Tuesday, April 19, 2011

မျက်လုံးနှင့်ရှင်သန်သူများ...

လောကမှာနှာခေါင်းနဲ့အသက်မရှုပဲ
တစ်ယောက်နဲ့တစ်ယောက်
တစ်ယောက်ကဘာလုပ်နေတယ်ဆိုတာကိုကြည့်ပြီး
တစ်ယောက်ကဝေဖန်ရင်း
မျက်လုံးတွေနဲ့အသက်ရှုကြတယ်...

အဟာရပြည့်တဲ့နို့တစ်ခွက်အစား
အမြင်ကောင်းအောင်လုပ်ထားတဲ့
အမှိုက်သာသာမုန့်ပဲသရေစာတွေနဲ့တင်းတိမ်လို့
ပသာဒနဲ့အဟာရလဲလှယ်ကြတယ်...

မူလီတစ်လုံးလောက်တောင်မှ
အသုံးမဝင်တဲ့သတ္ထုတွေကို
လည်ပင်းမှာဆွဲပြီး
ခေါင်းမငြိမ့်တတ်တော့လောက်အောင်ကို
မျက်လုံးတွေနဲ့တန်ဖိုးသတ်မှတ်ကြတယ်...

အားနည်းတဲ့လက်တစ်စုံကိုငြင်းပယ်လို့
အရေပြားတစ်ထောက်စာအလှအတွက်
ဘဝကိုအရောင်းအဝယ်လုပ်လို့
မျက်လုံးကိုအစာကျွေးတတ်ကြတယ်...

ကဗျာတစ်ပုဒ်ဖတ်ဖို့ထက်
မဲပြာပုဆိုးခိုးခိုးခစ်ခစ်ကိုမှ
ရင်ခုန်အောင်ကြည့်ပြီးအလွမ်းတွေဝေနေအောင်ခံစားရင်း
မျက်လုံးကိုမျက်ရည်ကျခိုင်းတတ်ကြတယ်...

ခုန်နေတဲ့နှလုံးသားရဲ့အသံကိုနားထောင်ဖို့ထက်
သော့တွဲနဲ့နတ်ရုပ်တွေကိုပဲရှာဖွေရင်းနဲ့
တစ်ချို့တစ်ချို့တွေက
မျက်လုံးတွေနဲ့မြင်ရင်း...
အကြည့်တွေနဲ့ရင်ဆိုင်ရင်း...
အသက်ရှင်တယ်....။

Poe C
5.7.2010(9:57 PM)

Wednesday, April 6, 2011

နဖူးမှာမတို့လိုက်တဲ့ ပြာတစ်တို့ရဲ့ နောက်ကွယ်

(၁)
အရာအားလုံးပြီးသွားပေမယ်လို့ တစ်ချို့က အခုမှစတယ်။ သွားနှင့်တဲ့သူကို အကောင်း ဆုံး လိုက်ပါပို့ဆောင်လို့ ပြန်လာတဲ့သူတွေက ပြန်လာကြတယ်။ တစ်ချို့အတွက်တော့ ဇာတ်လမ်းက အခုမှစတယ်။

(၂)
မဒေါနတစ်ယောက် အလုပ်တွေရှုပ်နေတယ်။ အိပ်လို့တောင်မပျော်ဘူး။ နက်ဖြန်ခါကျရင် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားရင်း နဖူးပေါ်လက်တင်တော့ ပက်လက်၊ လက် ပေါ်နဖူးတင်တော့ မှောက်ရက်ဖြစ်လို့နေတယ်။ အစီအစဉ်တွေလည်း ခေါင်းထဲမှာ ပြည့် နှက်လို့နေတယ်။ နောက်ဆုံးမျက်စိကိုစုံမှိတ်ပြီး စိတ်နှလုံးဒုံးဒုံးချလို့ ငါကကောင်းစေချင် တဲ့စေတနာနဲ့ လုပ်တာပဲလို့ တွေးရင်းနဲ့ပဲ ညတစ်ညကို ကုန်ဆုံးစေလိုက်တယ်။

မနက်မိုးလင်းချိန်မှာတော့ မဒေါနက သူ့လုပ်ငန်းစဉ်ကို စတင်တယ်။ လူနိုင်ဖြစ်တဲ့ အစ်မလတ်ရဲ့ယောက်ျားခဲအို ကိုမောင်နိုင်နဲ့ တူအငယ်ကောင်ခေါ်ပြီး သေလို့မှရက်မ လည်သေးတဲ့ အစ်မကြီးအိမ်ကို သွားတယ်။ အိမ်လည်းရောက်ရော၊ တံခါးခေါက်ကြည့် တော့ အတော်ပဲဖြစ်သွားတယ်။ လောလောလတ်လတ် မုဆိုးဖိုဖြစ်နေတဲ့ အစ်မကြီးရဲ့ ယောက်ျားက အိမ်မှာရှိမနေဘူး။ တူအကြီးကောင်ကပဲ တံခါးလာဖွင့်ပေးတယ်။ တူတွေ ကတော့ အကြီးကောင်ကကိုးတန်း၊ အငယ်ကောင်က ခုနှစ်တန်းပဲရှိသေးလို့ သူပြောသမျှနာခံရမှာပဲ။ ဒီလိုနဲ့ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောရင်နဲ့ပဲ မဒေါနက သူ့အလုပ်ကိုသူစတယ်။

ပထမဦးဆုံးအိပ်ခန်းထဲဝင်တယ်။ သော့ခတ်ထားတဲ့ဗီဒိုကို တူအကြီးကောင်ဆီက သော့ယူပြီးဖွင့်တယ်။
ထမိန်တွေတွေ့တော့။ သားတို့မိန်းမယူရင်ဝတ်ဖို့ အဒေါ်ကြီးသိမ်း ထားပေးမယ်ဆိုပြီး ယူလာတဲ့ ဆာလာအိတ်ထဲထည့်တယ်။


“ဖိနပ်တွေကော။”

“သားတို့ မိန်းမယူရင်ပြန်ပေးမယ်။”

“ခြေထောက်က တစ်ယောက်တစ်ယောက် ဆိုဒ်မှမတူတာ။”

“ဪငါတူတွေနဲ့ တုံးလိုက်တာ ခြေထောက်ကကြီးနေတော့ ခြေထောက်ကို လှီးပေါ့၊ ဖိနပ်ကကြီးတော့လည်း ဖိနပ်ပေါ့။ ဒါများဘာခက်တာလိုက်လို့။”

“ဒါက သြကြီး(သေသွားတဲ့အစ်မကြီးနဲ့ မဒေါနတို့ရဲ့မောင် အငယ်ဆုံး) မင်္ဂလာဆောင်တုန်းက အဖွားက သူ့သမီးလေးယောက်ဝတ်ဖို့ဆိုပြီး တစ်ယောက်တစ်ထည် ဆင်တူ ဝယ်ပေးတဲ့ ချိတ်လုံချည်တွေမှတ်လား။”

“အေးလေ။ နင်တို့၊ ဖိုးစည်(အစ်မလတ်နဲ့ အခုခေါ်လာတဲ့ ကိုမောင်နိုင်တို့ရဲ့သား)တို့ မိန်းမယူရင် ပြန်ပေးမှာပေါ့။ ကိုယ့်အဒေါ်က မတရားလုပ်ပါ့မလား။ နောက် အိသဲ(မဒေါ နရဲ့ နောက်ထပ်အစ်မလတ်တစ်ယောက်က မွေးတဲ့သမီး) ကြီးလာရင်လည်း တစ် ထည်ပေးရဦးမှာ။”

“ပုသိမ်ထီး၊ ပုသိမ်ထီး။ ဒါကရော ကျွန်တော်တို့မိန်းမအတွက်ပဲလား။ ကျွန်တော်တို့ မိန်း မတွေက ပုသိမ်ထီးတော့ ဘယ်ဆောင်းမှာတုန်း။”

“ဟဲ့… ဒါက အိသဲအတွက်ဟဲ့။”

“ဟင်… အိသဲက အခုပဲ ၆တန်း၊ ၇တန်းရောက်နေပြီ။ နောက်ပြီးတော့ ဒေါ်ကြီးတူမက ပဲကလည်း ခပ်များများနဲ့။ ဒါကြီးဆောင်းပါတော့မလား။ အိမ်မှာတောင် ဘယ်သူမှမ ဆောင်းလို့ ဒီအတိုင်းအလှထား ထားတာကို။”

“ဆောင်းဆောင်းမဆောင်းဆောင်း သိမ်းတာတော့ သိမ်းထားရမှာပဲ။”

“မိတ်ကပ်ဘူးတို့၊ ရေမွှေးတို့၊ အလှပြင်ပစ္စည်းတို့ဗျာ။”

“ဒါလည်းနင်မိန်းမ ယူရင်ပြန်ပေးမှာပေါ့။”

“အင်္ကျီတွေကရော၊ မိန်းမယူရင်ပဲလား။”

“ဟုတ်တယ်၊ အနွေးထည်တွေကောပဲ။”

“နာရီတို့၊ မျက်မှန်တို့ကော။”

“အဲဒါတွေလည်းပါတယ်။”

“တခြားလက်ဝတ် လက်စားတွေကတော့ ထားပါတော့။ အမေဆေးကုတာနဲ့ပဲ ကုန်သ လောက်ရှိနေပါပြီ။ ဒါပေမယ့် အမေသေတုန်းက ဝတ်ထားလို့ ပါရဂူဆေးခန်းမှာ အ လောင်းကနေ ချွတ်ပေးလိုက်ရတဲ့ နားကပ်ကော။ အဲဒီတုန်းက အဖေကြီးတို့တောင် ပူ ထူနေပြီး သတိမရကြလို့ ဆေးခန်းက နပ်စ်မကလေးက ချွတ်ပြီးပေးလိုက်တာလေ။”

“အဲဒါလည်း ငါကနင်တို့အဖွားအိမ်မှာ သိမ်းပေးထားတယ်။ နင်တို့မိန်းမယူရင် နင်တို့ မိန်းမတွေကို ပေးမှာပဲ။”

“ဒါပေမယ့် နားကပ်က တစ်ရံတည်းလေ။ တစ်ယောက်တစ်ဖက်ဆီ ပန်လို့မှမရတာ။”

“အေးလေ ရောင်းပြီး နင်တို့ညီအစ်ကိုနှစ်ယောက် ပြန်ခွဲပေါ့။”

“ဟောဗျာ ကျွန်တော်တို့က နားကပ်တစ်ရံအတွက်နဲ့ မယူမနေရမိန်းမယူရမလို ဖြစ်နေ ပြီ။”

“မရဘူး နင်တို့မိန်းမယူမှ ငါကပြန်ပေးမှာ။ အခု ငါသိမ်းထားမယ်။”

ဒီလိုနဲ့ပဲ ညနေလည်းစောင်းရော ဆာလာအိတ်သုံးအိတ်အပြည့် အဝတ်အစားတွေနဲ့ တိုလီမုတ်စတွေ ပြည့်သွားပါတယ်။ အဲဒါတွေကိုသယ်ပြီး ဘတ်စ်ကားစီးပြီးတော့ အိမ် ပြန်လာကြတယ်။ ပစ္စည်းတွေကိုတော့ ကိုမောင်နိုင်ကထမ်းပေါ့။ ည၈နာရီ၊ ၉နာရီလည်း ရောက်ရော၊ တူအကြီးကောင်က အိမ်ကိုပေါက်ချလာတယ်။ အိမ်အပေါ်ထပ် ထပ်ခိုးကို ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ပဲ တစ်ခါတည်းတန်းပြီးတော့ တက်သွားတယ်။ အဖွားအိမ်ပဲ။ သူက လည်းဒီလိုပဲလာနေကြမို့လို့ လူကြီးတွေက သိပ်တောင်ဂရုမစိုက်မိကြဘူး။ နောက်မှ ထပ်ခိုးပေါ်ကနေ တဟီးဟီးနဲ့ငိုသံကြားလို့ အိမ်မှာရှိတဲ့သူအားလုံးက ထပ်ခိုးပေါ်ကို လိုက်တက်သွားကြတယ်။ အပေါ်ထပ်ရောက်လို့ ကြည့်လိုက်တော့ အကြီးကောင်ကြီး က တရှုံ့ရှုံနဲ့ငိုနေတာတွေလို့ မဒေါနမောင်အငယ်ဆုံးကပဲ၊

“သားကြီးရေချမ်း၊ ဘာဖြစ်တာလဲ၊ သြကြီးကိုပြော”
လို့ မေးပေမယ့်လို့ ဘာမှပြန်မဖြေဘူး။ ငိုပဲငိုနေတယ်။ နောက်ဆုံးတော့ ဖွားအေလုပ်တဲ့သူကပါ မနေနိုင်လို့ ဝင်မေး တော့မှ

“မနက်ကအဒေါ်ကြီးက အိမ်ကအမေ့ပစ္စည်းတွေကို ယူချသွားတယ်။ အဖေကြီးလည်း ပြန်ရောက်လာရော၊ မင်းတို့အမေပစ္စည်းတွေဘယ်ရောက်ကုန်လဲလို့ မေးတော့ အဒေါ် ကြီးယူသွားတယ်လို့ သားတို့ကပြန်ဖြေတာကို အဖေကြီးက ကျန်တဲ့ပစ္စည်းတွေကို သူနဲ့ ဘာမှမဆိုင်ပဲနဲ့ ယူသွားပေမယ့်လို့ ငါခွင့်လွှတ်တယ်၊ ဒါပေမယ့် အမေကြီးကိုင်နေကြ ဆလင်းဘတ်အိတ်ကို ယူသွားတာတော့ အမေကြီးမသေခင်က တမြတ်တနိုးသုံးခဲ့တဲ့ပစ္စည်းမို့လို့ မကျေနပ်ဘူး။ ယူတဲ့သူကို ငါသတ်မယ်လို့ ဓါးကြိမ်းကြိမ်းပြီး ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ဆူနေလို့ ကျွန်တော်အိမ်ကနေ ထွက်လာတာ”လို့ ဖြေရှာတယ်။ 

ဒါနဲ့ပဲ မဒေါနရဲ့မောင်က မဒေါနကိုဆူပါလေရော။

“အပျိုကြီးရယ်၊ နင်ကလည်း ဦးဏှောက်မရှိတာ၊ သူ့မိန်းမပစ္စည်း သူ့မိန်းမသေရင် ယောက်ျားလုပ်တဲ့သူက ပိုင်တာပဲ။ သူ့စိတ်တိုင်းကျ သူ့ဖာသာသူစီစဉ်မှာပေါ့။ နင်က မမေးမမြန်းပဲနဲ့လုပ်တာကို။ သွားပြန်ပေးလိုက်။”

မဒေါနကတော့ မျက်လုံးကလေး ကလယ်ကလယ်နဲ့ ငြိမ်ပြီး နားထောင်နေရတယ်ပေါ့လေ။ သူကလည်း အမှားလုပ်ထားတာကိုး။ ဒါပေမယ့်လည်း ပစ္စည်းတွေကတော့ ပပထူတာတောင် မထချင်တဲ့ပုံနဲ့ နေရာမရွေ့ပဲ မဒေါနရဲ့ဗီဒိုထဲမှာ ခန့်ခန့်ကြီးနဲ့ဆန့်ဆန့် ကြီး နေနေကြတော့တယ်။

(၃)
မောင်နှမငါးယောက်ထဲမှာ အကြီးဆုံးဖြစ်လို့ အစ်မကြီးအမိရာနဲ့ စောင့်ရှောက်ခဲ့တဲ့သူ လည်းဖြစ်၊ ဆွေတွေမျိုးတွေကြားထဲမှာလည်း သမာသမတ်မျှတတဲ့ ဦးစီးဦးဆောင် ကောင်းတစ်ယောက်ဖြစ်တဲ့အပြင် အားလုံးကချစ်ခင်လေးစားကြတဲ့ အစ်မကြီး ကွယ်လွန်သွားခြင်း လေးနှစ်ပြည့်တဲ့အတွက် အစ်မကြီးအတွက် ရည်စူးပြီး ဆွမ်းကျွေးအလှူ လုပ်ကြတယ်။ ကိုယ့်အိမ်ရှိ မိသားစုတွေနဲ့ပဲ နည်းနည်းနဲ့ကျဲကျဲ ဝိုင်းလိုက်ကြတယ်။ အဲဒီ အလှူကို အစ်မလတ်နဲ့ သူ့အမျိုးသားကိုမောင်နိုင်တို့လည်း လာတယ်။ ဆွမ်းကျွေးပြီးတော့ လူတွေအလှည့်ပေါ့။ အားလုံးလည်း စားပြီးသောက်ပြီးရော ပြန်တဲ့သူတွေက ပြန် ကုန်ကြတယ်။ ပန်းကန်တွေ၊ ခွက်တွေဆေးရင်းကြောရင်းနဲ့ ကျန်ခဲ့တဲ့အစ်မလတ်ကိုတော့ သူ့အမျိုးသားက စောင့်ကျန်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ မုဆိုးဖိုဖြစ်နေတဲ့ ဦးချစ်ကပဲ အိမ်ရှေ့ဝရံတာကို ခေါ်သွားပြီးတိုင်ပင်တယ်။

“မောင်နိုင်ရာ၊ ငါလည်းပဲ။ အသက်မငယ်တော့ဘူး။ မင်းတို့အစ်မကြီးလည်း ဆုံးတာ လေးနှစ်လောက်ရှိပြီ။ ငါ့မှာလည်း ဆေးပေးမီးယူ အဖော်တစ်ယောက်တော့ လိုတယ်ကွာ။ ကလေးတွေလည်း မအေမရှိတော့ အနည်းအများဆိုသလို စိတ်လေပြီး ပျက်စီးတာတော့ရှိတာပဲ။ အိမ်မှာလည်း ငါတို့သားအဖတွေအတွက် ချက်ဖို့ပြုတ်ဖို့၊ လျှော်တာ ဖွတ်တာလုပ်ဖို့ ကူဖော်လောင်ဖက် မိန်းမသားတစ်ယောက်တော့လိုတယ်ကွာ။ အဲဒါနဲ့ ငါလည်း မယားညီအစ်ကိုဖြစ်ရုံတင်မက၊ မင်းတို့အစ်မကြီးရှိတုန်းကတည်းက ညီအစ်ကိုလိုဖြစ်နေလို့ မင်းကိုထုတ်ပြီး တိုင်ပင်တာပါ။”

“အင်း......ဟုတ်တာပေါ့၊ ဦးချစ်ရာ။ ဦးချစ်နောက်အိမ်ထောင်ပြုမယ်ဆိုလည်း အပြစ်ပြောစရာ ကျွန်တော့်အနေနဲ့တော့ မရှိဘူး။ နောက်ဦးချစ် အစ်မကြီးရှိစဉ်က အိမ်ထောင်ဦးစီး တာဝန်ကို ပြည့်ပြည့်ဝဝထမ်းဆောင်ခဲ့တာပဲ။ ကျွန်တော်မှတ်မိတယ်။ အစ်မကြီးနဲ့ ကလေးတွေက ရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့ လိုက်ပြတာ၊ ကလေးတွေက ရုပ်ရှင်ကြည့်နေပေမယ့်၊ ဦးချစ်က ခုံပေါ်မှာထိုင်ရက်ကြီး အိပ်ပျော်ရင်းနဲ့ ဟောက်နေတယ်။ အဲဒီလောက်အထိ မိန်းမနဲ့ကလေးတွေကို အပင်ပန်းခံပြီး ရှာဖွေကျွေးမွေးလာခဲ့တာပဲ။ နောက်တစ်ခုက အခု ဦးချစ်နောက်အိမ်ထောင်ပြုမယ်ဆိုရင်လည်း ဒါဖောက်ပြန်တာမှ မဟုတ်တာ။ တစ်ပင်လဲလို့တစ်ပင်ထူတာပဲ။ ကျွန်တော်တော့ အပြစ်ပြောစရာမရှိပါဘူး။ ဦးချစ် တွေ့ထားတာရှိလို့လား။”

“ငါတော့ မျက်စိထဲ မဒေါနကို မြင်မိတာပဲ။ မောင်နိုင် မင်းကော ဘယ်လိုထင်သလဲ။”

“အဲဒါတော့ ဦးချစ်နဲ့ ကျွန်တော်နဲ့ အမြင်ခြင်းတူတယ်။ ဟုတ်တယ်၊ ကျွန်တော်လည်း မဒေါနကို ဦးချစ်နဲ့သဘောတူတယ်။ ဦးချစ်အနေနဲ့လည်း အဆင်ပြေပြေ ကိုယ့်လူရင်းထဲကပဲ အိမ်ထောင်ဖက်ရမယ်။ သူစိမ်းဆို သူ့အကြောင်း ကိုယ့်အကြောင်း မသိတာနဲ့။ နောက်ကျွန်တော်တို့ ယောက္ခမကြီးဆုံးရင်လည်း အမွေကိစ္စတွေဘာတွေမှာ ဦးချစ်နဲ့ ကလေးတွေအတွက် အခက်အခဲမရှိတော့ဘူး။ ညီအစ်မအချင်းချင်းကိုး။ နောက်ကလေးတွေအတွက်လည်း သူစိမ်းမိထွေးဆိုတာထက်စာရင် အမေညီအစ်မအရင်း၊ ကိုယ့် အဒေါ်အရင်းပဲ။ သူစိမ်းထက်တော့ သာမှာပါ။ သူတို့ချင်းလည်း ပိုရင်းနှီးတာပေါ့။ နောက်ဦးချစ်သေရင်လည်း ကလေးတွေ အမွေကိစ္စတို့ဘာတို့က ပိုစိတ်ချရမယ်။ သူစိမ်းဆိုရင်တော့ ကလေးတွေရဖို့က မသေချာတော့ဘူး။ မဒေါနဖက်က ကြည့်ရင်လည်း ဦးချစ်က မုဆိုးဖိုဆိုပေမယ့် မိသားစုအပေါ်ကောင်းတဲ့သူ၊ လင်ကောင်းသားကောင်းလို့ ပြောလို့ရပါတယ်။ ပစ္စည်းဥစ္စာလည်း အသင့်အတင့်ရှိတဲ့ သူပဲ။ ကျန်မိသားစုဖက်က ကြည့်တော့လည်း ကိုယ့်လူအချင်းချင်းဆိုတော့ သူစိမ်းဝင်မပါတော့ဘူးပေါ့။ အသိုက်အမြုံလည်း မပျက်တော့ဘူး။ ပတ်ဝန်းကျင်အပြောအဆိုလည်း သူစိမ်းကိုယူတာထက် စာရင်တော့ နည်းတာပေါ့။ ဘာလို့လည်းဆိုတော့ ဒီလိုအစ်မသေလို့ ညီမကိုဆက်ယူ တာတွေလည်း အများကြီးကို။ အားလုံးအဆင်ပြေမယ့်ကိစ္စပဲ ကျွန်တော်တော့ အားပေးပါတယ်။”

“အေးကွာ၊ ငါလည်း မဒေါနကိုတော့ ဆောင်းပါးရိပ်ခြေပြောထားတယ်။ ဘယ်လိုတုံ့ပြန် မယ်တော့မသိသေးဘူး”

“အဆင်ပြေမယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ဦးချစ်ရယ်။”

(၄)
မဒေါနတစ်ယောက် အလုပ်တွေရှုပ်နေတယ်။ အိပ်လို့တောင်မပျော်ဘူး။ နက်ဖြန်ခါကျရင် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားရင်း နဖူးပေါ်လက်တင်တော့ ပက်လက်၊ လက်ပေါ်နဖူးတင်တော့ မှောက်ရက်ဖြစ်လို့နေတယ်။ အစီအစဉ်တွေလည်း ခေါင်းထဲမှာ ပြည့်နှက်လို့နေတယ်။ နောက်ဆုံး မျက်စိကိုစုံမှိတ်ပြီး စိတ်နှလုံးဒုံးဒုံးချလို့ ငါကကောင်းစေချင်တဲ့စေတနာနဲ့ လုပ်တာပဲလို့ တွေးရင်းနဲ့ပဲ ညတစ်ညကို ကုန်ဆုံးစေလိုက်တယ်။

                             ********

မနက်လည်းရောက်ကော မဒေါနက သူ့အမေကို ပြောတယ်။

“အမေ ဒီနေ့နေ့လည်ကျရင် ဦးချစ်မောင်အိမ်ကိုလာလိမ့်မယ်။ အမေသိတယ်မှတ်လား ဘာလို့လာတယ်ဆိုတာကို။ သူနဲ့ယူလိုက်ရင်၊ ကလေးတွေက သမီးကို မိထွေးခေါ်ကြမှာပေါ့။ သမီးအတွက်လည်း မကောင်းဘူး၊ ကလေးတွေအတွက်လည်း မကောင်းဘူး၊ ပတ်ဝန်းကျင်ကလည်း သမီးတို့ကို ဘယ်လိုပြောမလဲ။ အဲဒီတော့ အမေက ဦးချစ်မောင်လာလို့ သမီးကိုမေးရင် သမီးမရှိဘူးလို့ပြောလိုက်၊ သမီးက အပေါ်ထပ်မှာပုန်းနေမယ်။”

(၅)
ဒီလိုနဲ့နှစ်တွေကြာပြီးတဲ့နောက်မှာ ကိုရေချမ်းနဲ့ သူ့အမျိုးသမီးတို့ ကျွန်တော့်အိမ်ကို လာကြပါတယ်။ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောကြရင်းနဲ့ ကျွန်တော့်အိမ်မှာရှိတဲ့ အမေစိုက်ထားတဲ့ ဒန်းစင်းလေဒီပန်းအိုးကိုတွေ့တာနဲ့ ကျွန်တော်က......


“ဒါအစ်ကိုကြီးအမေက အမေ့ကိုမျိုးခွဲပေးလိုက်တဲ့အပင်တွေလေ။ အသက်တွေသိပ် ကြီးလို့ ပန်းတောင်မပွင့်နိုင်တော့ဘူး။ ဒါပေမယ့်အမေက ငါ့အစ်မကြီးပေးသွားတဲ့အပင် တွေဆိုပြီး အမြတ်တနိုးနဲ့ ရေလောင်းပေးနေတုန်း”လို့ ပြောရင်းသူတို့ကို ပြရတယ်။

အစ်မက “ငါနဲ့နင့်အစ်ကို ရန်ဖြစ်ကြသေးတယ်”လို့ ပြောလို့ ကျွန်တော်က သူတို့ကိုပျော် စေချင်တာနဲ့ စပါတယ်။

“အစ်မကလည်း ဖြစ်မှာပေါ့။ အစ်ကိုကြီးက အစ်မကို ချစ်လို့ယူတာမှ မဟုတ်တာ။ အ ဒေါ်ကြီးဗီဒိုထဲက သူ့အမေပစ္စည်းတစ်ခုတွေ့လိုက်ရင်း အဒေါ်ကြီးက နင်တို့ညီအစ်ကို မိန်းမယူရင် နင်တို့မိန်းမတွေကို ပေးမယ်လို့ ပြောလိုက်ရင်းနဲ့။ အဲဒီလိုဆိုတော့ အစ်ကို ကြီးက အဒေါ်ကြီးဆီက အမွေကိုလိုချင်တာနဲ့ မိန်းမရပြီးရောကွာဆိုပြီးတော့ အစ်မကို ယူလိုက်တာ”လို့ စဖြစ်ပါတယ်။ တကယ်ထင်သွားမှာစိုးလို့လည်း “စတာနော်အစ်မ”လို့ ကိုယ့်စကား ကိုယ်ပြန်ဖာရသေးတယ်။

“အေးကွာ၊ အမေ့ပစ္စည်းတွေမှာ ကျန်တာတော့မမက်ပါဘူး။ အမေ့နားကပ်ကလေးပဲ။” လို့ ကိုရေချမ်းက နှမြောတသသနဲ့ ပြောပါတယ်။ ဒီတော့မှအစ်မက အလန့်တကြားနဲ့

“အမလေး၊ မောင်ရယ်၊ နင့်အဒေါ်ပစ္စည်းတွေတော့ မယူပါရစေနဲ့။ တော်ကြာသူသေရင် မကျွတ်ပဲနဲ့။ ငါတို့ကို လာခြောက်နေပါဦးမယ်။”

အစ်မက သတ္တိခဲပါ။ အိပ်ရင်တောင် တစ်ယောက်ယောက်ရဲ့အသားနဲ့ ထိမနေရင် မ အိပ်တတ်ပါဘူး။ ဗန္ဓုလသွေးပါတာပေါ့။

“ဒီလိုဆိုရင် အစ်ကိုကြီးရာ၊ ကြီးမေနားကပ် အဒေါ်ကြီးဆီမှာရှိသေးလားလို့ အဒေါ်ကြီး ကိုမေးလိုက်၊ မရှိရင်လည်းဆုံးပေါ့။ ရှိသေးတယ်ဆိုရင်တော့လည်း၊ အဲဒီနားကပ်ကို ရောင်းပြီး သုံးလိုက်တော့၊ သားတို့ညီအစ်ကိုက ကြီးမေအတွက်ရည်စူးပြီး အဒေါ်ကြီး ကိုလှူတယ်လို့ ပြောလိုက်။ သူလည်းအခုအဖွားလည်းမရှိတော့ အပျိုကြီးတစ်ယောက် တည်းနေနေရတာ။ တော်တော်လေး ငွေရေးကြေးရေးကျပ်တည်း နေတယ်ဆိုတော့။ သူသုံးချင်ရင်လည်းသုံးပေါ့။ မသုံးပဲနဲ့ ငါလှူမယ်ဆိုလည်း၊ အဒေါ်ကြီးအိမ်မှာပဲ ကြီးမေကိုရည်စူးပြီး ဘုန်းကြီးဆွမ်းကပ်လိုက်တာပေါ့။ နားကပ်ကလည်း မက်လောက်စရာမှမရှိတာ။ ကျောက်တွေဘာတွေထုတ်ပြီး ပြန်ရောက်လိုက်ရင်၊ အခုရွှေဈေးနဲ့ သုံးသိန်း ကျော်ကျော်ပေါ့။ ဘာတန်တာမှတ်လို့။ မဟုတ်ရင်သူလည်း သူများပစ္စည်း ခိုးတယ် တော့မဟုတ်ဘူးပေါ့လေ ဒါပေမယ့်လည်း ပိုင်ရှင်သဘောမတူပဲနဲ့ ယူတာဆိုတော့လည်း။ သူလည်း အကုသိုလ်ဖြစ်မယ်။ အဲဒီတော့ဘာမဟုတ်တာနဲ့ ဇယားအရှုပ်မခံပဲနဲ့ အခုတည်းက ရှင်းလိုက်တာကောင်းတယ်။”လို့ ကျွန်တော်ကဝင်ပြီး ဆရာလုပ်တာနဲ့

“အေးကွာ၊ မင်းပြောတာမဆိုးပါဘူး၊ ငါကြည့်ပြီးစီစဉ်လိုက်ပါမယ်။ အဒေါ်ကြီးနဲ့အဖေနဲ့ ကိစ္စအဆင်ပြေသွားခဲ့ရင်လည်း ကောင်းသားကွာ။ ငါတို့လည်း သားအဖတွေ အခုလို တကွဲတပြားမဖြစ်တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း သားအဖအချင်းချင်း  စိတ်ဆိုးရတာ၊ ဒေါသထွက်ရတာတွေ မရှိတော့ဘူး။ အဖေလည်း ဟိုမိန်းမနှိပ်စက်တာ တွေ၊ အဲဒီမိန်းမနဲ့ရတဲ့ ပုစုခရုတွေကြောင့် စိတ်ညစ်ရတာတွေမရှိတော့ဘူး။ အခုကြတော့ ငါတို့အဖေလည်း အသက်ကြီးမှ ဒုက္ခရောက်နေရတယ်။ အခုဆို စံရိပ်ငြိမ်ကအိမ်လည်း ရောင်းလိုက်တော့ အမေနဲ့လက်ထပ်ပွားဆိုတာ မရှိတော့ပဲနဲ့ ငါတို့အတွက် မိဘအမွေအနှစ်ဆိုတာ မကျန်တော့ဘူး။ အဖွားဆုံးတုန်းကလည်း ငါတို့အတွက် ဘာမှမယ် မယ်ရရ မရလိုက်ဘူး။”လို့ အစ်ကိုကြီးကိုရေချမ်းက ငြီးငြီးငြူငြူနဲ့ပြောပါတယ်။

“ဒါတော့အစ်ကိုကြီးရယ် အဒေါ်ကြီးအနေနဲ့က ပြာလောက်ကိုတော့ နဖူးမှာဘယ်တို့ ထားချင်ပါ့မလဲ။”

Poe C
04 March 2011

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Friday, April 1, 2011

တော်လဲသံ

(ကက)
အစက
အောက်တိုဘာ
ဇန်နဝါရီ အဆုံး
မီးတောက်သီအိုရီကို
နှင်းဖုံးခဲ့လေရဲ့...။

ကြွေကျလုဆဲ ရင်ခုန်ရာသီမှာ
ဘာမီတွန်ချည်း ဖိသောက်
ဆောင်းကြောက်လွန်ရောဂါ
ငါနဲ့... အခါခါ
ပြဿနာတက်ရမယ်။

ခေါင်းကိုက်ပျောက်ဆေးပြားနဲ့
လိင်ကိစ္စသာ မရှိခဲ့ရင်
ကမ္ဘာကြီးမှာ နေရထိုင်ရခက်
အသက်ရှု ခပ်ကြပ်ကြပ်နဲ့
နာဖျားခြင်း ဖြစ်လောက်ရဲ့။

(ခခ)
လူကို လူက.... ကြောက်ရ
စစ်နဲ့ အချစ်ကို.... ကြောက်ရ
နူကလီးယားကို.... ကြောက်ရ
အိုဇုန်းလွှာပေါက်မှာ.... ကြောက်ရ
ငလျှင်တုန် မြေပျိုမှာ.... ကြောက်ရ
ရေကြီး လေမီးရန်ကို.... ကြောက်ရ
ကဲ... နောက်ဆုံးတော့
ငါသောက်နေတဲ့ ကော်ဖီတစ်ခွက်တောင်
နှလုံးရောဂါ...ဟဲ့ ဆိုပြီး
ငါ... ပြန်ကြောက်နေရ။

(ဂဂ)
လေပြေကို ငါတို့...စိုက်ပျိုးခဲ့လို
မုန်တိုင်းကို ရိတ်သိမ်းနေရတာပေါ့။

အစကတည်းက...
လေနီကြမ်းတွေသာ
ငါတို့ စိုက်ခဲ့ရင်......

လေးဘက်လေးတန်မှာ
အင်္ဂတေ အုတ်ဖြူဖြူတွေ
မြင်ရမှာ မဟုတ်ဘူး။

ဟိုတစ်စ ဒီတစ်စ ကိုယ်အင်္ဂါများနဲ့
သွေးနီရောင် မြေသားတွေ
မြင်ရမှာ မဟုတ်ဘူး။

အိုးမဲ့အိမ်မဲ့ ဆုံးရှုံးမှု
သိန်းရာထောင်တွေ
မြင်ရမှာ မဟုတ်ဘူး။

ကယ်ပါ..... ယူပါ....
တစာစာနဲ့
အော်ဟစ်တောင်းခံသံတွေ
ကြားရမှာ မဟုတ်ဘူး။

ဆာလောင် ငတ်မွတ်မှု ဒွန်တွဲ
အနာဂတ်မဲ့ ကလေးငိုသံတွေ
ကြားရမှာ မဟုတ်ဘူး။

နရီစည်းချက်နဲ့
ကမ္ဘာမြေ တော်လဲသံ
မင်းရော...
ငါရော...
ဘယ်သူမှရော...
ကြားရမှာ မဟုတ်ဘူး။

ငြိမ်းဇော် & ချမ်းဧအိမ်

ပထမအပိုဒ် သူငယ်ချင်းငြိမ်းဇော်ရဲ့ ကဗျာနဲ့ ကျွန်တော်ကဗျာ နှစ်ပုဒ်ကို Fusion ထားတာပါ။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Thursday, March 24, 2011

ယူအေအီးနိုင်ငံ ပထမအကြိမ်စာပေဟောပြောပွဲ

ယူအေအီးနိုင်ငံရှိ ကန္တာရဝဿ လူမှု့ရှေ့ဆောင်အသင်းမှ ကြီးမှုးကျင်းပပြုလုပ်သော ပထမအကြိမ် စာပေဟောပြောပွဲကို ၂၂.၀၃.၂၀၁၁ ခုနှစ် အင်္ဂါနေ့ ညနေ (၆)နာရီမှ ည(၁၀)နာရီအထိ ဒူဘိုင်းမြို့ Al Noor Training Center မှာ ပြုလုပ်ကျင်းပ ပြီးစီးခဲ့ပါသည်။ ကန္တာရမြေပေါ်တွင် မြန်မာတို့၏ စာသံပေသံ လက်ခုပ်သြဘာသံများ မိုးလုံးညံ့အောင် ယူအေအီး ပြည်ထောင်အသီးသီးမှ စာပေချစ်မြတ်နိုးသူ မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများက မအားလပ်သည့် ကြားကပင် ကြိုးစာပမ်းစား ကူညီတက်ရောက် အားပေးခဲ့ကြသဖြင့် ကန္ထာရတိုင်းပေါ်တွင် မြန်မာစာပေဟောပြောပွဲကို အောင်မြင်စွာ မှတ်တိုင်စိုက်ထူနိုင်ခဲ့ပေသည်။

ဆရာအောပီကျယ်နှင့် ဆရာချစ်ဦးညိုတို့ကလည်း မြန်မာပြည်မှ ဝေးကွာလှသော ယူအေအီးနိုင်ငံရှိ မြန်မာစာပေ ချစ်မြတ်နိုးသူ မြန်မာများအတွက် အခက်အခဲလေးတွေ ရှိလျှက်ကြားကပင် မဖြစ်မနေ ရောက်ရှိလာကြပြီး စာပေရသ ဗဟုသုတများကို ချီးမြှင့်ဟောပြောသွားတဲ့အတွက်လည်း ယူအေအီးမှ ကန္တာရဝဿ လူမှု့ရှေ့ဆောင်အသင်းနှင့် စာပေချစ်မြတ်နိုးသူ မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများကိုယ်စား ကျွန်တော်ချမ်းလင်းနေမှ ဆရာအော်ပီကျယ်နှင့် ဆရာချစ်ဦးညိုတို့ကို အထူးပင် ဝမ်းသာကြည်နူးမှုများစွာဖြင့် ကျေးဇူးတင်ရှိပါသည်။

ဆရာအော်ပီကျယ် - ပျော်ရာမှာမနေ တော်ရာမှာနေ


(Download)

ဆရာချစ်ဦးညို - အမျိုးသားရေးမို့ ကြိုးပမ်းကြပါ တို့ဗမာ


(Download)

ဒီအသံဖိုင်များကို ဒူဘိုင်း အဖြူရောင်သံစဉ် ရေဒီယိုမှ ရွှေပု၊ သံလုံး၊ TY3 တို့က မေတ္တာဖြင့်ကူညီ အသံဖမ်းယူထားပြီး စာပေဟောပြောနေစဉ်မှာ တကမ္ဘာလုံးမှ မြန်မာများ နားဆင်နိုင်အောင် အဖြူရောင်သံစဉ် ရေဒီယိုမှနေ တိုက်ရိုက်လွှင့်တင်ပေးခဲ့ပါသည်။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

စိတ်ကူးမှချီ အလှုဆီသို့

ဆရာအော်ပီကျယ်၏ စိတ်ကူး

စိတ်ကူးတွေမှချီ တက်ညီလက်ညီနှင့် ရည်မှန်းချက် နေ့တစ်နေ့သို့ အမှန်တကယ် ရောက်ခဲ့ကြလေသည်။ ထို့နေ့လေးသည်ကား ကန္တာရတိုင်းမှ ကန္တာရဝဿ (ဝါ) ကန္တာရမိုးစက်မိုးပေါက်တွေ စုစည်းရာမှနေ ကန္တာရထဲမှာ စာသံပေသံ ငတ်မွတ်တောင်းတနေကြတဲ့ ရွှေမြန်မာညီအစ်ကိုမောင်နှတွေရဲ့ ဆန္ဒလေးတွေ အမှန်တကယ်ကို ပြည့်ဝလာသည့်နေ့လေး ဖြစ်ပေသည်။ အမိမြေမှ အဝေးတစ်နေရာ ယူအေအီးရောက် မြန်မာညီအစ်ကိုမောင်နှမများ အနေနဲ့လည်း အနေတွေ ဝေးကြပေမယ့် နှလုံးသားတွေ နီးကြပါတယ်။ အသွင်တွေ ကွဲပေမယ့်လဲ့ စိတ်သဘောထားတွေ ထပ်တူညီပါတယ်။ အယူတွေ လွဲပေမယ့်လည်း ရည်မှန်းချက် ပန်းတိုင်တွေ တူခဲ့ကြပါတယ် ဆိုတာကို ဒီနေ့လေးက ပြသလှုံဆော်လိုက်ပါတယ်။

ယခင်ကလည်း ယူအေအီးတွင် ဘာသာတရားတွေအတွက် ဘာသာရေးတရားပွဲများကိုလည်း တတပ်တအား ကြိုးပန်းခဲ့ကြသလို စာပေရေးရာမှာလည်း အားထုတ်စွမ်းဆောင်မှု မနည်းခဲ့ကြဘူးဆိုတာကိုလည်း ဒီနေ့လေးကပဲ ဖော်လှစ်ပြလိုက်ပါတယ်။ နှမ်းတစ်စေ့မှသည် နှမ်းစေ့ပေါင်းများစွာ စုပေါင်းခဲ့ကြသောကြောင့်  မြန်မာ့စာပေ အဆီအနှစ်များကို ကန္တာရတိုင်းမှ မြန်မာတို့ နှစ်သက်ချိုမြိန်စွာ စားသုံးခဲ့ရပေသည်။ အမိမြေနဲ့ ဝေးကွာနေကြပေမယ့်လည်း ဘာသာရေး၊ သာသနာရေး၊ စာပေဗဟုသုတ အနုသုခုမပညာများကို နှလုံးသားတွေထဲမှာ နီးနေကြသေးကြောင်းကိုလည်း ကန္တာရတိုင်းမှ ရွှေမြန်မာ ညီအစ်ကိုမောင်နှမများက စုပေါင်း၍ ပြသနိုင်ခဲ့ကြလေပြီ။

ထိုနေ့သည်ကား ကျွန်တော်လက်ရှိနေထိုင်သည့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့လေးရှိ ယူအေအီး ကန္တာရဝဿ လူမှုရှေ့ဆောင်အသင်းမှ စီစဉ်၍ မည်သည့်အထောက်အပံ့မျှမပါဝင်ပဲ ကိုယ်ထူကိုယ်ထ စိတ်ကူးရည်မှန်းချက်များဖြင့် ယူအေအီးမှ မြန်မာညီအစ်ကိုမောင်နှမများ၏ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ရွှေရောင်လွှမ်းနေသော စိတ်ဓာတ်များဖြင့် ကူညီအားပေးမှုကြောင့် ယူအေအီးနိုင်ငံ ပထမဆုံးအကြိမ် စာပေဟောပြောပွဲကို ခမ်းနားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် နေ့တစ်နေ့ဖြစ်ပေသည်။

***********

ကျွန်တော်ဆီကို လွန်ခဲ့တဲ့ သုံးလေးလလောက်ကတည်းက မနှင်း(နှင်းနဲ့မယာ)က ဖုန်းနှင့်တသွယ်၊ မေးလ်ဖြင့်တစ်မျိုး ယူအေအီးမှာ စာပေဟောပြောပွဲလေး ကျင်းပမယ်လို့ အကြောင်းကြားလာပါတယ်။ နောက်တစ်ယောက်ကတော့ ကိုကြီးပီတာ(ကိုပီတာ၏ အတွေးပုံရိပ်များ) ကလည်း ထပ်မံသတင်းမျှဝေလာပါတယ်။ ညီမဇော်ကလည်း စာပေဟောပြောပွဲလုပ်ဖြစ်ကြောင်း သံချောင်းခေါက်  အသိပေးလာပြန်တော့ ဒါဆိုရင် ယူအေအီးမှာ စာပေဟောပြောပွဲလေး ဖြစ်မြောက်လာဖို့ သေချာသလောက်ရှိလာပြီပေါ့။ သူတို့ဆီက ဒီသတင်းတွေကို ကြားမိကတည်းက ကျွန်တော့်ရင်ထဲမှာ စာပေဟောပြောပွဲကို ဒူဘိုင်းမှာ ရောက်နေတုန်း နားထောင်ခွင့် ရပြန်ပြီပေါ့လို့ တွေးမိပါသေးတယ်။ 

စာပေဟောပြောပွဲဆိုတာ ဘာသာရေးတရားပွဲတွေလိုတော့ မဟုတ်ဘူး။ ဘာသာရေးဆိုရင် ငါက ဟိုဘာသာ၊ ဒီဘာသာဆိုပြီး အယူအဆလေးတွေ ကွဲလွဲသူတွေ ရှိချင်ရှိနေဦးမည်။ဒါပေမယ့် နောက်ဆုံးလုပ်ခဲ့တဲ့ ယူအေအီးတရားဟောပြောပွဲမှာ  လူထောင့်သုံးရာကျော်တက်ရောက်တာတွေ့ရတယ်။ ဒီကြားမှာ ငါ့ဘာသာ၊ သူ့ဘာသာမခွဲခြားပဲ တို့ရွှေမြန်မာများ ဆုံဆည်းတွေကြတာပဲ ဆိုပြီး ဗုဒ္ဓဘာသာတရားဟောပြောပွဲ တက်ရောက်လာခဲ့သူတွေလည်း တွေ့ခဲ့ရပြန်တော့လည်း တယ်ဟုတ်တဲ့ မြန်မာတို့၏ ရိုးသားတဲ့ ဗမာ့စိတ်ဓာတ်ပါလား ဆိုတဲ့အတွေးလေးနဲ့ စိတ်ထဲ ချီးကျူးမိပါတယ်။ စာပေဟောပြောပွဲကျတော့ လူမျိုးဘာသာမရွေး စားသုံးနိုင်သည့် လွတ်လပ်ခြင်း အနှစ်သာရတွေပါရှိသည်။
ဆရာအောင်သင်းပြောသလို စာရူးပေရူးတွေ ယူအေအီးမှာ အများကြီးကို ရှိနေကြပါပြီ။ တစ်ချို့က မိမိတို့ စာပေအရေးအသား အတွေးအခေါ်တွေကို အင်တာနက်တွေပေါ်က ချပြသူတွေ၊ တစ်ချို့က စိတ်ကူးအတွေးတွေနဲ့ အုံပုန်းရေးသားသူတွေ၊ တစ်ချိုက  စာရေးခြင်းထက် စာဖတ်ခြင်းကို အားသန်သူတွေ ရှိနေကြရာက များပြားလာပါပြီ။ ကျွန်တော်ရောက်စ လွန်ခဲ့သော ရှစ်နှစ်လောက်တုန်းကလိုတော့ မဟုတ်တော့ဘူးပေါ့။ 

ဒါပေမယ့် ယူအေအီးရှိတဲ့ မြန်မာတွေ အားလုံးလိုလို ကိုယ့်ဝမ်းစာ၊ မိသားစုဝမ်းရေး ကာမိဖို့ ငွေအတွက် အလုပ်နဲ့ နပန်းလုံးနေကြတဲ့သူတွေ ချည်းပါပဲ။ ကျောင်းတက်သူ၊ မှီခိုသူ ဆိုတာ အတော်လေး နည်းပါသေးတယ်။ ယူအေအီးက လူတိုင်းဟာ မနက်နဲ့ ညကြား On Duty၊ Overtime၊ Extend Hours၊ Double Duty စတဲ့ ဝေါဟာရတွေနဲ့ပဲ နပန်းလုံးနေကြရတာပါ။ တစ်ခါတစ်လေဆို တစ်ခန်းထဲ အတူနေကြတဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်းတောင် တစ်ယောက်နဲ့တစ်ယောက် အခန်းမှာ ပြန်တွေ့ဖို့ ခဲယဉ်းပါသေးတယ်။ တစ်မိုးထဲ၊ တစ်ဝန်းထဲ၊ တစ်ကုမ္ပဏီထဲ၊ တစ်မြို့ထဲ စသည်ဖြင့် နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာလူမျိုး အချင်းချင်းတောင် တွေဆုံဖို့ ခဲပါသေးတယ်။ ကျွန်တော်ဆို တစ်မြို့ထဲနေတဲ့ ညီနဲ့ တစ်လတစ်ခါတောင် ပုံမှန်တွေ့တောင်မတွေ့ဖြစ်ဘူး။ တစ်ခါတစ်လေလဲ မတွေ့ချင်လို့ မတွေ့မိတာတွေ ရှိပေမယ့်လည်း တွေ့ချင်လျှက်သားနဲ့ မတွေ့နိုင်တာတွေလည်း ရှိပါသေးတယ်။ ဒီလို ဘာသာရေးပွဲတွေ ဟိုပွဲဒီပွဲလေးတွေ ရှိတော့မှပဲ တွေ့ဖြစ်ကြပါတယ်။

တကယ်တမ်းတော့ ကျွန်တော်က စိတ်ကူးကြည်နူးမိရုံသာရှိတာ တကယ်တမ်း ဒီစာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက်တော့ ဘာမှ မကူညီနိုင်ခဲ့ဘူး။ ကျွန်တော်ကတော့ ငယ်ငယ်တုန်းက ကျောင်းမှာ၊ ပဏ္ဏိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်ဘုရားကြီး၏ ကျေးဇူးကြောင့် ရွှေတောင်ကုန်း ဘာသာရေးယဉ်ကျေးမှုသင်တန်းမှာ နားထောင်ခဲ့ဖူးတဲ့ စာပေဟောပြောပွဲတွေကြောင့် စာပေဟောပြောပွဲတွေရဲ့ အနှစ်သာရကို သိရှိခဲ့ရပါတယ်။ ဒါကြောင့်လည်း အွန်လိုင်းကွန်ယက်ပေါ်မှ စာပေဟောပြောပွဲတွေကို တတ်နိုင်သမျှ စုဆောင်းနားထောင်လေ့ရှိခဲ့ပါတယ်။ နားထောင်ရုံတင်မက အသံဖိုင်တွေကိုလည်း သိမ်းထားမိတယ်။ အချိန်ရတိုင်းလဲ ပြန်နားထောင်လေ့ရှိတယ်။ ဒီလိုစာပေဟောပြောပွဲတွေ နားထောင်ပြီး စာရေးဆရာများရဲ့ ဟောပြောတဲ့စကားတွေဟာ ကျွန်တော်အတွက်တော့ ဗဟုသုတရော၊ စိတ်အင်အားတွေကိုပါ ပြန်လည်ဖြည့်တင်းပေးသလို ဖြစ်ခဲ့ပါတယ်။ ဒူဘိုင်းမှာ စာပေဟောပြောပွဲ ဖြစ်လာမယ်၊ ဆရာချစ်ဦးညို၊ ဆရာအော်ပီကျယ်တို့၏ စာပေဟောပြောမှုတွေ နားထောင်ခွင့်ရလာမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။

ဒီသတင်းလေးကို ကျွန်တော်လည်း ပထမတော့ ကိုယ်တတ်နိုင်သလောက် လက်ဆင့်ကမ်းဖြန့်ရင်းမှ သိရှိလာခဲ့တဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ ဒါက ဘာလဲဆိုတော့ စာပေဟောပြောပွဲဆိုတာ ဘာလဲ၊ ဘာတွေ ပြောမှာလဲ ဆိုတာကို အရှင်းမသိသေးတဲ့ သူတွေ တွေ့လာခဲ့ရပါတယ်။ အများဆုံးကတော့ ခေတ်လူငယ်လေးတွေပါပဲ။ ခေတ်လူငယ်ဆိုတာ နောင်တစ်ချိန် နိုင်ငံအတွက် အားထားစရာဆိုတာ ဆရာအောင်သင်း ဟောပြောခဲ့လို့ သိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ခေတ်စနစ်တိုးတက်မှုအောက်မှာ ယနေ့ခေတ်လူငယ်လေးတွေဟာ တိုးတက်လာတာလား၊ ဆုတ်ယုတ်လာတာလား။ တစ်ခုခုတော့ တစ်ခုခုနေမှာ။ စာပေဟောပြောပွဲဆိုတာ အသာထားဦး စာဖတ်ဖို့တောင် အတော့်ကို ပျင်းလာကြပါပြီ။

ယနေ့ခေတ်ရေစီးကြောင်းထဲမှာ စာပေဆိုတာ နောက်ဆုံးတန်း စာရင်းဝင်နေပါပြီ။ အွန်လိုင်းတက် ချက်တင်ထိုင်၊ ပလေးစတေရှင်လို ဂိမ်းမျိုးတွေကစား၊ ဘောလုံးပွဲအကြောင်းသိမှ ခေတ်မှီနေတဲ့ခေတ်၊ ရသမဲ့  ပေါတောတော သုံးရက်နဲ့တစ်ကား၊ သုံးယောက်နဲ့တစ်ကား ဖြစ်နေတဲ့ ဇာတ်ကားတွေကြည့်၊ အောက်ပိုင်းစကားတွေနဲ့ ပျက်လုံးထုတ်နေတဲ့ ဟာသကားတွေကိုကြည့် ဂလိထိုးရီရနေကြတဲ့ ရေစီးကြောင်းထဲမြော၊ ကိုးရီးယားဇာတ်လမ်းတွဲတွေ ကြည့်မှ ရုပ်ရှင်ဆိုတာမျိုး၊ မိဘကတတ်နိုင်လား မတတ်နိုင်လားမသိ ကိုရီးယားက မင်းသားမင်းသမီးလို ဖက်ရှင်တွေကို အားကျလိုက်ဝတ်၊ ကိုရီးယား မြန်မာ ဖက်စပ်အလှတွေနဲ့ လိမ်းချယ်သနေလိုက်ကျတာ လှတာကတော့ အမှန်ပါ။ ညစာကျပြန်တော့ ခေါက်ဆွဲပြုတ်တွေနဲ့ အဆုံးသတ် အဟာရပြီးနေတဲ့ခေတ်။ ဒါတွေ မျက်စိရှေ့မှောက် ကျလာတော့လဲ မြင်ရပေမယ့် အပြစ်တော့ မတင်ပါဘူး။ သူတို့ခေတ်ရဲ့ ရေစီးကြောင်းတွေမို့ သူတို့ ကမ္ဘာမှာ သူတို့ပျော်တာပဲလေလို့ပဲ ကောက်ချက်ချမိပါတယ်။

ယနေ့ခေတ်လူငယ်တွေ အားလုံး သိမ်းကြုံးပြောတာတော့ မဟုတ်ပါဘူး။ အသိရှိတဲ့ လူငယ်တွေ၊ အခွင့်အလမ်းကို မိမိရရ ကိုင်ဆုတ်နိုင်တဲ့ လူငယ်လေးတွေလည်း အများကြီး ရှိပါသေးတယ်။ ဒီမှာတင် ကျွန်တော် စိတ်ကူးလေးတစ်ခု ပေါ်လာပြီး ကျွန်တော့် ဘလောက်မှာ တင်လိုက်တာကတော့ အွန်လိုင်းပေါ်မှာ ရှိသမျှ စာပေဟောပြောပွဲတွေ၊ ကျွန်တော် အရင်ကတည်းက နားထောင်သိမ်းထားခဲ့တဲ့ စာပေဟောပြောပွဲတွေကို ကျွန်တော် တတ်နိုင်သမျှ၊ ရနိုင်သမျှ လိုက်လံစုဆောင်းပြီး ကျွန်တော်ဘလောက်ကနေတစ်ဆင့် ပြန်လည်ဝေမျှဖို့ပါပဲ။ ဒါကတော့ အွန်လိုင်းပေါ်ကနေ စာပေဟောပြောပွဲဆိုတာ ဘာလဲ၊ စာရေးဆရာတွေက ဘာတွေဟောပြောတာကြတာလဲဆိုတာ သိအောင်၊ နားထောင်နိုင်အောင် မျှဝေတာပါ။

အဲ့ဒီအပြင် ကျွန်တော်ရောက်ရှိနေတဲ့နေရာမှာလည်း တစ်ချို့တွေဆို စာပေဟောပြောပွဲတွေ နားထောင်ရတာ ဝါသနာပါတယ်။ ဒါပေမယ့် အွန်လိုင်းတက် နားမထောင်နိုင်ဘူး။ နားထောင်ဖို့ အချိန်လည်း မပေးနိုင်ဘူး။ နောက် အွန်လိုင်းတက်ပေမယ့်လည်း ဒီလို စာပေဟောပြောပွဲတွေ ဘယ်ကနေဘယ်လို နားထောင်ရမယ်ဆိုတာ ရှာမတတ်တဲ့သူတွေ၊ စာပေဟောပြောပွဲကို တစ်ခါဘူးမျှ မနားထောင်ဖူးသူတွေ၊ စတဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက်လည်း နားထောင်နိုင်ရအောင်၊ ယူအေအီး စာပေဟောပြောပွဲအတွက်လည်း စာပေဟောပြောပွဲ ဘာလဲဆိုတာ သိရအောင် ဆိုပြီး ကျွန်တော်ဆီမှာရှိတဲ့ စာပေဟောပြောပွဲ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေကို အသံဖိုင် ဖြစ်အောင်ပြန်ပြောင်းပြီး mp3 စီဒီအခွေလေးတစ်ခွေ လုပ်မယ်လို့ အကြံရမိပါတယ်။ ဒီအသံဖိုင် စီဒီအခွေလေးကို ယူအေအီးစာပေဟောပြောပွဲမတိုင်မှီ ထုတ်ပြီး ဝေမျှဖို့ ကျွန်တော် တတ်နိုင်သလောက် စီဒီအခွေ ၁၀၀ လောက်ထုတ်ဖို့ စိတ်ကူးမိပါတယ်။ တကယ်တမ်း ကျွန်တော်ဆီမှာ ရှိတဲ့ စာပေဟောပြောပွဲတွေကတော့ စီဒီသုံးချပ်စာလောက်ကို ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က သုံးချပ်စာလောက်တော့ မထုတ်နိုင်တာနဲ့ စီဒီတစ်ခွေစာလောက်ပဲ ထုတ်ခဲ့ပါတယ်။

နောက်စိတ်ကူး တစ်ခုရလာတာကတော့ ဒီစီဒီတွေကို မူလက အလကား ဝေမလို့ပါ။ အလကားဆိုရင် အလကားပဲဖြစ်သွားမှာမို့လို့ ကျွန်တော်က ကျွန်တော်တို့ဆီက သုံးတဲ့ငွေ ငါးဒါရမ်း (မြန်မာငွေ တစ်ထောင်စွန်းစွန်း) နဲ့ ရောင်းပြီး ရောင်းရတဲ့ငွေများကို မြန်မာနိုင်ငံရှိ ချို့တဲ့နေကြတဲ့ စာရေးဆရာတွေကို လှုမယ်လို့ အကြံရပါတယ်။ ဒီအကြံကို ကန္ထရဝဿလူမှု့ရှေ့ဆောင်အသင်းက ကိုမိုးဇော်လွင်နဲ့ တိုင်ပင်တော့ သူက သဘောတူပါတယ်။


ကျွန်တော်က စီဒီအခွေတစ်ရာ တစ်ဘူးရယ်၊ ထည့်မည့်အိတ် ၁၀၀ရယ် ကျွန်တော်ဘာသာ ဝယ်ပြီး ကျွန်တော့်ရဲ့ Extarnal Writer အားကိုးနဲ့ သုံးရက်အတွင်းမှာပဲ အပြီးကူးလိုက်တယ်။ ခွေတစ်ရာဝယ်တာ အခွေတွေကလည်း ပျက်တဲ့အခွေရယ်၊ ဒီဇိုင်းမထုတ်ရသေးပဲ အခွေအချပ်ကြီးပဲ သူငယ်ချင်းမိတ်ဆွေတွေ ဖရီးပေးတာအချို့ရယ်နဲ့ နောက်ဆုံး ကျွန်တော်ဆီမှာ လက်ကျန် ၇၅ ခွေပဲ ကျန်ရှိပါတယ်။ ကိုယ်ဘာသာပဲ အခွေကာဘာကို ဒီဇိုင်းဆွဲတယ်။ ကျွန်တော်က အလုပ်ထဲမှာလည်း သယ်ပြီး အချိန်ပိုရင်ပိုသလို အားရင်အားသလို အခွေအတွက် ကာဗာစာရွက်ကို ပရင့်ထုတ်တယ်။ ကိုယ့် စိတ်ကူးနဲ့ကိုယ် ကိုယ်ပိုင်ခရီးရေးရှင်းနဲ့  ကွန်ယက်ပေါ်မှ စာပေဟောပြောပွဲများ ဆိုပြီး အခွေကို ကင်မွန်းတပ်တယ်။

အဲဒီလို အခွေမထုတ်ခင်တုန်းက ကျွန်တော် စိတ်ပူမိတဲ့အချက်တစ်ချက်လဲ ရှိသေးတယ်။ အဲဒါကတော့ ကျွန်တော်က အွန်လိုင်းပေါ်မှာ ဖရီးမျှဝေထားတဲ့ စာပေဟောပြောပွဲ အသံဖိုင်တွေကို ကူးပြီး ကျွန်တော်ဆိုက်မှာလဲ ပြန်တင်ထားသေးတယ် (တတ်နိုင်သမျှတော့ စာပေဟောပြောပွဲအသံဖိုင် ဗီဒီယိုတင်ထားတဲ့ ပိုင်ရှင်တွေဆီကလည်း ခွင့်တောင်းနိုင်သလောက်ကို ခွင့်တောင်းယူထားတယ်။ မူရင်း Souce နေရာတွေကိုလည်း ကျွန်တော်ဆီမှာ ပြန်ဖော်ပြပေးထားပါတယ်။) အခုလဲ အခွေထုတ်ပြီး ရောင်းစားတယ်လို့ ထင်မြင်ယူဆကြမှာ စိုးရိမ်လို့ ယူအေအီး စာပေဟောပြောပွဲ ပြီးရင်တော့ ကျွန်တော်ရဲ့ မူလရည်ရွယ်ချက် ဖြစ်တဲ့ မြန်မာပြည်မှ ချို့တဲ့သော စာရေးဆရာများကို လှုဒါန်းရန်ဆိုတဲ့ ရည်ရွယ်ချက်ကလေးကို လူအများပြန်သိနိုင်ရန် ပိုစ့်တင်မယ်လို့ စိတ်ကူးခဲ့ပါတယ်။ ကျွန်တော့်ရဲ့  စီဒီထုတ်ရတဲ့ စိတ်ကူးလေးနဲ့ အလှုကိုလည်း ဆရာချစ်ဦးညိုကိုလည်း တိုင်ပင်ခဲ့ပါတယ်။ ဆရာကနေတစ်ဆင့် မြန်မာပြည်က စာရေးဆရာတွေလက်ထဲ အရောက်လှုပေးမယ်။ ဒါမှလည်း ကျွန်တော်ရဲ့ စိတ်ကူးတွေမှ ဖြစ်လာတဲ့အလှုဟာ တကယ်လက်တွေ့ ထိရောက်တဲ့ အလှုဖြစ်လာမှာပါ။

စာပေဟောပြောပွဲနေ့မှာတော့ ဆရာချစ်ဦးညို ရန်ကုန်မှ သယ်လာခဲ့တဲ့ ဆရာရဲ့ စာအုပ်များ၊ ယူအေအီးရောက် စာရေးဆရာ ဧကံဖြိုးရေးသားတဲ့ ကိုယ်ပိုင်ခံစားချက် စာအုပ်နှင့် ကျွန်တော်ထုတ်ထားတဲ့ ကွန်ယက်ပေါ်မှ စာပေဟောပြောပွဲများ အမ်ပီသရီးစီဒီတွေရယ် ရောင်းချတဲ့နေရာမှာ ကျွန်တော်ကူညီရောင်းချပေးခဲ့ပါတယ်။ ဆရာချစ်ဦးညိုကလည်း သူယူလာခဲ့တဲ့ ဆရာ့စာအုပ်တွေမှ အမြတ်ရယ်။ ကိုဧကံဖြိုးကလည်း သူစာအုပ် အုပ်၂၀ စလုံးရောင်းရငွေရယ်။ ကျွန်တော့် စီဒီရောင်းချရငွေတွေ အားလုံးစုပေါင်းပြီး ရသမျှငွေကို မြန်မာနိုင်ငံရှိ ချို့တဲ့သော စာရေးဆရာများကို လှုရန်အတွက် ဆရာချစ်ဦးညိုက ရန်ကုန်က စီးတီးစတားဟော်တယ်မှာ စာရေးဆရာများကို ဖိတ်ကြားပြီး အလှုငွေ(ရှစ်သိန်းကျော်ရသည်ဟု စာရေးဆရာ ဧကံဖြိုးဆီမှ သိရှိရသည်)များကို ပြန်လည်လှုတန်းမှာ ဖြစ်ပါသည်။ ကျွန်တော် ဖန်တီးခဲ့တဲ့ စီဒီအခွေ(ရ၅)ခွေမှ ရောင်းရငွေကတော့ မြန်မာငွေ ရှစ်သောင်းရှစ်ထောင်ရရှိပြီး ကျွန်တော်မှ သောင်းနှစ်ထောင်ထပ်ဖြည့်ပြီး မြန်မာငွေ တစ်သိန်းတိတိ(အခွေဖိုး၊ ကာဘာဖိုးများ အပါအဝင်) ဖြစ်ပါတယ်။

ဆရာချစ်ဦးညိုဆီမှ အားဆေးတစ်ခွက်

ကျွန်တော်စိတ်ကူးထားခဲ့တဲ့ အလှူကို လက်တွေ့အကောင်အထည်ဖော်ပေးခဲ့တဲ့ ဆရာချစ်ဦးညို၊ ဆရာအော်ပီကျယ်၊ ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းကြီး၊ ကျွန်တော်နဲ့အတူ စာပေကို လွတ်လပ်စွာ ရင်ခုန်နေကြတဲ့ ဒူဘိုင်းမှ ဘလောက်ဂါ မောင်နှမတွေဖြစ်တဲ့ ကိုကြီးပီတာ၊ မနှင်း၊ ဇော် တို့ရယ်၊ ကျွန်တော့်ဝါသနာကို တစ်ဘက်တလမ်းမှ အားပေးတဲ့ ကျွန်တော့် ဘဝလက်တွဲဖော်၊ အခွေကို ဝယ်ယူခဲ့ကြသော ယူအေအီးမှ ညီအစ်ကိုမောင်နှမ မိတ်ဆွေများ နှင့် ကျေးဇူးတင်သင့် တင်ထိုက်သူအပေါင်းကို ကျွန်တော့်ရင်ထဲမှ လွတ်လပ်စွာလာသော ကျေးဇူးတင်ခြင်းများဖြင့် ကျေးဇူးတင်ရှိပါသည်။

ပထမအကြိမ် ယူအေအီး စာပေဟောပြောပွဲကတော့ ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းကြီးမှ ကြီးမှုကျင်းပပြီး ယူအေအီးမှ မြန်မာစာပေချစ်မြတ်နိုးသူ မြန်မာညီအစ်ကိုမောင်နှမများ ပံပိုးကူညီမှုဖြင့် ၂၀၁၁ မတ်လ ၂၂ရက်နေ့မှာ အောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပါပြီ။ ထိုနေ့လေးကိုတော့ ကျွန်တော်ရင်မှာ မမေ့ကောင်းနိုင်တဲ့ နေ့တစ်နေ့အဖြစ် ခိုအောင်းသွားပါပြီ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ စည်းလုံးညီညာမှု ပြရုပ်တစ်ခုအနေဖြင့် ယခင် ဘာသာရေးတရားဟောပြောပွဲများလို ကန္တာရမြေပေါ်မှာ အုတ်မြစ်ချနိုင်ခဲ့ပါသည်။ ထိုမှအစပြု၍ နောင်တွင်လည်း ယခုပထမအကြိမ် စာပေဟောပြောပွဲမှသည်  မြန်မာတွေ စုစည်းညီညွှတ်မှုများဖြင့် ရတုအဆက်ဆက်၊ နှစ်အကြိမ်ကြိမ် ဆက်လက်ပြီး စာပေဟောပြောပွဲတွေ၊ ဘာသာရေးတရားပွဲတွေ၊ မြန်မာရိုးရာပျော်ပွဲရွှင်ပွဲတွေ ထပ်ရှိလာနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း မျှော်လင့်နေမိပါသည်။
ချမ်းလင်းနေ
ညနေ ၁၁း၃၀
၂၃.၀၃.၂၀၁၁


ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Monday, March 21, 2011

အွန်လိုင်းပေါ်မှ တိုက်ရိုက်နားဆင် ပထမဆုံးအကြိမ် ယူအေအီး စာပေဟောပြောပွဲ

မနက်ဖြန် မတ်လ ၂၂ ရက်နေ့မှာ ယူအေအီးနိုင်ငံမှာ ကျင်းပမယ့် ပထမဆုံးအကြိမ် စာပေဟောပြောပွဲလေးအတွက် ကျွန်တော်တို့ ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းလေးရဲ့ ပွဲစီစဉ်မှု အခြေအနေလေးကို သတင်းပေးရင်း ယူအေအီးရောက်မြန်မာများ အတွက် ထပ်မံအသိပေး နှိုးဆော်ပါရစေ။

စာပေဟောပြောပွဲမှာ အဖိုးတန်တဲ့ စာစကား၊ ပေစကားများကို ချီးမြှင့်ပေးမယ့် ဆရာချစ်ဦးညိုနဲ့ ဆရာအော်ပီကျယ်တို့ဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကို အဆင်ပြေ ချောမွေ့စွာ ရောက်ရှိနေပြီဖြစ်ပါတယ်။
ကန္တာရဝဿလူမှုရှေ့ဆောင် အသင်းအနေနဲ့လဲ ပထမဆုံးအကြိမ်စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုများကို တာဝန်ခွဲဝေပြင်ဆင်ဆောင်ရွက်လျှက်ရှိပါတယ်။ 
 
ယနေ့နောက်ဆုံးအချိန်အထိ လက်မှတ်ရောင်းချမှု မှတ်တမ်းများအရ စာပေဟောပြောပွဲကို တက်ရောက်ဖို့ လက်မှတ်ဝယ်ယူထားသူအရေအတွက် ခုနစ်ရာကျော်ခန့် ရှိနေတာမို့ စည်ကားအောင်မြင်တဲ့ စာပေဟောပြောပွဲလေး တစ်ခု ဖြစ်လာလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။

မြို့(၇) မြို့နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာမို့ လက်မှတ်ဝယ်ယူဖို့ အလှမ်းဝေးတဲ့ အခြားမြို့များမှ စာချစ်သူမြန်မာ မိတ်ဆွေများအနေနဲ့ စာပေဟောပြောပွဲ ကျင်းပမယ့် Al Noor Training Centre မှာ ပွဲမစတင်ခင်  လက်မှတ်များကို ဝယ်ယူကာတက်ရောက်အားပေးနိုင်ပါတယ်။

ယူအေးအီးနိုင်ငံပြင်ပမှ မြန်မာစာပေချစ်မြတ်နိုးသူများ အနေနဲ့လဲ အဖြူရောင်သံစဉ် (http://www.apytz.net/main/index.php ) အွန်လိုင်းရေဒီယိုအစီအစဉ်မှ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို စောင့်မျှော် နားထောင်နိုင်ပါတယ်။ စာပေဟောပြောပွဲစတင်မယ့် အချိန်က ဒူဘိုင်းစံတော်ချိန် ညနေ ငါးနာရီခွဲ ဖြစ်တာမို့ စာချစ်သူများအားလုံး အဖြူရောင်သံစဉ်ကို စောင့်မျှော် နားဆင်နိုင်ကြပါတယ်။  ယူအေအီးနိုင်ငံရဲ့ စံတော်ချိန်ကတော့ (GMT/UTC +4 Hr) ဖြစ်ပါတယ်။

စာပေဟောပြောပွဲလာ မြန်မာများအနေနဲ့ ဆရာချစ်ဦးညိုရေးသားခဲ့တဲ့ စာအုပ်များ၊ ယူအေအီးရောက် စာရေးဆရာ ဧကံဖြိုးရေးသားတဲ့ စာအုပ်များနှင့် ကွန်ယက်ပေါ်မှ စာပေဟောပြောပွဲများ အမ်ပီသရီးစီဒီ တို့ကို အားပေးဝယ်ယူခြင်းဖြင့် ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းရဲ့ ကုသိုလ်ဖြစ် ပရဟိတ လုပ်ငန်းတွေမှာ ကုသိုလ်ပါဝင်နိုင်ကြပါတယ်။

ပထမဆုံးအကြိမ် ကျင်းပတဲ့ စာပေဟောပြောပွဲလေး ဖြစ်မြောက်ရေးအတွက် ကန္တာရဝဿ လူမှုရှေ့ဆောင် အသင်းနဲ့အတူ ခေတ္တယူအေအီးရောက် ဘလော့ဂါများဖြစ်တဲ့  ကိုပီတာ၊ ကိုချမ်းလင်းနေ၊ ကိုဟန်၊ ဇော် ၊ မယ်မဒီ၊ အမရာ နှင့် နှင်းနဲ့မာယာတို့မှ တဘက်တလမ်းမှအားဖြည့် ကူညီလျှက်ရှိပါတယ်။

ယူအေအီး စာပေဟောပြောပွဲလေးမှာ ခေတ္တ အဝေးရောက် မြန်မာများ ချစ်ခင်ပျော်ရွှင်စွာ ဆုံတွေ့ကြပါစို့။

( မှတ်ချက် ။     ။ ကန္တာရဝဿ ဆိုတဲ့ အမည်ကို အနက်ဖွင့်ရမယ်ဆိုရင်တော့ ကန္တာရဆိုတာ ပူပြင်းခြောက်သွေတဲ့ဒေသ ဖြစ်ပြီး ဝဿဆိုတာကတော့ ဝဿန္တကဆင်းသက်လာတဲ့ ပါဠိစကား မိုးစက် မိုးပေါက်ပဲ ဖြစ်ပါတယ်။ ကန္တာရဝဿကို တိုက်ရိုက်အနက်ပြန်ရင်တော့ ကန္တာရဒေသမှာ ရွာသွန်းတဲ့ မြန်မာလူမျိုးတွေရဲ့ စေတနာ၊မေတ္တာမိုးလို့ ပြောလို့ရပါတယ်။ ယူအေအီး ကန္တာရဝဿလူမှုရှေ့ဆောင် အသင်းလေးဟာ မြန်မာပြည်တွင်းမှာ လိုအပ်နေတဲ့ လူမှုရေး ကွက်လပ်လေးတွေကို တတ်အားသရွေ့ ဖြည့်ဆည်းပေးနေတဲ့ အသင်းလေးတစ်သင်းလဲ ဖြစ်ပါတယ်။)

မနှင်း (ဝါ) နှင်းနဲ့ မာယာရဲ့ ပို့ စ်လေးကို စာပေဟောပြောပွဲအကြို၊နောက်ဆုံးသတင်းအဖြစ်တင်ပြပါတယ်။

Friday, March 11, 2011

ကိုယ်ပိုင်ပြက်လုံး



ဒီသီချင်းကို မူရင်း Bee Gees - I Started a Joke နားထောင်းမိကတည်းက မက်မောစွာနဲ့ နစ်ချိုက်ခဲ့ဖူးရဲ့။ ကိုဌက်က သူ့ဆိုဟန်နဲ့ ပြန်ဆိုပြတော့လည်း ဒီသီချင်းရဲ့ သံစဉ်ကိုရော၊ ကိုစောခူဆဲ စကားလုံးတွေရော၊ ကိုဌက်ရဲ့ ဆိုဟန်တွေကရော ကျွန်တော်ကို သိမ်းပိုက်သွားခဲ့သည်။

ကျွန်တော်သူငယ်ချင်း ကဗျာဆရာ လင်းသင် နဲ့လည်း ဒီသီချင်းအပေါ် ရင်ခုန်မှု ထပ်တူခဲ့ကြလို့ ဂီတာတီးကြတိုင်း ဆိုဖြစ်နေခဲ့တဲ့ ကိုဌက်သီချင်းတွေထဲက သီချင်းတစ်ပုဒ်ပေါ့။ ကိုယ်တိုင် Edit လုပ်ပြီး ဖန်တီးထားတာပါ။ အရင်သုံးနေကြ Adobe Premiere နဲ့မသုံးပဲ။ Window Movie Maker နဲ့ပဲ လုပ်ထားတာပါ။ ချာလီချက်ပလင် ဇာတ်ကားတွေ ပြန်ကြည့်ရင်းနဲ့မှ ဒီသီချင်းလေးကို သတိရသွားလို့ .. ရန်ကုန်မှာ ဗီဒီယိုတစ်ကားကို Edit လုပ်ရင် တစ်ကား သုံးသောင်း ရတာထက် စာရင်တော့ ကိုယ်ပိုင်ဖန်တီးမှုလေးတွေကို ဖန်တီးရင်း ချပြရတဲ့ အနုပညာတစ်ရပ်အနေနဲ့တော့ ကျေနပ်မိနေဆဲပါပဲ။ သေချာတာကတော့ ရွှေစင်ရုပ် ခြောက်ဆုရထားတဲ့ ဓာတ်ပုံပညာရှင် ဘကြီးလက်ရာကိုတော့ ခြေဖျားမမှီသေးပါဘူးဗျာ။

ကိုယ်ပိုင်ပြက်လုံး
ရေးး စောခူဆဲ
ဆိုး ထူးအိမ်သင်
Intro : |F Am Bb C|x2

F............Am.........Bb.............C.......F Am
ငါ့ရယ်စရာတစ်ခုကို ဒီကမ္ဘာမြေဟာ ခံစားငိုညည်း

...Bb..........C.....F...Am.......Bb......E F Am Bb C
ငါ့ကိုယ်ပိုင်ပြက်လုံးတွေ ငါ့ကို ပြန်ရယ်နေဆဲ (အိုး...နိုး...)

F............Am.........Bb...C..............F Am
ငါ့ငိုသံကြားချိန် ဒီကမ္ဘာမြေဟာ ရယ်မောလေပြီ

...Bb.......C......F..Am...Bb...C...F
ငါ့ကိုယ်ငါ ပြန်သိနေ ငါ့ရယ်စရာ ငါပဲလေ

Dm......Am................Bb..........................F
အဝေး...ငါကြည့်ငေးဆဲ...တုန်နေတဲ့လက်...အမြင်ကိုဖုံးကွယ်

.........Am......................Dm..............Bb....G....C
တစ်ယောက်ထဲ...ငါပြိုလဲခဲ့...ငါနာကျည်းခဲ့...ရယ်စရာဒီအဖြစ်ရယ်

F..............................Am..Bb............C......F Am
နောက်ဆုံးငါသေလွန်သည့်တိုင်...ဒီကမ္ဘာမြေဟာတည်ရှိနေမယ်...

Bb.........C........F Am..Bb...........C......F
ငါ့ကိုယ်ပိုင်ပြက်လုံးတွေ....အိုး....ငါ့ကိုပြန်ရယ်မောနေ

Bb C |F Am Bb C|x4

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ