Wednesday, April 28, 2010

အတ္တနောက် (တကောက်ကောက်) ပြေးလိုက်နေသူများ၏ အသံ

အတ္တနောက် (တကောက်ကောက်) ပြေးလိုက်နေသူများ၏ အသံ

ဘာမှ မပေးချင်ဘူးဆို
ဘာမှ မရရုံပေါ့
(ဖြစ်နိုင်ရင်)
" ငါ " ဆိုတာ ပျောက်သွားအောင်
ဥုံဖွ ဆိုပြီး
မန်းမှုတ်ပစ်လိုက်ချင်ရဲ့......။

အခုတော့
အလိုရမ္မက် မီးတောက်တွေကြား
ဟိုမရောက် ဒီမရောက်
တဖောက်ဖောက်နဲ့ လောင်......။

ရချင်ရင် ပေးရတယ်ဆိုတာ
ရေးကြည့်မှပဲ
မနက်အိပ်ရာထ ခေါင်းကြည်မှာလေ

ပင်လယ်ထဲ စီးမျောနေတဲ့
လှေငယ်......
ကိုယ်ဆိုက်ချင်တဲ့
ကမ်း.....
ကပ်ရောက်နိုင်ဖို့
မုန်တိုင်းတော့
ကျော်ဖြတ်နိုင်ရမှာပေါ့....။

တခါတခါတော့လဲ
မရှိတဲ့ အရှိတွေ
တပ်မက်ရတာ
(ကပ်စီးစီး) နိုင်လွန်းလို့....။

အိပ်ပေမယ့် မပျော်တဲ့ညတွေ
လျှောက်ရင်း
ခြေထောက်ကွဲ ဒဏ်ရာတွေ
နှစ်သိမ့်ရမှာ
အိပ်မက်ဆုံးတဲ့ အထိပါလားဆိုတာ
တွေးတောမိတဲ့
" တဒင်္ဂ ".......!!!!!!!!!!!

☣ လင်းသင်
(၂၀၀၄ အာရုံ)

Sunday, April 11, 2010

လူတို့ကြောက်သောအရာ (၂)


(၅)

ဦးခင်မောင်ထွေး ဤဌာနသို့ရောက်ပြီး ခြောက်လကျော်ခဲ့ပြီ။ ခုတော့ ကွမ်းလည်း တဖတ်ဖတ် ဝါးတတ်နေပြီ။ စီးကရက်လည်း လက်ကြားညှပ်တတ်နေပြီ။ ဘီယာကိုလည်း မြုံ့တတ်ပါပြီ။

" အစိမ့်လေးပါ အာစရိရဲ့၊ အပျင်းပြေ ဝါးတာပေါ့"
မောင်မောင်ညိုက ဤသို့ ကွမ်းယာဖြင့် မိတ်ဖွဲ့ပေး၏ ။
" ငါးသုံးလုံးပါ၊ ဝယ်ရတာ မှတ်လို့၊ ဖွာလိုက်ပါ အားနေတဲ့အချိန် မပျင်းရအောင်"
နိုင်ငံခြား စီးကရက်ဖြင့် နိဒါန်းဖွင့်၏ ။ တကယ်လည်း မဝယ်ရပါ။ ပစ္စည်းလာလျှောက်သူများ ဒါနပြုသွားခြင်း ဖြစ်သည်။
" အရက်မဟုတ်ပါဘူး၊ ယမကာပါ ဆရာရဲ့"
သည်စကားမျိုးဖြင့် သူ့ကို အသူရာလောကသို့ မောင်မောင်ညို ခေါ်ခဲ့သည်။ သူတို့အဖို့ ကျွေးမွေးလိုသူတွေ ဝိုင်းဝိုင်းလည်ဖြစ်သည်။ ကျွေးမွေးသူတို့ကလည်း ကုန်သည်ခန်းသည်ဟု သဘောမထား။ နောက်တနေ့ ပစ္စည်းအတွက် ပါမစ်လျှော်လျှော်လျှူလျှူရလျှင် ကျေနပ်ပြီးသား။

✽✽✽✽✽

(၆)

ဂျက်၊ ကွင်း၊ ကင်းမှအစ ညှင်း၊ ဟတ်၊ ဒိုင်းမွန်း၊ စပိတ် အဆုံး ဖဲပွင့်လေးများကို ဒေါ်ခင်မမ တသသ စွဲလမ်းနေပါပြီ။ ဒေါ်ခင်မမလည်း ကျေးတောသူမ မဟုတ်တော့ပြီ။ မောင်မောင်ညို ကောင်းမှုကြောင့် အတတ်ကြူးနေပါပြီ။
" မမရာ....ကော်ပရေးရှင်းပေါင်းစုံက ညွန်ကြားရေးမှုး ကတော်တွေ၊ မန်နေဂျာ ကတော်တွေချည်းပဲ မမရာ၊ သူတိုနဲ့ အကျွမ်းဝင်တော့ ကော်ပိုရေးရှင်းမှာ ရှိတဲ့ ပစ္စည်းမှန်သမျှဟာ ကိုယ့်အတွက် ပဒေသာပင်ပဲ မဟုတ်လား"
သည်စကားမျိုးဖြင့် မောင်မောင်ညို အခြေခံခဲ့၏ ။
" ဒါတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် မမမှာက မင်းရဲ့ အာစရိ ဝင်ငွေကလွဲလို့ ဘာဝင်ငွေမှ မရှိတာ"
"မမကလည်း ခက်အောင်တွေးပူ နေသကိုး၊ ကဲ.....ဟိုကတော်တွေကရော သူတို့ဝိုင်းထိုင်ဖို့သူတို့ယောင်္ကျားတွေက ငွေသပ်သပ် ပေးတယ်ထင်လို့လား၊ မဟုတ်ဘူး မမရေ၊ ဒီမန်နေဂျာ ကတော်က ဟို..ညွှန်ကြားရေးမှုး ကတော်ဆီမှာ ပစ္စည်းတောင်း ဖျောပစ်၊ နောက်ဆုံး တောင်းစရာမရှိတော့ဘူးဆိုရင် ကိုယ့်ယောင်္ကျားဆီမှာ ဟိုလူ့အတွက် ဒီလူ့ အတွက်ဆိုပြီး ပစ္စည်းတောင်း၊ ကဲ.....လွယ်လိုက်တာ"

✽✽✽✽✽

(၇)

" အစ်ကိုညို့ အမျိုးသမီးက အချောစားပါလား"
မနေ့က ဝါကျွတ်မို့ မောင်မောင်ညိုတို့ ဇနီးမောင်နှံ ဦးခင်မောင်ထွေးကို လာကန်တော့သည်။ သူတို့ ညားကြသည်မှာ နှစ်နှစ်ကျော်ပေမယ့် သားသမီး မထွန်းကားသေးပါ။ သို့အတွက်ကြောင့် အလှသွေးတွေက ဆူဝေနေဆဲ ဖြစ်၏ ။ မွှေးမွှေးက ဒါကို ရည်ရွယ်ပြီးပြော၏ ။

"ဟဲ....ဟဲ... မွှေးမွှေးရဲ့ ခြေဖျားကိုတောင် မီမယ်မဟုတ်ပါဘူး တကယ်ပါ၊ မွှေးမွှေးရဲ့ မျက်နှာကလေးက ဖိုဘီကိတ်လို ကျက်သရေရှိတာ၊ ကိုယ်လုံးကလဲ ဘရူးရှီးလို အချိုးအဆစ်ပြေတာ သိလား"
"ဟုတ်လဲ ဟုတ်ဘဲနဲ့"
မူမူနွဲ့နွဲ့ ငြင်းလိုက်ပေမယ့် သည်စကားကိုတော့ မွှေးမွှေး နားထဲ ချိုအီစိမ့်နေပါတော့၏ ။

"ဝါကျွတ်လက်ဆောင်အဖြစ် မွှေးမွှေးအတွက်လည်း အစ်ကိုညို မမေ့ပါဘူးဗျာ၊ ဒီမှာ....ကြည့်"
" ဟယ်....ကျေးဇူးတင်လိုက်တာ အကိုညိုရာ၊ မွှေးမွှေးလည်း လကုန်တော့မှ ဝယ်မယ်လို့ စိတ်ကူးထားတာ၊ မွှေးမွှေး စိတ်ထဲ ဘာဖြစ်နေတယ်ဆိုတာ အစ်ကိုညို သိနေသလိုပဲ"

မောင်မောင်ညိုလည်း နွားပြာကြီး အောက်သွားလွတ်နေပါတော့၏ ။ပြီးတော့........ မွှေးမွှေးလက်ထဲသို့ အရောင်ဖျော့ဖျော့ မရမ်းနုရောင် နံပါတ် (၃)မက်စ်ဖိုင်တာ မိတ်ကပ်ဘူး ထည့်လိုက်၏ ။

✽✽✽✽✽

(၈)

"ဒီနှစ် ဆယ်တန်းကြတာ ဘဲကြီး သိပ်မကြည်ဘူး၊ အစ်ကိုညိုရာ ကျွန်တော် သိပ်ပြီး စိတ်ညစ်တယ်"
ကိုတိုး ဆယ်တန်းကျ၏ ။ မွှေးမွှေးလည်း ကိုးတန်းကျ၏ ။ သူတို့တစ်အိမ်လုံးလည်း ဝါးအစည်းပြေသလို ပြေနေလေသည်။ သူ့တက်သူလှော သူ့ရွက်သူဖွင့်နေသလိုဖြစ်နေ၏ ။
ကြည့်.....ဦးခင်မောင်ထွေးက ညတိုင်းပင် သောက်စားပြီးမှ ပြန်လာ၏ ။ သားရယ်၊ မယားရယ်လို့တော့ သတိမရတော့ပါ။ဒေါ်ခင်မမကလည်း တစ်နေကုန် တစ်နေခမ်းဖဲဝိုင်းမှာ ရှိနေ၏ ။ ညဥ့်နက်သန်းခေါင်မှလည်း ပြန်လာသည်လည်းရှိ၏ ။အစောဆုံးက ကိုးနာရီဖြစ်၏ ။ သောကြာ၊ စနေဆို လုံးဝအိမ်မပြန်တော့ပါ။ အိမ်ကိုအုပ်ထိန်းမှုလစ်ဟင်းလာတော့၏ ။

သား ကိုတိုးဆိုလည်း ကျောင်းသာဆိုပေမယ့် ကျောင်းရောက်ချင်မှ ရောက်တော့၏ ။ ညတိုင်းလည်း ဂစ်တာကြီး တဒေါင်ဒေါင်နှင့် အချိန်ကုန်လေတော့၏ ။ငွေကြေးကလည်း အသုံးအစွဲ လက်ဖွာသည်။ သူ့ငွေကို မောင်မောင်ညိုက ရှာဖွေပေးသည်။ မခက်ပါ။ ဦးခင်မောင်ထွေး နာမည်သုံးကာ ကော်ပိုရေးရှင်းမှ ပစ္စည်းထုတ်သည်။ သူ့အဖေလက်မှတ် ပါမစ်နှင့် ပစ္စည်းထုတ်ရောင်းသည်။
ငွေရမည်။ ဘာမှမခက်။

မွှေးမွှေးကလည်း ထို့အတူပင်။ စတိတ်ရှိုးပေါင်းစုံ သွားမည်။ မွေးနေ့ပေါင်းစုံ ရောက်သည်။ အကောင်းတကာ့ အကောင်းဆုံး၊ အဆန်းတကာ့ အဆန်းဆုံး ပစ္စည်းများကို ဝယ်ယူမည်။ ငွေတွင်းကိုတော့ မောင်မောင်ညို တူးပေးသည်။

" ကဲ...ငါ့ညီ စိတ်မညစ်နဲ့၊ ဘာလုပ်ချင်တာလဲ"
" နံပါတ်ဖိုး "

✽✽✽✽✽


"အခု ဧပြီလဆိုတော့ ကော်ပိုရေးရှင်းတိုင်းဟာ မြေပေါ်လက်ကျန်စာရင်း ကောက်တုန်းပဲ မမရဲ့၊ ဒီတော့ မမလိုချင်တဲ့ ငွေသုံးထောင် ခဏလောက် စောင့်ပါ"
ဒေါ်ခင်မမ အကြွေးတင်နေပါ၏ ။ မတ်လကုန်ကတည်းက အကြံအဖန်ပြတ်သွား၍ ငွေစ မရွှင်ဖြစ်နေ၏ ။ အကြောင်းကလည်း မောင်မောင်ညို ပြောသလို ဖြစ်နေ၏ ။
" ကြည့်ပြီး စီမံပေးပါ မောင်မောင်ညိုရယ်။ ဟို...မန်နေဂျာကတော်ဆီက အလွယ်ချေးထားတာ အားနာလို့ပါ"
" သြော်.... မမမှာ ပေါင်နှံစရာ တစ်ခုရှိလား"
" ဟုတ်ပြီ၊ ဟုတ်ပြီ ပန်းလက်ကောက် တစ်ရံတော့ရှိတယ်၊ မင်းအာစရိကို အသိပေးလို့ ဖြစ်မှာ မဟုတ်ဘူးနော်၊ သူ့မိဘ လက်ထက်ပွားမို့ အထိမခံဘူးလေ"
" ကျွန်တော် စီစဉ်ပေးပါ့မယ်၊ ဒါကိုလဲ ခါတိုင်းလို အစိန့်စီမှာပဲ ထားလိုက်မယ်နော်"

✽✽✽✽✽

(၁၀)

" အာစရိ ကန်တရိုက် ဦးတောက်ထိန်က ညနေကျရင် ဆရာ့အကြိုက် စားသောက်ဆိုင်မှာ ဘလက်လေဘယ်နဲ့ ပြုစုပါရစေတဲ့"
ဦးခင်မောင်ထွေးတို့ ရုံးအဆောက်အဦး တိုးချဲ့ရာတွင် ကန်ထရိုက်ဦးတောက်ထိန်က ကန်ထရိုက်ရသည်။ ပစ္စည်းကို ဦးခင်မောင်ထွေးတို့က တာဝန်ယူပြီး ဆောက်လုပ်ရေးကို ဦးတောက်ထိန်တို့က တာဝန်ယူသည်။ ကော်ကိုရေးရှင်းမှ ယယ်ယူ၍မရသော ပစ္စည်းများကို ပုဂ္ဂလိကများထံမှ ငွေသားဖြင့် ဝယ်ယူရသည်။ ယခုလည်း ငွေငါးထောင်ဖိုးလောက် ပစ္စည်းကို အပြင်မှ ဝယ်ယူရန် ဖြစ်သည်။ ငွေကို ဘဏ်မှ ချက်လက်မှတ်ဖြင့် ထုတ်ယူရမည်။ ငွေထုတ်ရန် ချက်လက်မှတ် ဦးခင်မောင်ထွေး လက်မှတ်ထိုးနေစဉ် မောင်မောင်ညိုက ပြောလိုက်ခြင်းဖြစ်သည်။

" သိပ်ကောင်းတာပေါ့ကွာ၊ မြန်မြန်သာ ပြန်လာခဲ့၊ နေကျရင် ငါက လေထချင်နေတာကွ၊ ဟား....ဟား....ဟား...."
ညနေ နှစ်နာရီခွဲသည့် တိုင်အောင် မောင်မောင်ညို ပြန်မလာသေးပါ။ ခါတိုင်းဆို ဆယ်နှစ်နာရီကျော်ကျော် ပြန်ရောက်နေကြ ဖြစ်သည်။ ထိုစဉ် ဖုံးခေါ်သံ ထွက်ပေါ်လာသည်။ ကောက်ကိုင်ကြည့်တော့ မနက်ဖြန်တွင် ဆောက်လုပ်နေဆဲ အဆောက်အအုံနှင့် ပတ်သတ်၍ အစည်းအဝေးရှိသည်။ သုံးစွဲပြီး ငွေစာရင်းနှင့် လက်ကျန်ငွေ စာရင်းများကို ပြုစုထားရန်ဖြစ်သည်။ ဦးခင်မောင်ထွေး အဖို့တော့ အေးအေးပါပဲ၊ စာရင်းဇယား ကွက်တိ။

ညနေ လေးနာရီသာ ထိုးရော မောင်မောင်ညိုလည်း ပေါ်မလာသေး။ တစ်ခုခုများ ဖြစ်နေသရော့လား။ ဖြစ်လျှင်လည်း အကြောင်းကြားလိမ့်မည်။ မောင်မောင်ညိုက ကိစ္စမရှိ၊ ထုတ်ချုင်းလိုက်သည့် ငွေကော ဘယ်မှာလဲ။ လူမရောက်တာက ကိစ္စမရှိ။ စာရင်းအင်းပြရန် ငွေရောက်ဖို့က အရေးကြီးသည်။

ငွေငါးထောင်ကိုတော့ အရင် ရှာရမည်။မရှိ၍ မဖြစ်ကြောင်း သူနားလည်လိုက်လေ၏ ။ သည်တော့ အိမ်ကို ဖုန်းလှမ်းဆက်သည်။ အိမ်ဖော်မိန်းမကြီး ဒေါ်သုန်က ကောက်ကိုင်သည်။ ဇနီးသည်က မရှိပါ။ အိမ်ကို ကမန်းကတန်း ပြေးပြန်ခဲ၏ ။အကြောင်းကာ ပန်းလက်ကောက်ကို ခေတ္တ ပေါင်နှံထားရန်ဖြစ်သည်။

" ဆရာ့ ပစ္စည်းက အတုကြီးပဲ "
အပေါင်လက်ခံသူ စကားကြောင့် တုန်လှုပ်သွား၏ ။ ဟုတ်ပါသည်။ မောင်မောင်ညိုနှင့် ဒေါ်ခင်မမ နှစ်ဥာဏ်ပေါင်းပြီး စည်းဝါးရိုက်ထားခြင်းပင် ဖြစ်၏ ။

✽✽✽✽✽

(၁၁)


" တောက်...ခွေးသား မောင်မောင်ညို၊ သိရောပေါ့ကွာ"
ပစ္စည်းအတုကြီး ဖြစ်နေ၍ စိတ်ဆိုး မာန်ဆိုးဖြင့် ပြန်ရောက်လာသော ဦးခင်မောင်ထွေးသည် ဇနီးသည် ကမ်းပေးသော စာကိုဖတ်ပြီး သို့ကလို ကြုံးဝါးလိုက်သည်။ အကြောင်းမှာ သူ့သမှး မွှေးမွှေးကို မောင်မောင်ညို အလစ်သုတ်သွားခြင်းပင်ဖြစ်၏ ။

ချက်ခြင်းပင် ရဲဌာနသို့ ဖုန်းဆက်တိုင် ကြားလိုက်၏ ။ ရုံးငွေကို ခိုးယူမှုနှင့် သူ့သမီး ပျောက်မှုဖြစ်၏ ။ အကြောင်းထူးလျှင် ဖုန်းပြန်ဆက်ပါဟု ရဲဌာနသို့ မှာကြားထားရသေး၏ ။

" လက်ကောက်တွေက အတုချည်းပါလား"

သည်တော့မှ ဒေါ်ခင်မမ အစိန့်ဆီ ဖုန်းဆက်ရန် သတိရတော့၏ ။ အစိန်ထံမှ စကားကြားလိုက်တော့ ဒေါ်ခင်မမ မူးမေ့မသွားရန် မနည်းကြီး သတိထားနေရတော့၏ ။ လက်ကောက်များကို မောင်မောင်ညို ရွေးယူလစ်သွားပြီ။
ထိုစဉ် ဖုန်းလာရာ ဦးခင်မောင်ထွေး ကပျာကယာ ကောက်ကိုင်လိုက်၏ ။ သတင်းထူး၍ ရဲဌာနမှ ဖုန်းဆက်ဖြင်းဟု သူထင်၏ ။ တကယ်လည်း ရဲဌာနမှ ဖုန်းဆက်ခြင်း ဖြစ်သည်။ သို့သော် သူကြားချင်သော မောင်မောင်ညို သတင်းမဟုတ်ပါ။

ဘိန်းဖြူဆေးထိုးအပ်တန်းလန်းနှင့် သူ့သား ကိုတိုးကို ဖမ်းမိသည့် သတင်း။

✽✽✽✽✽

(၁၂)

ဇာတ်ပေါင်းကြသောအခါ........
တကယ့်လူရိုးကြီး ဦးခင်မောင်ထွေးသည် ယစ်ထုပ်ကြီး ဖြစ်ရသည်။ မယားက ဖဲသမား ဖြစ်ရသည်။ သားက ဘိန်းဖြူစွဲရသည်။ သမီးက အငယ်အနှောင်း ဖြစ်ရသည်။ နောက်ဆုံးပိတ်သတင်းကတော့ လုပ်ငန်းခွင်ဆက်ဆံရေး၌ ဟိတ်ဟန်များလွန်းသည်ဟု အကြောင်းပြချက်ဖြင့်
ဦးခင်မောင်ထွေး နယ်ပြောင်းခံရခြင်းပင် ဖြစ်၏ ။

✽✽✽✽✽

လူသည် သုံးလောက၏ စွမ်းအားရှင် ဖြစ်သည်။
သို့ဖြစ်လျှင် လူတို့ကြောက်ရမည့် အရာကား အဘယ်နည်း။
လူတို့ ကြောက်ရမည့်အရာကား ဧကန်စင်စစ် လူ ပင်ဖြစ်ပါ၏ ။


Saturday, April 10, 2010

လူတို့ကြောက်သောအရာ


(၁)
ဖားသည် မြွေကို ကြောက်၏ ။
ကြွက်သည် ကြောင်ကို ကြောက်၏ ။
သားသမင်သည် ကျားဘုရင်ကို ကြောက်၏ ။
သတ္တဝါအားလုံးသည် လူသားကို ကြောက်၏ ။
လူသားသည် သုံးလောက၏ စွမ်းအားရှင်ဖြစ်၏ ။
သို့ဖြစ်လျှင် လူတို့ကြောက်ရမည့် အရာကား အဘယ်နည်း။

✽✽✽✽✽

(၂)
"ဂွတ်နိုက်"
"ဂွတ်နိုက်"
မောင်မောင်ညိုက သူ့ဆရာ ဦးခင်မောင်ထွေးကို နှုတ်ဆက်၏ ။ဦးခင်မောင်ထွေးကလည်း နှုတ်တုံ့ပြန်၏ ။ နှစ်ဦးစလုံး၏ စကားသံကား ဗလုံးဗထွေးဖြစ်နေ၏ ။ ယစ်ရွှေရည်တန်ခိုးကြောင့် ယိမ်းထိုးနေပါ၏ ။
ပြီးတော့ ဦးခင်မောင်ထွေးကို လိုက်ပို့သော ကားသည် " ဝူး " ခနဲထွက်သွားတော့၏ ။

အိမ်ဖော်မိန်းမကြီး ဒေါ်သုန်က တံခါးဖွင့်ပေးသည်။ တအိမ်လုံး တိတ်ဆိတ်နေ၏ ။ ဒေါ်သုန်မှလွဲ၍ ဘယ်သူမှ မရှိကြပါ။
" ခင်မကော..... " ဇနီးသည်ကို မေး၏ ။
" ဒီနေ့ သောကြာနေ့လေ "
" ဟုတ်ပ....ဟုတ်ပ ၊ ကိုတိုးကော......" သားတော်မောင်ကို သတိရ၍ မေး၏ ။
" ကိုတိုး ဟိုဘက်လမ်းထိပ်မှာ ဂစ်တာတီးနေတယ်လေ ၊ ဒီကတောင် ကြားနေရသေး "
" ကောင်းတယ်၊ ကောင်းတယ်၊ မွှေးမွှေးကော....." သမီးဖြစ်သူကို မေးမိပြန်သည်။
" သူ့သူငယ်ချင်းမွေးနေ့ကို ညသွားအိပ်တယ်လေ။"
နောက်ထပ်မေးရန် အိမ်ထောင်စုမရှိတော့ပြီ။ ဒယိမ်းဒယိုင်နှင့် အိပ်ခန်းထဲသို့ ဝင်သွားလေတော့သည်။ မကြာမီ သူ၏ ဟောက်သံတွေက ထွက်ပေါ်လာတော့၏ ။

✽✽✽✽✽

(၃)

ဦးခင်မောင်ထွေးသည် ဆေးလိပ်၊ ကွမ်း၊ အရက်၊ လောင်းကစားကင်းသူဖြစ်၏ ။ ကော်ပရေးရှင်းတစ်ခုလုံး သူ့လောက် အပြစ်ကင်းစင်သူ တစ်ယောက်မှ မရှိ။ ဤသည်ကို သူ့ဆရာ ဦးစီးမှုးက သိ၏ ။ ဦးခင်မောင်ထွေး၏ ရိုးဖြောင့်တည်ကြည်ပုံ၊လုပ်ငန်းခွင် လူထုဆက်ဆံရေး ပြေပြစ်ပုံကို အမြဲတစေ ချီးမွမ်းခန်းဖွင့်လေ့ရှိ၏ ။

ဦးခင်မောင်ထွေး၏ အိမ်ထောင်စု အသိုင်းအဝိုင်းကိုလည်း ကြည့်ပါ။ ဇနီးသည် ဒေါ်ခင်မမက ပကတိ တောသူ၊ ရိုး၏ ၊ အ ၏ ။ အိမ်ထဲမှ အိမ်ပြင် ထွက်လေ့မရှိ။ ငွေဆိုလည်း အပိုတစ်ပြားမှ မသုံး။ အနေအထိုင်ကျစ်လစ်၏ ။
အချုပ်ဆိုရသော် အိမ်ရှင်မကောင်း တစ်ဦးဖြစ်၏ ။

သူ့သား ကိုတိုးနှင့် သမီးမွှေးမွှေးကိုလည်း ကြည့်ကြပါဦး။ လိမ္မာရေးခြားရှိ၏ ။လူကြီးသူမ မှန်းလည်း သိသည်။ ကျောင်းစာဆိုလည်း တစ်နှစ် တစ်တန်း မှန်မှန် အောင်သည်။ အောင်သည်ဆိုရာလည်း အဆင့်မြင့်မြင့် အောင်သည်။

သူ့ဆရာ ဦးစီးမှုးက အထက်ပါ ဦးခင်မောင်ထွေး၏ အရည်အချင်းကို သိ၍ သူနှင့် သင့်လျှော်သော ဌာနခွဲတစ်ခုကို အုပ်ချုပ်ရန် စေလွှတ်လိုက်၏ ။
" အခု မင်းအုပ်ချုပ်ရမည့် ဌာနကတော့ အရပ်စကားနဲ့ပြောရရင် ဖုန်းဆိုးမြေ ပေါ့ကွာ"
" စိတ်ချပါ ဆရာ၊ ကျွန်တော် အုပ်ချုပ်ရမှာက အသိဥာဏ်မဲ့တဲ့ သားရဲ တိရိစ္ဆာန်တွေ မဟုတ်ပါဘူး၊ ယဉ်ကျေးပြီး အသိဥာဏ်ကြွယ်တဲ့ လူသားတွေပါ ဆရာရယ်။ "

✽✽✽✽✽

ဤဌာနကို ရောက်တော့ မောင်မောင်ညိုနှင့် ဖက်လဲတကင်း ဖြစ်ရသည်။ မောင်မောင်ညိုက ဌာနခွဲစာရေးကြီးလည်းဖြစ်၊ ရုံးသက် အရင့်ဆုံးလည်း ဖြစ်သည်။ ရုံးလုပိထုံးလုပ်နည်းကို သေတ္တာမှောက် လုပ်နိုင်သူ ဖြစ်သည်။
သို့ဖြစ်၍ မကြာမီမှာပင် မောင်မောင်ညိုသည် ဦးခင်မောင်ထွေး၏ ညာလက်ရုံးတစ်ဆူ ဖြစ်လာသည်။
ဦးခင်မောင်ထွေး ရောက်စတော့ သူ့အတွက် ရုံးခန်းသီးသန့် မရှိပါ။ ခန်းမကြီးတစ်ခုထဲမှာပင် ရုံးသူ ရုံးသားများနှင့် ရောထိုင်သည်။ နောက်တော့မှ မောင်မောင်ညို၏ အကြံပေးချက်အရ သူ့အတွက် အခန်းဖွဲ့လိုက်သည်။ ဆင်နားရွက်တံခါးနှင့် ဖြစ်သည်။
တံခါးရွက်ပေါ်တွင် " ဝင်ခွင့်တောင်းပါ " ဆိုသော စာတမ်းကိုလည်း ချိတ်ထားသည်။ အခန်းဝတွင် မောင်မောင်ညို စားပွဲရှိသည်။ မောင်မောင်ညိုကို ကျော်ပြီး ဦးခင်မောင်ထွေးကို မတွေ့ရဆိုသည့် သဘောဖြစ်သည်။
" ဒီလို အာစရိရဲ့......"
မောင်မောင်ညိုက သူ့ကို ဤသို့ ဆန်းတင်ကာ ခေါ်၏ ။
" ဒီဌာနက အလွှာပေါင်းစုံ၊ လူပေါင်းစုံ ကျက်စားတဲ့ ဌာနဗျ၊ ဒီတော့ ကိုယ့်ကို လိုသူရော မလိုသူရော လာကြမယ်ဆိုတော့ကာ လူတိုင်းကို အတွေ့မခံရအောင် အခန်းဖွဲ့လိုက်မယ်။ "
ဤအကြောင်းပြချက်ဖြင့် အခန်းဖွဲ့လိုက်၏ ။

" နောက်တစ်ခု အာစရိကို ပြောထားရဦးမယ်၊ ဒီဌာနက ပစ္စည်းရောင်းတဲ့ ပါမစ်ထုတ်ပေးရတဲ့ဌာန ဖြစ်လေတော့ လာတဲ့သူတွေကလည်း မူနဲ့ဘောင်နဲ့ ညီအောင်လုပ်ပြီး လာကြမှာပဲ၊ ဘယ်သူလာလာ ဟန်ကိုယ့်ဖို့ဆိုတာတော့ ရှိသင့်တယ်။
ဥပမာ- ဒီပစ္စည်းကို ရောင်းချရမယ်လို့ သိကြားမင်းက အမိန့်ပေးတောင်မှ....."
ပြတ်သွားသော မောင်မောင်ညို့စကားကြောင့် ရှေ့ဆက် ဘာများ ဥပမာ ဥပမေယျစကား ထွက်လာဦးမလဲဟု သူ စိတ်စောနေ၏ ။
" အကြံတုံး ဥာဏ်တုံး ပုံစံနဲ့ ခေါင်းကုတ်တာမျိုး၊ အကြံအိုက်ကာ အကြောတက်ပြီး ဇက်ကြောကိုလဲ မလှည့်ချင်ပဲ လှည့်ရတဲ့ ပုံစံမျိုး လုပ်ပြီးမှ တစ်ဒါဇင်လောက်ရှိတဲ့ ဘောပင်တွေကို ကိုင်၊ စိမ်ပြေနပြေ တစ်ချောင်းခြင်း ရွေးနေလိုက်၊
ရှင်းရှင်းပြောရမယ်ဆိုရင် မြစ်ကို အလျားလိုက်ကူးပါ၊ ကြမ်းပိုးကို ခါးတောင်းကြိုက် ရှာပါ"
"ဘာ...ဘာ...ဘယ်လို....."
"ဟဲ... ဟဲ... အာစရိ မျက်စိလည်သွားပြီကိုး.....၊ ဒီလိုလေ အာစရိရဲ့၊ ပါမစ်ကို လက်မှတ်ထိုးခါနီးမှာ ကိုယ့်အမေ ဟိုဒင်းပစ္စည်းကို ပေးရသလို တွန့်တိုနေတဲ့ ပုံစံလုပ်ပြရမယ်၊ စက္ကန့်ပိုင်းအတွင်း ပြီးမယ့်ကိစ္စကို မိနစ်ပိုင်း နာရီပိုင်းလောက် ကြာတဲ့အထိ
အချိန်ဆွဲထားရမယ်"
" ဟာ... မင်းကလဲကွာ၊ မြန်မြန်ပြီး မြန်မြန် ရှင်းတာပေါ့ကွာ၊ သူ့ကို မြန်မြန် လက်မှတ်ထိုးပေးလိုက်တော့ သူလဲ မြန်မြန်သွားရော မဟုတ်လားကွ"
" အာစရိ ခုထိ သဘောမပေါက်သေးဘူးပဲ၊ အာစရိက လွယ်လွယ်ကူကူ လုပ်ပေးလိုက်ပြီ ဆိုပါတော့ အာစရိ လုပ်ငန်းကို ဘယ်သူက တန်ဘိုးထားမှာလဲ၊ ရပါတယ်ကွာ သူဌေးသွားသွား၊ ခွေးသွားသွား လုပ်ပေးတဲ့ ပုဂ္ဂိုလ်လို့ ထင်မှာပေါ့ဗျ။"
အခုလိုဆိုတော့လည်း ဟုတ်တုတ်တုတ်ပင် ဖြစ်၏ ။

မုဒုံ သုမွန်
ဆက်ရန်ရှိပါသေးသည်။

ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဝတ္တုတိုလေးတစ်ပုဒ်ကို မျှဝေလိုက်ပါတယ်။လူ့လောက လူ့သဘာဝမှာ ကြောက်စရာ ကောင်းဆုံးသော အရာတွေကို စာရေးသူ မုဒုံ သုမွန်က ရေးသားဖော်ပြသွားတာကို သဘောကျ နှစ်ချိုက်မိလို့
စာရေးသူ မူရင်းအတိုင်း ပြန်လည်ရေးသားတင်ပြအပ်ပါသည် ခင်ဗျာ။

ဆက်လက်ကြိုးစားပါဦးမည်။






Wednesday, April 7, 2010

ပစ္စုပ္ပန်ဆန္ဒ


ပစ္စုပ္ပန် ဆန္ဒ

အိမ်
အိမ် အိမ် အိမ်
အိမ် အိမ် အိမ် အိမ် အိမ်
အိမ် အိမ် အိမ် အိမ် အိမ် အိမ် အိမ်
အိမ် အိမ် အိမ် အိမ် အိမ် အိမ် အိမ် အိမ် အိမ်
အိမ် အိမ် အိမ် အိမ် အိမ် အိမ် အိမ် အိမ် အိမ် အိမ် အိမ်

အ မြဲ တမ်း သ တိ ရ တယ်။
အ ရမ်း ပဲ လွမ်း မိ ရ တယ်။
ပစ္စုပ္ပန် ဆန္ဒတစ်စုံ ကတော့
အချိန်တိုင်းအိမ်ပြန်ချင်တယ်။
တိတ်တခိုး စိတ်ကူးတွေနဲ့သာ

အိပ်မက်တွေထဲ လှမ်းထွက်ခဲ့
တကယ်တမ်း ရောက်ရှိနေတာ
ငါဟာ....အိမ်နဲ့အဝေးတနေရာ။


ချမ်းဧအိမ်