Sunday, November 29, 2009

☣ နှစ်ချို့ဘလက်ကော်ဖီ ☣

 Image Hosting

နှစ်ချို့ဘလက်ကော်ဖီ

နွေနှင်းပန်းတို့ ပွင့်လန်းချိန်တွင် လသည် သာယာသော သဘောရှိသည်။ ငြိမ်သက်တိတ်ဆိတ်မှုထဲမှ ရထားဥသြသံအချို့ သဲ့သဲ့ညှင်းညှင်းကြားရသည်။ အဆူညံဆုံးအသံကား နာရီလက်တန်၏ လှုပ်ခါချက်ဖြစ်သည်။အိမ်မြောင်စုပ်ထိုးသံကိုလည်း ရံဖန်ရံခါ ကြားရသည်။ ခွေးအူသံအချို့ နှင့် ကားဘီးပွတ်သံအချို့လဲ ထိုညတွင် မှော်ဝင်စားလေသည်။ခပ်ဝေးဝေးမှ ညှင်းသဲ့တိုက်ခတ်လာသောလေ၏ အေးစက်မှုသည် ညကိုအသက်ဝင်စေသည်။ ပိုးစိမ်းကောင်လေးများ လမ်းမီးရောင် မှိန်မှိန်အောက်တွင် အတုံးအရုံးတိုက်ပွဲကျနေကြသည်။ အသက်ရှုသံအချို့ လဲပြိုချိန်မှာ ဟောက်သံအချို့က ကြားကားဆွဲသည်။အိပ်စက်မည်ဟု မှိန်းရုံကြံနေသော မျက်စိအစုံက နောင်လာမည့်အာရုဏ်ကိုပဲ မျှော်နေသည်။အချိန်သည် ရွှေလျားနေသော်လည်း ကြာသည်ဟု ထင်ရသည်။ဆောင်းကူးနေသောကြောင့် သန်းခေါင်ညနက်မှု ရှည်သည်။အိပ်မပျော်သော ညတစ်ည သံသယာလည်ဆိုသောသီချင်းလဲ မဆိုချင်တော့ပြီ။

အိုက်
စပ်ပူလောင်မှုကို ရေခဲရေဖြင့် မြောချလို့လဲမရ။ဗိုက်ထဲမှာလဲ တဂွီဂွိဖြင့် စစ်ပွဲတွေဖြစ်နေသည်။ ငြိမ်းချမ်းရေးယူဖို့ ညစာကျန်နေတဲ့ ထမင်းကြမ်းခဲကို ကြက်ဥကြော်ဖြင့် ပေါင်းရမည်။ကြက်ဥကို ညနေဈေးမှမဝယ်မိခဲ့။ဆီကြည့်ပြန်တော့လည်း တစက်နှစ်စက်သာသာ။ ဂစ်မီးဖိုကိုဖွင့်လိုက်တော့လည်း မီးတရှဲရှဲဖြင့် ဘာတည်ရမှန်းမသိ။ကယောင်ကတမ်းဖြင့် ရေနွေးကောက်တည်လိုက်သည်။လက်နှစ်လုံးလောက်ရေက အဆူတော့မြန်သည်။ကော်ဖီပဲ မော့တော့မည်ဟုကြံပြီး ကော်ဖီမှုန့်ထည့်တော့ ပုလင်းဝကခုန်ဆင်းလာတာ တမှုန်နှစ်မှုန်။ပုလင်းကိုထောင်ပြီး နှုတ်ခမ်းဝကငေးလိုက်တော့ ဗလာနတ္ထိ။ဆူနေတဲ့ရေနွေးကို အားနာလို့ ကော်ဖီပုလင်းထဲ ရေနွေးသွန်ပြီး ကျင်းလိုက်သည်။ရေနွေးကို ကော်ဖီရောင်လေးဆိုးပြီး သကြားပုလင်းလှမ်းကြည့်ပြန်တော့။ပုရွက်ဆိတ်တွေက သကြားတစ်မှုန်ဆီ သူတို့တွင်းထဲ သယ်သွားကြသည်။သကြားမပါတော့လည်း ဆီးချိုကင်းစင်တယ်ပေါ့။ဒီအတိုင်းပဲ ဘလက်စစ်စစ် မော့ချလိုက်သည်။ "ဂလု"။ဝင်ပြီးသား ကော်ဖီရောင်ရေနွေးတွေ ပြန်ခုန်ထွက်လာသည်။အရသာမဲ့ နှစ်ချို့ကော်ဖီစစ်စစ်တခွက်ပါလား။


ဆက်လက်ကြိုးစားပါဦးမည်။





5 comments:

  1. ရေးထားတာတွေ လဲ မိုက်...
    ကော်ဖီ လဲချိုချို ခါးခါး ကြိုက်စ်...

    ReplyDelete
  2. နှစ်ချို့ကော်ဖီက
    Kopi Luwak ထက်တောင်ပိုကောင်းမယ့်ပုံဗျား
    ပျော်ပါစေ
    လာမည့် ဗုးဒ္ဓဟူး ...အစီအစဉ်ဆွဲနေတယ်နော်
    အသင့်ပြင်ထား...

    ReplyDelete
  3. အာ ကိုချမ်းကလည်းဗျာ ကျွန်တော်က ဖတ်ရင်းနဲ့ မျောလာတာ... မော်ဒန်ဆန်တဲ့ စကားလုံးတွေက ဇာတ်ရှိန်တတ်လာတာ တဖြည်းဖြည်းနဲ့ အဟီးး)

    နှစ်ချို့ ဘလက်ကော်ဖီတဲ့လား...
    ကျွန်တော်လည်း ကော်ဖီဆို ကဗျာလိုပဲ အရမ်းကြိုက်တယ်...

    နဲနဲခွဲယူသွားတယ်ဗျ
    လေးစားလျက်

    ReplyDelete
  4.း) ကျွန်တော်ကော်ဖီမကြိုက်ပေမယ့်
    ဒီပို့စ်ကိုတော့ကြိုက်တယ်
    မော်ဒန်ဆို သိပ်ကြိုက်

    ReplyDelete
  5. :) ကိုချမ်း ကော်ဖီ တခွက်လောက်။ အေးအေးနဲ့သောက်ချင်လို့

    ReplyDelete