Tuesday, July 7, 2009

Past

*.*.*တစ်ရံတစ်ခါဆီက*.*.*

“ဘာ”.......

ကိုယ်နားကိုယ်မယုံနိုင်အောင်ဖြစ်သွားတယ်။ “အောင်ခိုင်ဆုံးပြီ” “ဟုတ်မှဟုတ်ရဲ့လား။ ငါအိမ်မက်မက်နေတာလား။
အိပ်ချင်မူးတူးနဲ့ တဘက်မှအသံကိုကြားနေရတယ်။ ဝေလီဝေလင်းအချိန်ရဲ့ မှောင်ပြပြအလင်းရောင်အချို့ ခန်းဆီးစနောက်ကွယ်ကနေ ထိုးဖောက်ပြီး ငါ့ခေါင်းရင်းမှာ ဖြာဆင်းနေတယ်။ ဟုတ်ပါတယ်။ ဒါအိမ်မက်မဟုတ်ပါဘူး။


စင်ကာပူမှသော်ကြီးက မနက်စောစောဖုန်းဆက်ခေါ်ပြီး ဒီ သတင်းကိုပြောတာ။ အောင်ခိုင်ဆုံးပြီတဲ့။ ဦးနှောက်အမြှေးရောင်ပြီး ဆေးရုံမှာဆုံးတာ။ ညက ၃ နာရီလောက်ကမှ အလုပ်ကပြန် ရောက်လာတာ သိပ်တောင်မအိပ်ရသေးဘူး။

ပုံမှန်ဒီအချိန်ဆို နိုးတာတောင်မဟုတ်သေး။ မနက်စာဆိုတာကြာပြီမေ့ပေါ့။ အခုတော့ အောင်ခိုင်သတင်းကြားပြီး ပြန်လဲအိပ်မရတော့ဘူး။ စိတ်တွေဝေဝေဝါးဝါးဖြစ်သွားတယ်။ မသဲမကွဲနဲ့ ဒီကောင့်မျက်နှာကို တရေးရေး ပြန်မြင်လာတယ်။

ညာဘက်စောင်း ပြန်မှေးကြည့်တယ်။ မရဘူး။ ဘယ်ဘက်စောင်းလဲမရဘူး။ ရင်ထဲမှာလဲ ဆွေးသလိုလိုနဲ့ ခံစားရတာ။

ဟာကွာ………..။ ဘယ်လိုဖြစ်တာပါလိမ့်။ ဒီကောင်ကွာ ငယ်ငယ်ရွယ်ရွယ်နဲ့။ ဘာဖြစ်မှန်းမသိဘူး။ ကုတင်ပေါ်ကနေလှဲပြီး ဒီ ကောင်အကြောင်းတွေပဲ စဉ်းစားနေမိတယ်။



အောင်ခိုင်ရေ……

အသဲပန်းကဖီး မထိုင်တော့ဘူးလား….

စိုးလွင်လွင်ရဲ့ မောင့်မျက်ရည်ဝိုင်းမဆိုတော့ဘူးလား….

ကိုငှက်ရဲ့သီချင်းတွေလဲ နားမထောင်တော့ဘူးလား….

ရှမ်းလေးကွမ်းယာကတောင်မေးနေပြီ…..

တောင်ကြီးမှာ ငါးမုန့်ကြော်နဲ့မြည်းစဉ်ကပေါ့….

Grand Royal တွေတောင် ဈေးလျော့တော့မယ်……

အင်းလျားကန်က ဗူးသီးကြော်ဆိုင်တွေရော….

မန်ယူ ဒီနှစ်ဒုတိယပဲရတယ်ကွာ….

Royal က ခွေတွေပြန်မအပ်လို့တဲ့….

ရှမ်းမကတော့ဘူးလား…..

၁၉လမ်းက မင်းမပါလို့တဲ့…..

ငါစပ်တဲ့ ကဗျာတွေဖတ်ဦးလေကွာ….

ရည်စားဟောင်းတွေ လင်ယူကုန်ပြီ….

မိုက်ကယ်ဂျက်ဆင်တောင်သေပြီ….

အသည်းကွဲတိုင်း အရက်သောက်ရအောင်…

အရက်သောက်ပြီး အသည်းတွေကွဲရအောင်…

မူးပြီးတိုင်း မင်းရွတ်နေကြ မောင်စိန်ဝင်း(ပုတီးကုန်း)

ကဗျာလေးကတောင်မင်းကိုလွမ်းနေတယ်

YTUက ဘော်ဒါဟောင်းအတွက် ငိုနေပြီ....

ဆေးလိပ်တွေလျော့သောက်နေပြီဆို….

မင်းအခန်းရော ပွနေတုန်းပဲလား….

သံမဏိတွေအရည်ပျော်နေပြီလေ….

ကာရာအိုကေသွားဆိုကြမယ်လေ….

ရန်ကုန်မှာပဲပျော်တယ်ဆို….

ဘော်ဒါတွေအားလုံး “စလုံး” ထွက်မယ်….

ငါကတော့အင်းစိန်တက်မယ်တဲ့……

မင်းရုံးခုံလေးတွေက ပျင်းနေပြီတဲ့ကွ…..

မင်းရော….

ငါရော….

ဟိုကောင်တွေရော….

သြော် တစ်နေ့တော့လဲ………

..................................................။
(ကွယ်လွန်သွားသော အင်းစိန် သံမဏိစက်ရုံမှ A.E အရာရှိ သူငယ်ချင်း အောင်ကိုနိုင် (ခ) အောင်ခိုင်အတွက် အမှတ်တရ။)

1 comment:

  1. သူငယ်ချင်း နေလင်းချမ်း

    အောင်ကိုနိုင်အကြောင်းကြားရတာ ငါတကယ်ကို စိတ်မကောင်းဘူး သူငယ်ချင်းရာ...

    သော်ကြီးက စင်ကာပူမှာလား...

    ကျော်ဇေယျာလင်းတို့.. သီဟမင်းမင်းတို့နဲ့ရော အဆက်အသွယ်ရှိလား...

    မင်းက အခု ဒူဘိုင်းမှာလား... အဆင်ပြေတယ် မဟုတ်လား...

    စာရေးပါအုန်းကွာ...
    လွင်ထွန်း
    lwintun2007@gmail.com

    ReplyDelete