွေ့သွားလို့ လိုက်သွားတာထင်တယ်”လို့ ရေချမ်းအဖေက ကဗျာဆန်ဆန် ကောက်ချက်ချလိုက်သည်။မကြာပါဘူး ကောက်ရမမှာ ခွေးပေါက်ကလေး လေးကောင် ပေါက်လာပြီး လမ်းပေါ်က ဈေးသွားဈေးလာတွေ သူ့ကလေးတွေ လာကြည့်မှာစိုးလို့ထင်တယ် တွေ့သမျှလူကို လိုက်ဟောင်နေသည်။ရေချမ်းတို့သွားကြည့်တော့ သူက ဘာမှမပြောဘူး ခပ်လှမ်းလှမ်းလေးမှာ သူရှေ့ခြေနှစ်ချောင်းကိုဆင်းပြီး မေးလေးတင်ကာ ဝပ်တွားပြီးကြည့်နေလိုက်သေးတယ်။ရေချမ်းအမေက
“သားရေ ကောက်ရတို့မိသားစု ညကြရင်အေးနေမှာ နွေးသွားအောင် ခွေးလေးတွေအောက်ကနေ ဂုံနီအိတ်ခွံတွေ ခင်းပေးမှထင်တယ်။နောက်ပြီး သူတို့မိသားစုအတွက် လမ်းထိပ်ထမင်းဆိုင်က ထမင်းဟင်းအကျန်တွေ အမေသွားတောင်းလိုက်ဦးမယ်”။
ဒါကိုကောက်ရက ရေချမ်းအမေပြောသွားတာ သူနားလည်တယ်ထင်တယ် “အူ”ဆိုပြီး ကျေးဇူးစကား တိုးတိုးလေးပြောလိုက်သည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++

ရက်အတန်ကြာလာတော့ ကောက်ရရဲ့ကလေးတွေ လမ်းစလျောက်တတ်လာပါပြီ။ဟိုစမ်းတဝါး ဒီစမ်းတဝါးနဲ့ သူတို့ကလေးတွေ ဒယိမ်းဒယိုင် လမ်းလျောက်နေတာကိုကြည့်ရင်း ကောက်ရမကြီးရဲ့ မိခင်မေတ္တာအပြည့်ဖြင့် သူ့ကလေးတွေ ကာကွယ်စောင့်ရှောက်နေတဲ့ မြင်ကွင်းဟာ ရေချမ်းစိတ်ထဲ ဝမ်းသာကြည်းနူးနေမိတယ်။ ကောက်ရမချစ်သူက အကောင်လှတယ်ထင်တယ်။လေးကောင်လုံးက သူတို့အမေလိုမဟုတ်ပဲ အမွေးနုရှည်ရှည်လေးတွေ ရှိတယ်။ဈေးသွားဈေးလာတွေက ခွေးကလေးတွေကိုချစ်လို့ ကိုင်ရင်တောင် ကောက်ရမက သူ့ကလေးတွေကို ခေါ်သွားမှာဆိုးလို့နဲ့တူတယ် ဂီးဂီးနဲ့ မာန်ဖီလိုက်ရော ကိုင်ထားတဲ့သူတွေက ခွေးလေးတွေချပြီး လန့်ပြေးသွားကြတယ်။

ညနေ အစာစာဖို့သူတို့မိသားစုကို လှမ်းခေါ်လိုက်ရင် ဒီကောင်လေးလေးကောင်က လုံးလုံး လုံးလုံးနဲ့ သူအမေရှေ့ကနေ အပြေးလေးတွေလာကြပုံက ချစ်စဖွယ်လေးတွေ။ပြီးတော့ ရေချမ်းထည့်ပေးတဲ့ အစာခွက်ထဲက အစာတွေကို လေးကောင်သားအလုအယက်နဲ့ကို စားနေလိုက်ကြသေးတယ်။ရံဖန်ရံခါများ သူတို့အသံသေးသေးလေးတွေနဲ့ အစာမာန်ဖီနေလိုက်ကြသေးတယ်။ကောက်ရမကြီးကတော့ သူကလေးတွေ အစာဝလင်အောင်စားနေတာကိုပဲ အနောက်ကနေ ထိုင်ကြည့်နေတယ်။သူကလေးတွေ ဝသွားပြီဆိုတော့မှ သူကကျန်ခဲ့တဲ့အစာကိုဆက်စားတယ်။

တနေ့နံနက်စောစော အိမ်ရှေ့တံခါးမှာ တဂျစ်ဂျစ်နဲ့ တစ်ခုခုခြစ်သံကြားလိုက်ရတော့ ဘုရားရှိခိုးနေတဲ့ ရေချမ်းအမေက ထပြီးတံခါးသွားဖွင့်ကြည့်လိုက်တော့ ကောက်ရလေ သူ့ကလေးတွေကို ဂုတ်ကနေကိုက်ချီပြီး တကောင်ချင်းစီ တံခါးရှေ့လာချနေတာကို တွေ့လိုက်ရတယ်။နောက်ပြီး သူတစ်ကိုယ်လုံးလဲ သွေးတွေပေကြံလို ဒဏ်ရာတွေကလည်း ဗလပွနဲ့။နောက်ပြီး သူပါးစပ်မှာလဲ အမြုပ်တွေတစီစီနဲ့ အပြင်ကိုလျှံကြနေတာကို ရေချမ်းအမေကတွေလိုက်ရတော့ “လာကြပါဦး၊ ဒီမှာကောက်ရမ ဘယ်လိုဖြစ်နေလဲမသိဘူး။” ဟု လှမ်းအော်လိုက်တော့ ရေချမ်းနဲ့ သူ့အဖေ အပြေးလေး ထွက်လာကြည့်ကြတယ်။

“ဟာ ဒီပုံအတိုင်းဆို ကောက်ရမ အဆိပ်တုံးမိသွားပြီထင်တယ်။သူ့ကို ဘယ်သူတွေက ရိုက်လွှတ်လိုက်လဲမသိဘူး၊ ဒဏ်ရာတွေနဲ့”ဆိုပြီး ရေချမ်းအဖေက အိမ်အောက်ဆင်းသွားပြီး ကောက်ရမကို သွားကြည့်လိုက်တယ်။ကောက်ရမခမြာလည်း ဘယ်လောက်တောင်မှ အားတင်းပြီးထားရလဲ မသိဘူး သူ့ကလေးတွေ အားလုံးကို အိမ်ရှေ့လှေကားခြေရင်းနားမှာချထားပြီးတာနဲ့ သူလဲ ဘုန်းဘုန်းလဲကျသွားတယ်။နောက်ပြီး သူ့ဆီကို ပြေးဆင်းလာတဲ့ ရေချမ်းအဖေကို အားကိုးတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး နောက်ဆုံးနှုတ်ဆက်သွားရှာတယ်။ခွေးကလေးတွေကတော့ သူတိုမိခင်ကြီး ဘာဖြစ်မှန်းတောင်မသိရှာကြဘူး ခွေးကလေးတို့ ဘာသာဘာဝ သူတို့အမေ အလောင်းဘေးမှာ လှည့်ပတ်ပြေးဆော့နေကြတယ်။

ရေချမ်းတို့သားအဖလဲ ကောက်ရရဲ့နောက်ဆုံးခရီးအတွက် သူနေခဲ့တဲ့ ညောင်ပင်အောက်မှာပဲ မြုပ်နှံသင်္ဂြိုလ်လိုက်ကြတယ်။ခွေးကလေးတွေကိုတော့ ရေချမ်းတို့ အိမ်အောက်မှာပဲ သူတို့အတွက် နွေးထွေးအောင် နေရာလေးတစ်နေရာလုပ်ပေးထားလိုက်တယ်။ညဘက်ညဘက်ဆိုရင်တော့ ရေချမ်းတို့အိမ်အောက်က ခွေးကလေးတွေ သူတို့စို့နေကြ ကောက်ရမနို့ကို တောင်းတလို့ ညီးနေသံတွေကိုကြားရတိုင်း ရေချမ်းတစ်ယောက် သူတို့လေးတွေရဲ့ ဖြစ်အင်ကို သနားနေမိတယ်။

ကောက်ရမဟာ သာမာန်ခွေးမတစ်ကောင်ဖြစ်ပေမယ့်လဲ သူ့အပေါ် ကျေးဇူးရှိတဲ့သူတွေ၊ မေတ္တာထားတဲ့သူအတွက် ကျေးဇူးတုံ့ပြန်မှုရှိတယ်မိခင်ပီသတဲ့မေတ္တာစိတ်နဲ့ အရင်းခံ၍ သူကလေးတွေရဲ့ အသက်ကို ကာကွယ်စောင့်ရှောင့်မှုလဲရှိတယ်သူသေဆုံးခါးနီးတိုင်အောင်တောင် သူ့ဝေဒနာကို လှစ်လျုပြုပြီး သူ့ကလေးတွေ နောင်ရေးအတွက် နားခိုစရာစီစဉ်သွားပေးသေးတယ်။ အခုဆိုရင် သူကလေးလေးကောင်ဟာ ရေချမ်းတို့အိမ်မှာ လုံခြုံရေးအတွက် အရမ်းကို အားကိုးရတဲ့ ခွေးကြီးလေးကောင် ဖြစ်နေပါပြီ။သူတို့အမေ ကောက်ရမတစ်ကောင် ကောင်းရာသုဂတိလားပါစေ။

ဆက်လက်ကြိုးစားပါဦးမည်။

Monday, October 19, 2009

Go Back Home



အိမ်အပြန်

ကျင်လည်ခဲ့တာ များလာပြန်တော့
ရောက်တဲ့နေရာ ရင်းနှီးလာပြီ။

ငါ့ရဲ့စိတ်တွေ ရွေ့ရာကိုတော့
ငါ့ခြေလှမ်းတွေ ကပ်မလိုက်ချင်ပြီ။

ငါ့နှလုံးသား ဦးတည်ရာတော့
အပြေးလှမ်းပြီး သွားချင်မိပြီ။

အိမ်ပြန်ဖို့အရေး မျော်ကာငေးတော့
သုံးလေးရက်သာ ကျန်ပါတော့ပြီ။

ရောက်ချင်လိုဇော ဖန်လာများတော့
သူ့အလိုလို ရက်ကပ်လာပြီ။

ရောက်ချင်လွန်းလို့ စောင့်ရပြန်တော့
ငါ့ရင်ဘတ်တွေ လေးလွန်းလှပြီ။

စောင့်တဲ့ရက်ကို ရောက်လာပြန်တော့
ပြန်ရမည့်အရေး တွေးပူမိပြီ။

ဘာဖြစ်ဖြစ်ပါ ပြန်ရမည်မို့
ငါ့မြေ ငါ့ရေ ရောက်ချင်လှပြီ။

စောင့်မျော်ကြသူ ဇနီးနဲ့သား
အမျိုးများကို မြင်ချင်လှပြီ။

တကယ်ရောက်တော့ ဒုံရင်းဒုံရင်း
င့ါမြင်ကွင်းကြောင့် ပြန်ပြေးချင်သည်။

(ခရာလင်း)



Wednesday, October 14, 2009

ကိုယ်ရောင်ပျောက်သွားခြင်း

ခေါင်းစဉ်လေးကို ကြည့်ရင် စိတ်ဝင်စားမှုလေးတစ်ခုတော့ရှိကြမယ် ထင်တယ်။ကိုယ်ရောင်ဖျောက်ဖို့ ကိုယ်ပျောက်ဆေးနည်းတော့ ရှိဖို့လိုတယ် မဟုတ်လား။ဆေးနည်းက ရေချမ်းဆီမှာ ရှိတယ်ဗျာ့။နေဦး အစအဆုံးလဲ ဖတ်ဦး။ဆေးနည်းပဲ လိုချင်တယ်ဆိုပြီး ကြော်မဖတ်သွားကြနဲ့ဦး။ဟဲ..ဟဲ စကားလေးတော့ နဲနဲ ပလ္လင်ခံဦးမှပေါ့ဗျာ။ဆေးနည်းက ဟိုကလူကြီးတွေ ပြောတာပေါ့ဗျာ။(ဟိုကလူကြီးဆိုတော့ နဲနဲဝေးတယ်ဗျာ။သိပ်ကိုဝေးတယ်။ဘယ်လောက်တောင် ဝေးလဲဆိုတော့ကာ မန္တလာစကားနဲ့ဆို တစ်ပြနှစ်ပြလောက်ကို ဝေးတာ။ဝေးကြလွန်းလို့တောင် ဘယ်လိုပြောရမှန်းမသိအောင်ကို ဝေးတယ်။ဝေးလွန်းတော့ ဒုံးဝေးတယ် ပြောရမလားပဲ။ လူကြီးတွေဆိုတာ ဝေးကိုဝေးလွန်းပါတယ်ဗျာ။ဝေးတာမှ အထက်မရောက် အောက်မရောက်။အလယ်ခေါင်မှာ ရပ်ပြီး ဟောင်ဖွာဟောင်ဖွာနဲ့။ဆေးနည်းပေးတာကို ပြောတာပါ။)ဆေးနည်းက ကျွန်တော်ပြောတဲ့ ဟိုဝေးတဲ့လူကြီး ဘေးအိမ်က ဦးကြက်ဖကြီးပေးတာဗျ။ကြက်ဖဆိုလို့ ဟို Rapperကြက်ဖနဲ့ သွားမရောလိုက်နဲ့ဦး။ကြက်ဖခြင်းတော့တူတယ် ဟိုက Rapper၊ ဒီက မရေမရာ။

အဲဒီ မရေမရာကြက်ဖကြီးက ရေချမ်းတစ်ယောက် အလုပ်အကိုင်မကောင်းလို့ ငြီးငြီးနေတာ။ မကြားရက်လို့တဲ့။ဘယ်ကြားရက်မလဲ ရေချမ်းငြီးတာက အဖျားတက်နေတဲ့ လူနာတင်မကဘူး။အငြီးဆုံးဆိုပါတဲ့ ခိုတောင် ရေချမ်းငြီးတဲ့ ကာရံတွေကြားပြီး ခိုငြီးချင်းတောင် တမ်ဘို (Tambo)မကိုက်ပဲ ရိုင်းယ်(Rhyme)မထပ်ဘူးဖြစ်သွားတယ်။ ကဲ အဲဒါကြည့် ရေချမ်းငြီးချင်းတွေ ဘယ်လောက်ပေါက်လဲဆိုတာ။ရေချမ်း စီးရီးထုတ်လိုက်ကြည့် အခုခေတ် ရက်ပ်ပါလောကကြီးမှာ ဖိန့်ဖိန့်တုန်အောင် ကာရံတွေနဲ့ ရိုင်းယ်အသစ်တွေ ဟဲလိုက်ရင် ရက်ပါတွေကော၊ ပရိုဂျူဆာတွေပါ ထမင်းအိုးမှောက်ပြီး ကြေးအိုးသောက်နေရမှာစိုးလို့။စီးရီးထုတ်မယ့်အကြံ အဲဒီနေရာမှာပဲ ရပ်လိုက်ပြီး စာကလေးခွေနဲ့ ခြင်ဆေးခွေ ရီမစ်လုပ်ပြီး ရောင်းလိုက်တာ ပေါက်လိုက်တဲ့ သောက်သောက်လဲ ဝက်ဝက်ကွဲအောင်ကို ရှုံးတော့တာပဲ။မဒမ်ရေချမ်းကလဲ ပေးလိုက်တဲ့အားပေးမှု လူကိုမတွေ့လိုက်နဲ့ တွေတဲ့နေရာမှာတင် ကြိတ်မနိုင်ခဲမရဘူး ဆိုတာကြီးပဲ။(ရေချမ်းကို ဘာကြောင့် ကြိတ်မနိုင် ခဲမရလဲဆိုတာ ရူးတိုတိုး သိတဲ့လူရင်းတွေ မဖွသွားကြနဲ့ဦး။ကွာစေ့နဲ့ နေကြာစေ့အခွံတွေ။လိုက်ကောက်သိမ်းနေရမှာစိုးလို့။ဟဲ..ဟဲ တိတ်တိတ်နေရင် ပြန်လာမှ လက်ဆောင်ယူလာခဲ့မယ်။ဒေါ်သီတစ်ထုပ် နဲ့ ဂေါ်ဖီပြုတ်။ဒေါ်သီအထုပ်ကတော့ သွေးစား..အဲလေ..ဘွာတေး ယောင်သွားလို့ သွေးလိမ်း၊ ဂေါ်ဖီပြုတ်ကတော့ လိုသလိုသုံးပေါ့ဗျာ။တို့စားစား၊ သုတ်စားစာ:P)

ရေချမ်းလဲ အပိုဝင်ငွေလေးများ ဘာလေးများရမလားဆိုပြီး ဦးကြက်ဖပေးတဲ့ ကိုယ်ရောင်ပျောက်ဆေး ဖော်ရောင်းမလားလို့ ကြံနေတာ။နည်းကတော့ တကယ်တမ်း သိပ်မခက်ပါဘူး။ မသိသူကျော်လွှား၊ သိသူကောက်စားနေတဲ့ အခုလိုခေတ်ကြီးထဲမှာ ဘယ်ကိုယ်ရောင်ပျောက်ဆေး လွယ်လွယ်နဲ့ ပေးမလဲ။လိုချင်ရင်တော့ အသွားအပြန် ကားခလေးတွေ လှမ်းထားမယ်။အဲလေ ယောင်သွားလို့ မကြားသေးမှီ ကာလကမှ စပယ်ယာပြုတ်လာတာဆိုတော့ တောင်းတာလေးတွေ အကျင့်ပါသွားလို့။စပယ်ယာဆိုလို့ ကြုံတုန်းလေး လေယာဉ်စပယ်ယာဂါထာလေးပေးရဦးမယ်။ဂါထာက မဟာရွှေနိုင်ငံသွား တောလားဆိုတဲ့ လေဘတ်စ်ကားချောက်ဂျက်ယာဉ်(အဲယားဘစ်ထက် မသာတဲ့ ဂျောက်ဂျက်ဂျောက်ဂျက်နဲ့ ပြေးဆွဲလေယာဉ်)ပေါ်က လေယာဉ်စပယ်ယာလေးတွေ ပေးတဲ့ဂါထာပါ။ဂါထာပေး တေးဖြစ်မဟုတ်လား။ပေးတဲ့ဂါထာ တေးဖြစ်အောင်ဆိုကြည့်ပေါ့ဗျာ။

လက်တို့ပြီးတော့ ပြောရဦးမယ်၊
လက်တို့ပြီးတော့ ပြောရဦးမယ်။
လက်တို့တောင်းရင် ရှက်ဖို့ ကောင်းတယ်။
ဆောင်ထားကြ ဆောင်ထားကြဟေ့
အကြွေ ဒေါ်လာတန်လေးတွေ။
ဘာလုပ်ဖို့…… ဘာလုပ်ဖို့လဲ။
မင်္ဂလာဒုံဘေးမဲ့တောကြီး
ပြုပြင်ရေး အလှုခံပါတယ်ရှင့်။

အန္တရာယ်လဲကင်း၊ ဘေးလဲရှင်းတဲ့ဂါထာပါ။ဘေးရှင်းဆိုတာ ပေးသာပေးပေါ့ ကိုယ့်နဘေးရှင်းမရှင်းဆိုတာလဲ ကြည့်ပေါ့။မဟုတ်ပါဘူး ဘေးမဲ့တောဆိုတော့ အကောင်ဘလောင်တွေ ရန်ကကြီးတယ်မဟုတ်လား။တော်ကြာ ဘာကောင်တွေ ညာကောင်တွေ ထွက်လာမှာဆိုးလို့ပါ။သိပ်လဲတွေးပြီးလဲ မရယ်ကြနဲ့ဦး။:P

ရေချမ်း ခင်ဗျား ဆေးနည်းပေးရမှာမို့လို့ အချိန်ဆွဲနေတာမှတ်လားဆိုပြီး ပြောမနေကြနဲ့ဦး။မဟုတ်ဘူးလား ဆိုတော့ ဟုတ်ပါတယ်။ဆေးနည်းက ကိုယ်လဲ လွယ်လွယ်နဲ့မရခဲ့တော့ ဘယ်လိုလုပ် ရော့…အင့်ဆိုပြီး လွယ်လွယ်နဲ့ ပေးလို့ဘယ်ဖြစ်မလဲ။ခုနက ဂါထာလို လွယ်လွယ်ပေးတော့ ဆေးမဖြစ်ပဲ တေးဖြစ်သွားမှာဆိုးလို့။

ခင်မြားဗျာ.. ဆေးနည်းများ ပေးမှာဖြင့် မြန်မြန်မပေးဘူး။အိုင်တင်တွေ။မူလကျီတွေ။ဘူလချီတွေ။ဘာဂျီတွေ(ကုလားပြည်အနေကြာသွားတော့ ကုလားစကားတွေရောသွားတာ) လုပ်နေတယ်လို့ အထင်တော့ ခပ်စောစော မစမောပါနဲ့ဦး။ကျွန်တော်လဲ စင်ပေါ်ရောက်တုန်း ကိုယ်ပဲအလှည့်ဆိုပြီးတော့ အပြတ်ကို ဟဲချင်သေးတာပေါ့။ “ အချစ်ရေ ကိုယ်ဟာ မုဆိုးမပါ။အချစ်ရေ ကိုယ်ဟာ နတ်ဆိုးလေးပါ။”ရေချမ်းအရင်တုန်းကပေါ့။သီတင်းကျွတ်ရေကျော်ပွဲတွေ လုပ်ရင် ဘာရမလဲ ကိုယ်ရဲ့ အသံပြာ၊အသံဝါ၊အသံနက်၊ အသံတက်ဂနီကာလာစုံနဲ့ စတိတ်ပေါ်တက်ဟဲချင်တာပေါ့။ဟဲသာဟဲချင်တာ သီချင်းဆိုရင်တောင် စာသားက အပြည့်အဝမရဘူး။ဟိုနားစပ်စပ် ဒီနားစပ်စပ် ပြတ်တောင်းပြတ်တောင်းနဲ့ လဒကြီး လှည်းကြိတ်ထားတဲ့ အတိုင်းပဲ။ရေချမ်းအမေကဆို “စင်ပေါ်တက်မဆိုပါနဲ့လားသားရယ်။အားပေးမယ့် ပရိတ်သတ်တွေကြောင့် အမေတို့အိမ်လေး တိုက်ဆောက်စရာ အုတ်ခဲတွေရနေပါဦးမယ်”တဲ့။
“အရင်ထဲက မကြီးတဲ့ အထင်များ သေးလိုက်တာအမေရယ်။ရေချမ်းအသံ မိုးထက်ညံအောင်ကို ဆိုပြဦးမှာပါ။အားပေးမယ့်လူမရှိလဲ နားလေးလို့သွားရအောင်တော့ ရေချမ်းဆိုနိုင်ပါတယ်ဗျာ။”

ဒီပွဲမျိုးမှာ ရေချမ်းမဟဲရလိုတော့ မဖြစ်ဘူး။ရေချမ်းလိုက်နေတဲ့ နောင်မဒမ်ချမ်းဖြစ်လာမည့် အေးမြလဲ လာနားထောင်မယ်ဆိုတာ သိနေတယ်လေ။သူကြွေအောင် မကြွေရင်လဲ ပင်စည်ကနေ လှုပ်ချရမှာပဲ။လှုပ်ချလို့မှ ပြုတ်မကျရင် တုံးခုပြီးခူးမယ်။တုံးခုလိုမှ လှမ်းမရရင်၊ လှေကားတက်ခူးမယ်။ဒါပေမယ့် ငါဟာ လှေကားငှားရမယ်။(ဦးလွှမ်းမိုးစာသားကို ရေချမ်းက ကော်ပီလုပ် စာသားပြောင်းဟဲမှာ)

ရပ်ကွက်လူကြီးကိုလဲ စင်ပေါ်တက်နိုင်ဖို့ ကန်တော့လိုက်ရတာ ဖင်ဘူးထောင်းကို ထောင်နေတာပဲ။(ထောင်မှာပေါ့ဗျာ အစမ်းဟဲတာတွေများလို့ ဟိုခေါင်းထွက်သွားတာ) ပြန်ကိုမထနိုင်ဘူး။ဦးနဲ့ ကြမ်းနဲ့တိုက် ရတာလဲ အကြိမ်ပေါင်းကိုမနဲဘူး။ဦးက ကြမ်းကို တိုက်လိုက်၊ ကြမ်းကလဲ ဦးကို တိုက်လိုက်နဲ့။နောက်ဆုံး ရပ်ကွက်လူကြီးသမီး ကြမ်းကြမ်းဆိုတဲ့ ကလေးမလဲ ဦးနဲ့ လိုက်ကိုပြေးသွားတယ်။အတိုက်ကိုမခံတော့တာ ကျောက်ဆောင်တွေတောင် တိုက်ပါများ နဲ့သေးဆိုသလိုပေါ့။ကြမ်းကြမ်းလဲ လူပဲ တိုက်ပါများတော့ ချစ်လာတာပေါ့။ချစ်ပါများတော့ အင့်(တမျိုးမထင်နဲ့ဦး အချစ်တွေများလာလို့ ရင်ထဲ ပြည့်အင့်လာတာကို ပြောတာပါ။)အင့်ပါများတော့ ကြမ်းကြမ်းဆိုတဲ့ကောင်မလေးလဲ ဦးလက်ထဲပါသွားတာပေါ့ဗျာ။ဟဲ..ဟဲ ရေချမ်းရေးနေလို့ ဦးဆိုတာ ရေချမ်းလာလို့လဲ မထင်လိုက်နဲ့ဦး။ဦးဆိုတာ ဟိုကိုယ်ပျောက်ဆေးပေးတဲ့ ဦးကြက်ဖကြီးပါ။ ရေချမ်းလား ဒီလိုဦးနဲ့သမီးဇာတ်လမ်းတွေ ဘယ်လုပ်မလဲ။

အဲဒီတုန်းကများဗျာ ကြမ်းကြမ်းအဖေ ရပ်ကွက်လူကြီးလဲ သူသမီးလုပ်ဇာတ်ကို ရှက်လို့ သူ့မျက်နှာ ဘယ်နားထားရမလဲလို့ ဒေါသလှိုင်လှိုင်ထပြီး ပြောပြောနေတာ။ချောင်းကြည့်နေတဲ့ ရေချမ်းလဲ ကြားဖန်များတဲ့ ဓာတ်ပြားဟောင်းဖြစ်ဖြစ်လာတော့
ဦးလေးရေ ……ဦးလေးမျက်နှာကြီး ထားစရာမရှိရင်လဲ ရာမဇာတ်ပွဲထဲက ဒဿခေါင်းနဲ့သာ လဲထားလိုက်တော့ဗျာ
လို့ဆိုပြီး အော်လဲပြေး။ ဦးကြက်ဖဆီ ရောက်နေတဲ့ ကြမ်းကြမ်းအဖေ ဒေါသလဲ ရေချမ်းနောက် တောက်လျောက်ကို လိုက်တာ တွေးသာကြည့်တော့ဗျာ။လိုက်ရင်းနဲ့ မော။မောရင်းနဲ့ ပြေး။ပြေးရင်းနဲ့ ဆွေးနေတဲ့ သူဖိနပ်သဲကြိုးကြီး ဗြုတ်ခနဲပြတ်။ ဘုတ်ခနဲဆိုပြီး မှောက်ယှက်လဲတာ ရပ်ကွက်လူကြီးလဲ ကာယားကြီးကို လန်လို့။တော်သေးလို့ဗျ လန်သာလန်သွားတာ အောက်ခံလေးတစ်ထပ်ပါတော့ ပြန်လှည့်ကြည့်တဲ့ ရေချမ်းလဲ ပြုံးဖြီးဖြီးနဲ့ လျှပ်တပျက်ရိုက်ချက် မခံလိုက်ရတာ။

ဦးကြက်ဖတို့ ဦးနဲ့သမီးအတွဲကတော့ ဦးနဲ့ဇနီးဖြစ်သွားကြပါပြီ။ ကြားထဲက ရေချမ်းကတော့ အချောင်ပါးစပ် စပ်ဆော့မိလို့ စင်ပေါ်တက်ရမည့်အရေးနိမ့်ခဲ့ရတယ်ဗျာ။

ပြောနေရင်းနဲ့ မရေမရာကြက်ဖကြီးပေးတဲ့ ကိုယ်ရောင်ပျောက်ဆေးပေးဖို့ကို မေ့သွားတယ်။ဒီကိုယ်ရောင်ပျောက်ဆေးကို ဦးကြက်ဖကလည်း သိပ်မပေးချင်ဘူး။သူမိန်းမခိုးစဉ်က သူယောက္ခထီး သူအပေါ်ကျနေတဲ့ ဒေါသတွေကို လမ်းကြောင်းပြောင်းပေးခဲ့လို့ဆိုပြီး ရေချမ်းကို ပေးလိုက်တာ။မဟုတ်လို့ကတော့ သူဆေးနည်း ဘယ်သူမှ မရဘူး။ဒီဆေးနည်းက ဂါထာတော့ရွတ်ရတယ်။ဆေးမြစ်တွေလဲ တူးရတယ်။ဆေးအညွန်းလဲ ပါတယ်။နဲနဲတော့ခက်သဗျို့။ဘာပဲဖြစ်ဖြစ် ကိုယ်ရောင်ကြီးတောင် ပျောက်မှာဆိုတော့ လုပ်ချင်လုပ်ကြည့်ကြပေါ့ဗျာ။ပထမဦးစွာ ဝိဇ္ဇာတွေ(ကာတွန်းဝိဇ္ဇာလို့ မထင်လိုက်နဲ့ဦး။)၊ဇော်ဂျီတွေလိုပဲ မဟာမြိုင်တောကြီးထဲဝင်ပြီး ဟိုဟိုဒီဒီ ပေါက်ပန်းလေးဆယ်အမြစ်တွေတူးနေရင်းရင်းက အောက်ပါဂါထာကို-

ဥုံ ရတာမလို လိုတာမရ
အဲဒါငါ့ ယောက်ခမ၊
လိုတာမရလို့ ရတာဆွဲယူ၊
မလောက်သေးဘူး ပြောပြောနေတဲ့
ဒါလားဟဲ့ ငါ့ယောက်ခထီး၊
သူတို့လိုအင်တွေ ဖြည့်မပေးနိုင်တဲ့
ငါ့လိုသမက်လောင်းကို
လာဟဲ့ အပ်ချလောင်း
မြောင်းထဲကို ဂျောင်း
ဆိုပြီး အထက်ပါ အောက်ပါ အဝီစိပါမကျန်အောင် စိတ်ထဲမှာမှတ်ပြီး ရွတ်နိုင်သလောက် များများရွတ်။များများရွတ်လေ မြန်မြန်ပျောက်လေပဲလို့တောဆိုသတဲ့ဗျာ။

ဆေးကျမ်းအဆိုကတော့
ချိုသောအဆင်းရှိဧ။်
ရသတဏှာကိုစား၏ ။
ရာဂဘ၀င်ကို ဖန်စေ၏ ။
ရှိုက်မက်သော အတွေ့ဖြစ်စေ၏ ။
အသိဥာဏ်ကို မှိုင်တွေ၏ ။
လုံးစုံဘ၀ကို ချုပ်စေ၏ ။
ထိုသို့ ဖြစ်ကုန်သော်
(၀ါ) ဖြစ်လာလတ္တံသော်
ဘောဇနကျမ်း အလိုအရ
" အချစ် " ဖြစ်၏..........။

ဆေးအညွန်းမှာရေးထားတာဖတ်လိုက်ကြည့်ကြပါဦး။

ကြမ်းပိုးအမတစ်ကောင်၏ အပေါ်အရေခွံကို ခွာပါ... ထို့နောက် ဆား စာပွဲတင်ဇွန်းတစ်ဇွန်းကို မီးကင်ပြီး ၃ ရက်တိတိနေလှန်းပါ....
နေလှန်းထားသော ဆားနှင့် ငြုပ်ကောင်းစေ့ကို ဆတူရောထောင်းပြီး ရေနွေးဖြင့် ကျက်အောင်ပြုတ်ပါ။
နေပူ ၆ လတိတိ ပြပါ...။ပုလင်းတစ်လုံးထဲ ထည့်ကာ မြေအောက် ၆ ပေအနက်တွင် ၆ လ ထပ်မြှုပ်ထားပါ...
၆ လကြာလျှင် အဆိုပါ ပုလင်းကို ဖော်ပြီး မိမိပျောက်စေချင်သောနေရာတွင် လိမ်းပါ။ :P
ကျွန်တော်ကတော့ မရေမရာကြက်ဖကြီးပေးတဲ့ ဆေးပုလင်းအညွန်းစာကိုဖတ်ပြီးမှာတဲ့အတိုင်းလုပ်တာ ပြောက်တယ်ဗျာ။ပြောရင်းမှ သတိရတယ်ဗျာ။ကျွန်တော်ခေါင်းစဉ်က “ကိုယ်ယောင်ပျောက်ဆေး” တဲ့။ဆော်ရီး စာလုံးပေါင်းမှားသွားလို့ဗျာ။:P တာ့တာဗျာ။ဘိုင်းဘိုင်း။

ချမ်းလင်းနေ

ကျွန်တော် အမြဲသွားငေးနေကြဖြစ်တဲ့၊ ကျွန်တော်ရဲ့ စာများကို လာရောက်အားပေကြတဲ့ ညီအကိုမောင်နှမ ဘလောဂ်ဂါများဖြစ်ကြသော
အမအပြုံးပန်း၊ မရောင်(မေတ္တာရောင်ပြန်)၊ တောထဲကဇာတ်လမ်းလေးတွေရေးတဲ့ မငယ်နိုင်၊ ဟင်းကောင်းတွေ ချက်ချက်ကျွေးတဲ့ မဂျာ(ဂျာမုန်းဒန်)၊ တကယ်တမ်းမာယာ မများတတ်တဲ့ မနှင်း(နှင်းနဲ့မယာ)၊ ကန္တာရကြီးကို မိုးတွေသည်းပေးတဲ့ မငုံ(ကန္တာရမိုးစက်များ)၊ ရန်ကုန်မှာ အလည်သွားနေတဲ့ ညီမဇော်(ကျွန်တော်တို့အိမ်)၊လေထဲမှာပဲ ဝဲပျံနေတဲ့ ညီမကောင်းကင်(ကောင်းကင်သမီးပျို)၊ ကန္တာရမြေကို ကျောခိုင်းတော့မည့် ညီမDIM(ဖြူစင်ကြယ်) ၊ချည်ပေါင်မစားရရှာဘူးဆိုတဲ့ ညီမ စိတ်၏ဖြေရာ၊တစ်ကို အမြဲဦးအောင် နေရာယူတတ်တဲ့ ညီမ ဝက်ဝံကလေး ၊မေမြို့မှာသွားနေချင်တဲ့ ညီမအနော်၊နို့သောက်ပြီးနိုး (No)နားထောင်တယ်ဆိုတဲ့ညီမနေခြည် ၊ c for chan ကို တဂ်သွားတဲ့ ညီမဝိုင်း၊အမလား ညီမလားမေးထားတာ မပြောသေးတဲ့ အမရာ၊ မောင်လေး(ကောင်လေးငယ်)နဲ့ စာအတူတူ ရေးကြတဲ့ မချစ်ရ၊ yakiniku ကြော်ကျွေးတဲ့ ခွန်သဒ္ဒါ၊ နှုတ်ဆက်ခြင်းကဗျာနဲ့ ရှေးဆက်မတိုးသေးတဲ့ ညီမကြယ်ဖြူစင်၊ စိတ်ထဲရှိရှိသမျှဆိုပြီး ကဗျာလေးရေးတဲ့ ရွှေညာသူလေး(ခ)မိုးစက်ပွင့်လေး၊ မန္တလာသူလေး မန်းလေရူး၊ မချိုကိုးသဇင်၊ဖိတ်စာနဲ့တကွ ကြွလာပြီးမှ လက်မှက်ပြောက်သွားပါတဲ့ လင်းကြယ်စင် ……..

လာပြီလာပြီ ဘရိုတို့ရေ။ မိန်းကလေးတွေချည်းပဲ မဟုတ်ပါဘူး (Lady Fat ဆော်ရီး Lady First:P)တွေမို့လို့ပါ။

အလုပ်တွေနဲ့ ပိပြီးပြားနေတဲ့ သယ်ရင်းကြီးအယ်ကေဖြူ(လင်းကြယ်ဖြူ)၊ ဆရာမင်းလူစာတွေ ကြိုက်တဲ့ ကိုရေတမာ၊ အတွေးအားအားကောင်းကောင်းနဲ့ ကိုလူထွေးကြီး၊ သုတစွယ်စုံကြီး ကိုတာ(ကိုပီတာ)၊ကဗျာတွေ လှိမ့်ရေးတဲ့ ကိုဟန်၊ဇော်နဲ့ မွေးရက်တူလတူ ညီလေးဖိုးစိန်၊ချစ်ဇနီးချောရဲ့ ကိုယုယ
(ဓာတ်ပုံထဲမှာတွေ့ဘူးတာ။:P)၊ ထိထိမိမနဲ့ အတွေးကောင်းဝတ္ထုတို လေးတွေရေးတဲ့ ကိုနွေဆူး(နွေဆူးအလင်္ကာ)၊စာသားလှလှလေးတွေ အရောင်ခြယ်ကဗျာဖွဲ့တဲ့ ညီလေးမိုးစက်အိမ်၊ သိဟ်ရာသီဖွားများဖြစ်ကြတဲ့ သူငယ်ချင်းသီဟသစ် နှင့် ညီလေးဧရာဝတီသား(ပျောက်ချက်သားကို ကောင်းနေတာ။)၊ ရန်ကုန်ပဲ သတိရနေတဲ့ စိုင်း(စိုင်းလောင်ပိန်း)၊ အတွေးနဲ့နှိပ်စက်နေတယ်ဆိုတဲ့ ကိုနေစိုးနိုင်၊ ဒဒွေးက ကိုမိုးမှောင်၊ ငါကိုနားလည်ပါဆိုတဲ့ လင်းငယ် (လင်းငယ်၏ စာအုပ်လေး တစ်အုပ်)၊ မအိမ်ကံ အခန်းဆက်ကြီးရေးနေတဲ့ ကိုရီနိုမာန်၊ ဘရိုလို့ ခေါ်တတ်တဲ့ ညီလင်းဆက်၊ သိလား?(သိဘူး။:P)ဆိုတဲ့ အဖြူလေး၊ မလေးမြေမှ ညီလေးခရာတွန်၊ သူစာတွေပြန်ရေးသွားမှ ဟင်းချလိုက်မိတဲ့ မြစ်ကျိုးအင်း(စာရေးကောင်းသူတစ်ယောက်မို့ ပါ)၊ မောင်လှမျိုး(ချင်းချောင်းခြံ)ကို ကြိုက်နှစ်သက်လို့ပါဆိုတဲ့ ရင်ဘတ်ကြီး (ခ)ဘကြိုင် (ချဉ်ပေါင်ခြံ)၊ ကဗျာအားအရမ်းကောင်းတဲ့ ကောင်းကင်ကို၊ ကျောက်တွေကြည့်ပြီး ပြုံးနေတတ်တဲ့ ငချမ်းကောင်၊ အိုင်တီအကြောင်းတွေ ရေးကြတဲ့ ညီလေး လောလောဆည် နှင့် ညီနေမင်း၊ မချစ်ရရဲ့မောင်လေး ကောင်ငယ်လေး၊လနဲ့ချီ ပြောက်နေတဲ့ ခေတ်ခမ်းကောင် ။ရေးရင် အများကြီးဗျာ။နာမည်မရေးမိခဲ့တာရှိရင်လည်း ခွင့်လွှတ်နားလည်ပေးကြပါ ခင်ဗျာ။

ကျွန်တော် အခုကနေ တစ်လတိတိ ကိုယ်ရောင်ပျောက်တော့မယ်ဗျာ။စာတွေ လာမဖတ်နိုင်တာကိုတော့ ခွင့်လွှတ်နားလည်ပေးပါ။(ခွေးတော့မလွှတ်လိုက်နဲ့နော်။:P)

ကျွန်တော့်ဘလောဂ်ကို အမြဲလာလည်ကြတဲ့ နာမည်ပါတဲ့ သူများကော၊ မပါတဲ့သူများဖြစ်သော၊ ခေတ္တမျှ ခြေရာချသွားကြသော၊ နောင်လာလည်ကြဦးမည့်သူများကော သူငယ်ချင်းမိတ်ဆွေ ညီအကိုမောင်နှမများကိုလဲ ကျွန်တော်ရဲ့ဇာတ်ကောင် မောင်ရေချမ်းနှင့်အတူ ကျွန်တော် ချမ်းလင်းနေမှ အမြဲ ကျေးဇူးတင်နေပါမည်။နောက်နောင်များကိုလဲ လာရောက်လည်ပတ်ဖို့ပါ ထပ်မံဖိတ်ခေါ်ပါသည်။စာအရေးအသားမှာ တစ်စုံတရာမှားယွင်းမှုများရှိခဲ့လျှင်လည်း သည်းခံနားလည်းပေးကြပါ ခင်ဗျာ။ကိုယ်ရောင်ပျောက်ဆေးနဲ့ ကျွန်တော့် ကိုယ်ယောင်နေတာတွေ ပျောက်သွားပေမယ့် ကျွန်တော်စာတွေ အပတ်စဉ် ထွက်လာကြမှာပါ။စာကို စိတ်ရှည်စွာ ဖတ်ရှုသွားကြတဲ့ အတွက် ကျေးဇူးပါ။ကျွန်တော်စာတွေ ဖတ်ပြီး ပျော်ရွှင်ကြည်နူး ပြုံးပျော်နိုင်ကြပါစေဗျာ။

ဆက်လက်ကြိုးစားပါဦးမည်။




Monday, October 12, 2009

Portable Softwares

Portable Applications Suite (Only Window User)



ကျွန်တော် ဆောဒ့်ဝဲတွေအကြောင်းမရေးတာ အတော်ကြာသွားပါပြီ။ကျွန်တော်ရဲ့ နောက်ဝါသနာတစ်ခုကတော့ ကွန်ပြူတာနဲ့ ဆောဒ့်ဝဲလေးတွေအကြောင်း လေ့လာတာနဲ့ ကလိတာပါ။အခုလဲ အလွယ်တကူနဲ့ အသုံးဝင်နိုင်တဲ့ Portable Applications Suite အကြောင်းလေးပြောချင်လို့ပါ။

တခါတလေ ကျွန်တော် သူများ ကွန်ပြူတာတွေသွားသုံးရင် ကြုံတတ်လွန်းလို့ပါ။သူများကွန်ပြူတာတွေ၊ နောက်အင်တာနက်ကဖီးတွေမှာ သွားသုံးရင် အများအားဖြင့်တော့ ကိုယ်သုံးလေ့သုံးထရှိတဲ့ ဆောဒ့်ဝဲတွေမရှိခဲရင် သုံးရတာ နဲနဲကသိကအောင့်တော့ဖြစ်လေ့ရှိတယ်။နောက်ပြီး တခါတလေ အရမ်းအရေးကြီးတာတွေ သုံးချင်တဲ့အခါ သူတို့တွေမှာ ရှိတဲ့ဆောဒ်ဝဲက ကိုယ်သုံးနေကြမဟုတ်တာတို့ သူတို့က installမလုပ်ထားတာတို့ဆိုရင် အတော်ဒုက္ခရောက်ပါတယ်ဗျာ။နောက်တခုက internet မချိတ်ထားတဲ့ ကွန်ပြူတာဆိုရင်လဲ ကိုယ်လိုချင်တာလဲ ဒေါင်းမရ၊ သူဆီမှာလဲမရှိရင်တော့ ပိုဆိုးပေါ့။အိမ်ပြန်ပြီးပဲ ကိုယ်ကွန်ပြူတာကြီးပဲမလာရတော့မလိုပဲ။

အခုကျွန်တော် ရေးထားတဲ့ Portable Applications Suite လေးကိုသာ သင်သွားလေရာယူသွားလေ့ရှိတဲ့ Pen Drive (Portable drive), USB Thumbdrive, PDA (Personal Digital Assistant)or iPod လေးတွေမှာ ထည့်သွင်းထားလိုက်ရင် သင်ဘယ်သွားသွားပေါ့ သင့်ရဲ့သုံးနေကြ ဆော့ဒ်ဝဲလေးတွေကိုပါ အလွယ်တကူ သင်နဲ့အတူယူဆောင်လို့ရသွားတာပေါ့ဗျာ။နောက်ပြီး ဒီPortable Applications Suite ထဲမှာပါတဲ့ ဆောဒ်ဝဲလေးတွေအပြင် နောက်ထပ် မည်သည့် Portable Softwareလေးတွေကိုလဲ ထပ်မံထည့်သွင်းယူသွားလို့ရပါတယ်။

Portable Software သုံးဖူးပြီးသားသူတွေ အတွက်ကတော့ ဒီလိုမျိုး Portable Software လေးတွေ ဘယ်လောက်ကောင်းကြောင်း၊ အသုံးဝင်ကြောင်းကို သိကြပါတယ်။Portable Softwareလေးတွေဟာ သူတို့ရဲ့မူလSoftware ထက်လဲ အရွယ်အစား ပမာဏလည်းသေးငယ်တယ်။သုံးရတာလဲ အတူတူလောက်ပါပဲ။Installလုပ်တဲ့ အခါမှာလဲ နဂိုပုံစံ installလုပ်သလိုပဲ Portable Software file လေးကို ကိုယ်ကွန်ပြူတာလေးမှာ run ပေးပြီး location ရွေးခိုင်းတဲ့နေရာရောက်ရင်သာ သင်တို့ရဲ့ Pen Drive လေးထဲကို ရွေးချယ်ပေးလိုက်ပြီး သူအလိုလိုဆက်လက် install လုပ်သွားပါလိမ့်မယ်။သင့်ရဲ့ Pen Driveလေးကိုသာ Portable Softwareလေးတွေမသွင်းခင် သင့်ကွန်ပြူတာနဲ့ ချိတ်ဆက်ထားဖို့လေးတော့ လုပ်ပေးရမှာပေါ့ဗျာ။

Install လုပ်ပြီးသွားရင်လဲ သင်သွင်းယူလိုက်တဲ့ Pen Drive လေးမှာ သွင်းလိုက်တဲ့ ဆောဒ်ဝဲလေးကို သွားပြန်ကြည့်လိုက်ပါ။သွင်းလိုက်တဲ့ Portable Software ဖိုင်လေးတွေ့ပြီဆိုရင်တော့ အဲဒီဖိုင်ထဲက .exe file လေးရှာပြီး စတင်သုံးလို့ ရပါပြီ။ဒါက သာမာန် Portable Software သုံးပုံသုံးနည်းလေးပါ။

Portable Applications Suite မှာကြတော့ အသင့်ပါပြီးသား Applicationsလေးတွေရှိပါတယ်။ သူက Window Start Menu လိုသူ့ရဲ့ Start Menu ပါတော့ သုံးရတာလွယ်ပါတယ်။

  • * Mozilla Firefox, Portable Edition (ကျွန်တော်တို့ရဲ လက်ဆွဲတော် web browserပါ။)
  • * Mozilla Thunderbird, Portable Edition (email သုံးဖို့ပါ။)
  • * Mozilla Sunbird, Portable Edition (calendar/tasks)
  • * ClamWin Portable (antivirus)
  • * Pidgin Portable (instant messaging)
  • * Sumatra PDF Portable (PDF reader
  • * KeePass Password Safe Portable (password manager)
  • * Sudoku Portable ( ဂဏန်းလေးတွေ စီထည့်တဲ့gameလေးပါ)
  • * Mines-Perfect Portable (game)
  • * CoolPlayer+ Portable (audio player)
  • * OpenOffice.org Portable* (office suite)
  • - Writer (word processor)
  • - Calc (spreadsheet)
  • - Impress (presentations)
  • - Base (database utility)
  • - Draw (drawing)
  • * Mozilla Firefox, Portable Edition (web browser)
  • * Mozilla Thunderbird, Portable Edition (email)
  • * Mozilla Sunbird, Portable Edition (calendar/tasks)
  • * ClamWin Portable (antivirus)
  • * Pidgin Portable (instant messaging)
  • * Sumatra PDF Portable (PDF reader
  • * KeePass Password Safe Portable (password manager)
  • * Mines-Perfect Portable (game)
  • * CoolPlayer+ Portable (audio player)
  • * OpenOffice.org Portable* (office suite)
  1. - Writer (word processor)
  2. - Calc (spreadsheet)
  3. - Impress (presentations)
  4. - Base (database utility)
  5. - Draw (drawing)
သူရဲ့မူရင်းဆိုဒ်ကတော့ www.portableapps.com ပါ။သူဆီ Portable Applications Suite ကို ဒေါင်းဖို့ သုံးမျိုးရှိပါတယ်။
Platform Only -
Suite Light -
Suite Standard -
ကွဲပြားပုံကိုတော့ သူဆီမှာလေ့လာလိုက်ပါဗျာ။ကျွန်တော်ကတော့ Platform Only ပဲရွေးသုံးပါတယ်။သူပေးထားတဲ့ Applications တွေ သိပ်မကြိုက်လို့ပါ။နောက်မှ ကိုယ်ကြိုက်တဲ့ Portable Software လေးတွေပဲ ရွေးပြီး Install လုပ်လို့ရအောင်ပါ။Portable Applications Suiteကို ဒီမှာ ဒေါင်းယူပါ။ဒေါင်းပြီးရင် စပြီး Install လုပ်ပါ။

သူရဲ့လိုင်စင်ကို သဘောတူတယ်ပေါ့။ကိုယ်ကသုံးချင်တယ်ဆိုရင်တော့ ဘာဖြစ်ဖြစ်တော့ တူရမှာပေါ့ဗျာ။
ဒီနေရာလေးမှာ ကိုယ်သုံးချင်တဲ့ Pen Drive လေးရှိတဲ့နေရာကို ရွေးပေးရမှာပါ။


ကျွန်တော်ကတော့ ကျွန်တော်ရဲ့ Pen Drive Dangoကို ဒီလိုရွေးလိုက်ပြီး OK နှိပ်လိုက်ပါတယ်။

OK ပြီးရင်တော့ သူဘာသာ Install လိမ့်မယ်။ပြီးရင် သင့်ရဲ့ ကွန်ပြူတာ Task Bar ကPortable Applications Icon လေးနှိပ်ကြည့်လိုက်ပါ ဒီလိုလေးပေါ်လာပါလိမ့်မယ်။
သူရှဲ့Start Menu က Optionကိုနှိပ်ပါ။ပြီးရင် Install New App ကိုနှိပ်ပြီး သင်လိုချင်တဲ့ Portable Software ရှိရာနေရာကို ရွေးပြီး Install လုပ်ပါ။သင်မှာ Portable Software လေးတွေ အရင် ဒေါင်းထားပြီးသားရှိရမှာပါ။
ကျွန်တော်ကတော့ ဥပမာအနေနဲ့ ကျွန်တော် ဒေါင်းထားတဲ့ 7-Zip Portable Software လေးကိုရွေးပြီး Install လုပ်ပြထားပါတယ်။
7-Zip Portable Software ကို Install သွင်းပြီးသွားတဲ့ ပုံပါ။ဒီလိုမျိုး နောက်ထပ်Portable Software လေးတွေကို ဆက်လက်သွင်းနိုင်ကြပါပြီ။
ဒါကတော့ ဗီဒီယိုလေးနဲ့ရှင်းပြထားတာပါ။

ကဲဒီအောက်မှာ အသုံးဝင်မယ့် Portable Software တွေပါ။

Accessibility & Office

Graphics & Pictures

Blender Portable - 3D modelling, animation, rendering, post-production, playback
Cornice Portable - image viewer with slideshow
Dia Portable - full-featured diagramming tool
GIMP Portable - Photo and Image Editor

Music & Video



Development


Internet



Utilities



ဒါကတော့ ကွန်ပြူတာနည်းပညာတွေကြီးပဲ ရေးသားတဲ့ ညီလေး ညီနေမင်း စုဆောင်းထားတဲ့ Portable Software တွေရှိတဲ့နေရာလေးပါ။သူဆီမှာလဲ Portable Software တွေအတော်ကိုစုံလင်အောင်စုဆောင်းထားတာကိုတွေ့ရပါတယ်။

ဆက်လက်ကြိုးစားပါဦးမည်။