Saturday, January 29, 2011

ကြယ်နှစ်စင်းကတဲ့ ကြိုးညှိသံစဉ်



လောကမှာ နှလုံသားတစ်စုံ ပေါင်းစပ်လိုက်လျှင် သူ့နောက်တွင် ဝမ်းသာပျော်ရွှင်ဖွယ်ရာများလည်း ရှိ၏။ ကြေကွဲခြင်းအချို့လည်း ပါနိုင်သည်။ အသွင်သဏ္ဍာန်မတူ ဆန့်ကျင်ဘက် လာရာများလည်း ပါနိုင်သည်။ တူညီသော ဝါဒအချို့လည်းရှိသည်။ အငြင်းအခုန် တိုက်ပွဲများလည်း ဖြစ်နိုင်သည်။ အဆင့်အတန်း ဂုဏ်ပကာသန တိုင်းတာခြင်း ပေတံလည်း ရှိနိုင်သည်။ လိုအပ်မှု၊ မလိုအပ်မှု ကဲ့သို့ ဒွိဟတရားများလည်း ရှိနိုင်သည်။ 

အချစ်သည် ကဗျာတွေ၊ စာတွေထဲတွင်သာ ခြယ်မှုန်းသီဖွဲ့၍ကာ ကောင်းသည်။ ရုပ်ရှင်တွေ၊ စာတွေထဲကလို စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတွေသည်ကား ဒေါင်းယောင်ဆောင်သောကျီးပင်။ တကယ့် လက်တွေမူကား အရာရာခြားနားလှ၏။ ရိုးသားစွာ ဆိုရလျှင်မူ အချစ်၏ နောက်ဆက်တွဲ ကောင်းခြင်း ဆိုးခြင်းသည် ကံကြမ္မာ တစ်ရပ်ပင်တည်း။ 

လွန်စွာမှပင် ချစ်ကြပါသည်ဆိုသော အတွဲ နောက်ပိုင်း ကွဲချင်လဲ ကွဲနိုင်သည်။ မုန်းချင်လဲ မုန်းသွားနိုင်သည်။ သေတပန် သက်တဆုံး လက်တွဲ၍လည်း သွားနိုင်သည်။ အချစ်သည် အခြေအနေနှင့် အချိန်အခါ ပေါ်တွင်လည်း သက်ရောက်မှု ရှိသည်။ အတော်ပင် ညှိယူရသော မေတ္တာနှောင်ကြိုးများ ဖြစ်သည်။

အချစ်သည် သက်တမ်းရင့် လာသည်နှင့်အမျှ အေးဆေးတည်ငြိမ် လာတတ်ပြီး ရယူလိုခြင်း နေရာတွင် ပေးစပ်လိုခြင်း သဘောများ အစားထိုးဝင် ရောက်လာနိုင်သည်။ ပိုင်ဆိုင်လိုခြင်းနေရာတွင် မျှဝေခံစားလိုခြင်း ရှိလာနိုင်သည်။ သဘာဝ နိရာမအရပင် မတူညီသော လူသားဖိုမနှစ်ဦး တူညီအောင်ကြိုးစားလာခဲ့ခြင်းကို အိမ်ထောင်မှု ပြုသည်ဟု ထင်မြင်မိပါသည်။

♎♌♎♌♎♌♎♌♎♌


သူမသည် "လစ်ဘရာ" ဖြစ်၏။ သူသည် "လီယို" ဖြစ်၏။
သူမသည် ချိန်ခွင် ဖြစ်၏။ သူသည် ခြင်္သေ့ ဖြစ်၏။
သူမသည် စရ(လေ) တူရာသီ ဖြစ်၏။ သူသည် ထိရ(မီး) သိဟ်ရာသီ ဖြစ်၏။
သူမထံတွင် သောကြာကြယ် က၏။ သူထံတွင် တနင်္ဂနွေကြယ် က၏။

ထိုသို့ လစ်ဘရာဖြစ်သူ...... "သူမ"နှင့် လီယိုဖြစ်သူ...... "သူ" တို့တွင် -

သူမကား..... ပိန်၏။ သူကား...... ဝ၏။
သူမက..... စိတ်မြန်၏။ သူက..... စိတ်အေး၏။
သူမသည်..... လေ ဖြစ်၏။ သူသည်..... ဖယောင်းတိုင် ဖြစ်၏။
သူမက..... စိတ်ကူးယဉ်၏။ သူက..... လက်တွေ့ဆန်၏။
သူမ...... စိတ်ရှုပ်ခံ၏။ သူ..... စိတ်အရှုပ်မခံ၏။
သူမသည်...... ပေးဆပ်သူ ဖြစ်၏။ သူသည်..... ရယူလိုသူ ဖြစ်၏။
သူမ..... ငါးကြိုက်၏။ သူ...... အသားကြိုက်၏။
သူမကား...... ရုပ်ရှင် နှစ်သက်၏။ သူကား...... စာပေ နှစ်သက်၏။

ထိုထိုသော ဆန်ကျင်ဘက်များနှင့် အပြိုင် ………


သူမသည်..... ညို၏။ သူလည်း...... ညို၏။
သူမသည်..... ကခုန်ခြင်း ကြိုက်၏။ သူလည်း..... ကခုန်ခြင်း ကြိုက်၏။
သူမသည်..... အပေါင်းအသင်း ခုံမင်၏။ သူသည်လည်း..... အပေါင်းအသင်း ခုံမင်၏။
သူမသည်..... အပြာရောင် နှစ်သက်၏။ သူလည်း..... အပြာရောင် နှစ်သက်၏။
သူမသည်..... ပန်းချီကို စိတ်ဝင်စား၏။ သူလည်း..... ပန်းချီကို စိတ်ဝင်စား၏။
သူမသည်..... ဂီတကို ခုန်မင်၏။ သူလည်း..... ဂီတကို ခုန်မင်၏။

ဤသို့သော အချက်များသည်လည်း သူမနှင့်သူတွင် လားရာတူ၏။

သူမနှင့် သူ၏ ဆန်ကျင်ခြင်း နှင့် တူညီခြင်း မျဉ်းပြိုင်နှစ်ကြောင်းသည် အင်ဖန်နတီဆိုသော အိမ်ထောင်ဘက်အရပ်၌ သွားဆုံသောအခါ…………..။

ရံဖန်ရံခါ အချိန်များတွင်-
သူမနှင့် သူသည် အရမ်း နားလည်မှု ရှိကြလေ၏။
သူမနှင့် သူသည် ကသိကအောင့် ရှိကြလေ၏။
သူမနှင့် သူသည် စွယ်တော်ရွက် ဖြစ်လေ၏။
သူမနှင့် သူသည် Tom နှင့် Jerry ဖြစ်လေ၏။
သူမနှင့် သူသည် Romeo နှင့် Juliet ဖြစ်လေ၏။

သူမက အချစ်ကို ပေးစပ်ခြင်းတုံပြန်ခြင်းနားလည်းခြင်းအားကိုးခြင်း ဟုနားလည်သည်။
သူက အချစ်ကို ရယူခြင်း ငြိမ်းချမ်းခြင်းယုံကြည်ခြင်းစွမ်းအားရှိခြင်းခွင့်လွှတ်ခြင်း ဟုခံစားသည်။

လစ်ဘရာဘဝ ထဲက လီယို၊ လီယိုဘဝထဲက လစ်ဘရာ (လေထဲက ဖယောင်းတိုင်) 



သူနှင့် သူမ ပေါင်းစည်းခြင်းသည် ရာသီစက်ဝန်း တစ်ခုပြီးတစ်ခု လည်ပတ်လာခဲ့ပြီး မိုင်တိုင်များ တရွေ့ရွေ့ ဖြစ်ကျော်လာခဲ့ပေရာ နွေသဏ္ဍာန် ခြောက်ကြိမ်၊ ဆောင်းပမာ ခြောက်လီ၊ မိုးအသွင် ခြောက်ခါ ရောက်နှင့်လေသည်။ သူမသည် သူ့အတွက် နားလည်းပေးနိုင်သူ၊ သည်းခံနိုင်သူ၊ မျှတသူ၊ အလိုလိုက်သူ အဖြစ် ရှင်သန်၏။ သူသည် သူမအတွက် အားပေးသူ၊ ဖေးမသူ၊ စာနာတတ်သူ၊ သဘောထားကြီးသူ အဖြစ် ရပ်တည်၏။ သူမနှင့်သူ ဆုံဆည်းမှုမှ သူတို့ထပ်တူ နောက်ထပ် သိဟ်နှင့်တူ ရာသီ ကြယ်ပွားလေးနှစ်စင်း ဖျာထွက် ယှက်နွယ်လာလေသည်။ ဘဝဇာတ်ခုံပေါ်မှ ကြယ်နှစ်စင်းကတဲ့ သံစဉ်ကတော့ မလျော့မတင်းတဲ့ စောင်းကြိုးညှင်းပါပဲ။

♎♌♎♌♎♌♎♌♎♌

ဆန့်ကျင်မှု ဆိုတာ တကယ်တမ်းတော့ ကျောခိုင်းထားမိခြင်း သက်သက်ပါ။ တဖန်ပြန်လှည့်ပြီး မျက်နှာချင်းဆိုင် ကြည့်ရင်တော့ ထပ်တူညီမည့် ရင်ခုန်သံတိုးတိုးလေးကို ကြိမ်ဖန်များစွာ ကြားနေရပါလိမ့်မည်။



(ခြောက်နှစ်မြောက် မင်္ဂလာရက်မြတ်ဆီသို့....)


ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Wednesday, January 26, 2011

ကျွန်တော်စာအုပ်ကလေးပျောက်နေပါတယ်



ကျွန်တော်ညီရဲ့ ဝတ္ထုတိုပါ။ မူရင်းစာသာများ အတိုင်း တင်ပေးထားပါတယ်။ ဖတ်ပြီးရင်လည်း ထင်ကြေးအချို့ ပေးခဲ့ပါဦး။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Sunday, January 23, 2011

တယ်လီဗေးရှင်းကိုက်ခဲမှု


ရေချမ်း တလောက တီဗီချယ်နယ်လိုင်းတစ်လိုင်းမှ Prison Break စီးရီးတစ်ကားကို အပတ်တိုင်းလိုလို စောင့်ကြည့်ဖြစ်ခဲ့မိတယ်။ သုံးလေးပတ်ကြာတော့ စောင့်ကြည့်ရတာ အားမရတာနဲ့ပဲ အခွေဌားပြီး ကြည့်လိုက်တယ်။ နောက်အမြဲတမ်း ကြည့်ဖြစ်တဲ့နေတဲ့လိုင်းတွေထဲက National Geographic၊ Style Channel၊ Travel တို့ ဆိုရင်လည်း အမြဲစောင့်ကြည့်ရတဲ့ အစီအစဉ်ကောင်းလေးတွေ ပါနေတော့ ဒါတွေအတွက်လည်း အချိန်က ပေးနေရသေးတယ်။ အဲဒီအချိန်တွေရောက်ရင် မကြည့်ရမနေနိုင်အောင် ကိုက်ခဲလာတတ်ပါတယ်။ ရေချမ်းမှပဲလားဆိုတော့ တစ်ချို့တွေဆို ကိုးရီးယားကားမှ ကိုရီးယား။ မြန်မာဗီဒီယိုကား၊ အင်္ဂလိပ်ကား စသဖြင့် တီဗီဇာတ်လမ်းတွေကြားမှာ လူတချို့ဟာ နစ်မြောနေခဲ့ကြပါတယ်။

ပြန်စဉ်းစားကြည့်မိရင်လေ ရေချမ်းတို့ ငယ်စဉ်ဘဝ လွန်ခဲ့သော နှစ်ဆယ်စုနှစ်လောက်က အတိအကျဆိုရရင် ၁၉၈၀ပြည့်နှစ်တွေ လောက်တုန်းကပေါ့။ တယ်လီဗေးရှင်းဆိုတာကြီးက အဖြူအမဲ ပြီးတော့ အရောင်ကာလာနဲ့ ပေါ်ခါစ မြန်မာနိုင်ငံမှာ အသံလွှင်ဌာနဆိုတာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဆိုတဲ့ အသံလွှင့်ဌာနကတစ်ခုထဲ၊ လွှင့်တဲ့အချိန်ဆို စနေ၊ တနင်္ဂနွေကလွဲလို့ ညနေပိုင်း ၇နာရီလောက်မှ။ စနေနေ့ တနင်္ဂနွေဆိုရင် နေ့လည်နေ့ခင်း ရှေးဟောင်းမြန်မာ အဖြူအမဲ ရုပ်ရှင်တွေ ပြတတ်သည်။ အခုခေတ်ပေါ် 3D ရုပ်ရှင်၊ HD၊ Blue-ray ဆိုတာတွေ မရှိသေး။ ဖြစ်လာလိမ့်မည်ဆိုတာ ထင်တောင်မထင်တတ်သေး။

မှတ်မိပါသေးတယ်။ အဲဒီထက် အရင်တုန်း ကာလတွေကဆို ရေချမ်းနေတဲ့ မြို့လည်ခေါင်လို နေရာမျိုးမှာတောင် တယ်လီဗေးရှင်းဆိုတာကြီး ပိုင်တဲ့လူဆိုလို့ လက်ငါးချောင်းပင် မပြည့်။ တလမ်းလုံးက လူတွေက ညနေဆို ပါတီယူနစ်ရုံးခန်းမှာ လာလာကြည့်ကြရတယ်။ တချို့ကြတော့ ရေဒီယိုဆိုပြီး အသံပဲ နားထောင်နေကြရာကနေ အသံကြားပြီး ရုပ်ပါ ကြည့်မြင်ခံစားလို့ရတဲ့ တယ်လီဗေးရှင်း(ရုပ်မြင်သံကြား) ဆိုတာ ဘယ်လိုလဲပေါ့။ ဘာတွေထူးခြားလဲပေါ့။ စပ်စုလိုစိတ်နဲ့ လာကြည့်ကြတယ်။ တချို့ကတော့ ပြဇာတ်၊ ဇာတ်လမ်းကြိုက်သူတွေဆိုတော့ တခုတ်တရ လာအားပေးကြတယ်။ ပရိသတ်အများစုကတော့ ကလေးတွေရယ်၊ ကလေးတွေ ဗန်းပြတဲ့ ကလေးရှင်တွေရယ်က အများသား။

အဲ့ဒီတယ်လီဗေးရှင်းကြီးတောင် ပါတီယူနစ်ဥက္ကဌက အစိုးရက ချပေးထားတဲ့ အများသူဌာ ကြည့်ရှုဖျော်ဖြေရေး တယ်လီဗေးရှင်းကြီးကိုများ သူ့ကိုယ်ပိုင် ဥစ္စာကြနေတာပဲ။ ညနေစောင်း ရုံးပိတ်ချိန် ခဏလေး သူ့အိမ်ပြန်၊ မြန်မာ့အသံက လွှင့်ချိန်နီးကာနီးဆို ရုံးခန်းပြန်လာပြီး တယ်လီဗေးရှင်းကြီး ဖွင့်ပြတယ်။ တလမ်းလုံးက လူတွေကတော့ သူကို မျှော်ပေါ့။ မရောက်သေး စောင့်ပေါ့။ ရုံးခန်းသော့က သူဆီမှာကိုး။ ဝယ်မှမဝယ်နိုင်ပဲကို၊ ဝယ်နိုင်သည်ဆိုပေမယ့်လည်း ဘယ်မှာလဲရောင်းတဲ့နေရာ၊ သဘောင်္သားရှိတဲ့အိမ်မှ ဝယ်ကြည့်နိုင်တာ။ အခုခေတ် တီဗီတွေ ရောင်းနေတဲ့ ဘားလမ်းလိုနေရာ ဘာမှ သိပ်မရှိ။

အသံလွှင့်ချိန်ရောက်လို့ ပြတော့မယ်ဆိုရင်လဲ တယ်လီဗေးရှင်းက အခုခေတ်လို ရီမုတ်နှိပ် တန်းလာတာ မဟုတ်သေးဘူး။ ဖန်သားပြင်ဘေးက တဒေါက်ဒေါက်နဲ့ လှည့်ပေးရတဲ့ ခလုတ်တွေကို ချိန်ရသေးတယ်။ ဖန်သားမျက်နှာပြင်ကလည်း ဘာလိုင်းမှမလာသေးခင်ဆို လောက်ကောင်တွေအလား အဖြူစက်တွေနဲ့။ အသံကလဲ တဂျီးဂျီးနဲ့ ဆူညံ့လို့။ မှတ်မှတ်ရရ ပြောရဦးမယ်။ အဲဒီတယ်လီဗေးရှင်းကြီးက ရှေးတုန်းက ရေဒီယိုတွေလိုပဲ သစ်သားအရောင်နဲ့ လေးထောင့်ပုန်းကြီး။ အင်တီနာတိုင်ဆိုတာကလည်း အဲဒီတုန်းကအခေါ် ယုန်နားရွက်နဲ့။

အဲဒီတုန်းက ရေချမ်းက ကလေးအရွယ်ဆိုတော့ အဲဒီရုံးမှာ သွားကြည့်ရင် ရှေ့ဆုံးက ဖျာနဲ့ ကလေးတန်းမှာ ကြည့်ရတယ်။ ရေချမ်းအိမ်က လူတွေကတော့ ဘယ်သူမှ လာမကြည့်ဘူး။ သူတို့က တယ်လီဗေးရှင်းဆိုတာ ရုပ်ရှင်ရုံမှာ ကြည့်ရသလိုလဲ မဟုတ်ဘူး။ မြင်ကွင်းကလဲ သေးသေးလေး။ ပြတာတွေကလည်း သတင်းတွေရယ်၊ တေးသီချင်းတွေရယ်က ခပ်များများ။ ပြတဲ့အချိန်ကတော့ ခဏလေးရယ်။ ရေချမ်းတို့ ကလေးတွေကတော့ ဘာရယ်ညာရယ် မဟုတ်ဘူး။

အဲဒီရုံးထဲမှာ မြန်မာ့အသံလွှင်ချိန်ဆို တရပ်ကွက်လုံး၊ တလမ်းလုံးက ကလေးတွေ အပြည့်။ ဒီအချိန်လေးမှီပြီး ကလေးတွေက မြန်မာ့အသံက ဘာလွှင့်လွှင့် နားလည်မလည် ငေးကြည့်တော့တာပဲ။ ဒီကြားထဲ ကလေးတွေ တစ်ယောက်နဲ့တစ်ယောက် ခေါင်းကွယ်လို့ မမြင်ရဘူးဆိုပြီး ရန်တွေဖြစ်ကြ။ သူများမုန့်လုစားလို့ဆိုပြီး ထိုးကြကြိတ်ကြ။ ဒီကြားထဲ သူ့အဖွဲ့ ကိုယ်အဖွဲ့ဆိုပြီး လူစုခွဲထိုင်ကြသေးတယ်။

အဲဒီမှာ ကလေးတွေ ဘန်းပြပြီး လာကြည့်တဲ့ လူကြီးတွေကလည်း ရှိသေးတယ်။ လမ်းထဲက တန်းရှိ ဂုဏ်ရှိတွေဆိုရင်တော့ ထိုင်ခုံနဲ့ဘာနဲ့ပေါ့။ ဥက္ကဌကတော့ အဲဒီ့တယ်လီဗေးရှင်းကြီး ရောက်ကတည်းက သူ့အိမ်က ပလက်ကုလားထိုင်ကြီး နေရာရွှေ့လာတာ။ သူကတော့ တယ်လီဗေးရှင်း ရှေ့တည့်တည့် ကလေးတွေနေရာ နောက်မှာ နေရာယူထားလေရဲ့။ မည်သူကမှလဲ သူနေရာ လာမဦးရဲဘူး။ သူနဲ့ ဓာတ်သင့်သူတွေကတော့ သူ့ရဲ့ ဘေးတစ်ဘက်တစ်ချက်မှာ ထိုင်ခုံကိုယ်စီနဲ့ နေရာယူပေါ့။ ကျန်သူတွေကတော့ ရပ်၊ ကြည့်၊ သွားပဲ။

တချို့ကလေးအမေတွေကတော့ မရပ်နိုင်လို့ သူတို့ကလေးတွေနဲ့ရောပြီး ထိုင်ကြတယ်။ ခန္ဓာကိုယ်ကြီးတဲ့ လူကြီးတွေဆိုတော့ တယ်လီဗေးရှင်းရှေ့နားတော့ မရဘူးပေါ့။ မဟုတ်လို့ကတော့ ဥက္ကဌပါးစပ်နဲ့ စက်သေနတ်ပစ်သွားမယ်။

တခါကလည်း လာကြည့်တဲ့သူတွေက ပြသတဲ့ဇာတ်လမ်းပေါ် အကြောင်းတည်ပြီး ပြောကြဆိုကြနဲ့ တစနဲ့တစ အငြင်းပွားလာလိုက်ကြတာ ရန်ပွဲတွေတောင်ဖြစ်လို့ပေါ့။ ဖြစ်လာတဲ့ရန်ပွဲက ဇာတ်လမ်းပေါ် မူတည်နေရာကနေ ဟိုတုန်းက ရန်ကြွေးတွေပါ ဆင့်လာတယ်။ အစကတည်းက ရေချမ်းတို့ ဥက္ကဌကြီးက စိတ်ခပ်ဆတ်ဆတ်နဲ့ဆိုတော့ ဒီရန်ပွဲ ဘာကြာမလဲ။

ဥက္ကဌက ဘာမပြော ညာမပြောနဲ့ ဗြုန်းဆို တယ်လီဗေးရှင်းကြီး ကောက်ပိတ်။ ဖြစ်နေတဲ့ရန်ပွဲအသံထက် နှစ်ဆကျယ်တဲ့ သူအသံမာမာကြီးနဲ့ လွှမ်းလိုက်ရော ရန်ဖြစ်နေတဲ့သူတွေလည်း မီးခဲရေဖျန်းလိုက်သလို ရှဲခနဲပဲ ငြိမ်သွားကြလေရဲ့။ ဘာမှမဟုတ်တဲ့ ဇာတ်လမ်းပေါ်အခြေခံတဲ့ စကားလုံးထိုးနှက်ပွဲတွေရဲ့ ရလာဒ်ကတော့ တပတ်လောက် ဥက္ကဌလဲ ညတိုင်း အစောကြီး အိမ်ပြန်အိပ်၊ အမြဲတန်းလိုလို စုရုံးစီကားနေတဲ့ ပါတီယူနစ်ရုံးကြီးလဲ တိတ်၊ ရေချမ်းတို့ ကလေးတွေလဲ စုရုံးနေကြ ညနေချိန်လေးလဲ ပါမစ်ပိတ် သွားတော့လေတယ်။

နောက်တော့ မနေနိုင်တဲ့ လူကြီးတွေကပဲ ဥက္ကဌကို ဖြောင်းဖျတော့ တယ်လီဗေးရှင်းပြသမှု ပြန်အသက်ဝင်လာတယ်။ ဒါလဲ သိပ်လဲမကြာပါဘူး။ အစိုးရက တယ်လီဗေးရှင်းတွေ ပြန်သိမ်းလို့လား၊ ဘာလားတော့မသိ တယ်လီဗေးရှင်းပြသမှု နိဂုန်း သူ့အလိုလို ချုပ်ငြိမ်းသွားပါတယ်။ ဒါပေမယ့် မနေနိုင်သူ ရေချမ့်းအတွက်တော့ တယ်လီဗေးရှင်း သွားကြည့်ချင်မှုက အကျင့်ပါသွားတယ်။ ဘာရမလဲ အဖွားကို ပူဆာတော့တာပေါ့။ အဖွားက ဦးလေးကိုပြောပြီး နောက်ဆုံးတော့ ရေချမ်းတို့အိမ်မှာ တယ်လီဗေးရှင်း ရောက်လာတယ်ပေါ့။

ရောက်လာတဲ့နေ့ မှတ်မိပါသေးတယ်။ အဖေရယ်၊ အမေရယ်၊ ဦးလေးရယ်လေ ညနေဘက် တယ်လီဗေးရှင်းကို ဘားလမ်းမှာ သွားဝယ်လာတာပေါ့။ ၁၂လက်မ တိုရှီဘာ ခဲရောင်တီဗီလေး။ သူ့အရှေ့မှာလဲ မှန်အပိုတစ်ချပ်နဲ့ ထပ်ကာထားသေးတယ်။ စက်ပစ္စည်းက အသစ်အဆန်းဆိုတော့ အိမ်ကလူတွေ ဘာလိုလုပ်ရမှန်းတော့ မသိသေးဘူး။ ဝယ်လာတဲ့ဆိုင်က လူတစ်ယောက်ပါလာပြီး ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုပြီး ရှင်းပြသွားတယ်။ သူကပဲ တစ်ခုတည်းသော မြန်မာ့အသံလိုင်းကို ချိန်သွားပေးတယ်။ အဲတုန်းက တီဗီက အော်တိုကျုးနင်းတော့ပါပါတယ်။ မြန်မာအသံလိုင်းတွေကပဲ စနစ်မကြသေးတာလား၊ ဘာလားမသိ လိုင်းစဖမ်းခါစ အတော်ကြာတာပဲ။

တီဗီကို အဲဒီတုန်းက ခေါ်ကြတာက အပေါ်စက်တဲ့။ ပထမတော့ သိပ်မသိသေးဘူး။ နောက်မှ တိတ်ခွေဗီဒီယိုကြည့်တဲ့စက်ကိုတွေ့မှ အော်…ဒါကြောင့် တီဗီကို အပေါ်စက်၊ ဗီဒီယိုစက်ကို အောက်စက်လို့ မြန်မာမှုပြုတာ သဘောပေါက်တော့တယ်။ လာတဲ့ဇာတ်လမ်းတွေကလဲ Six Million Dollar Man၊ Bionic Woman၊ Charlie's Angels၊ တို့လို ဇာတ်လမ်းတွဲကားကြီးတွေ မပြီးနိုင် မစီးနိုင် ကြည့်ရတာ။ ဒီကြားထဲ ဆယ်တန်းတွေ စာမေးပွဲနီးရင် သူတို့စာသင်ရတဲ့ Wuthering Heights လည်းကြည့်ရသေးတယ်။

အပေါ်စက်ပြီးပြန်တော့ အောက်စက်ဇာတ်လမ်း ဆက်လာပါသေးတယ်။ အောက်စက်ခေတ်ဦးတုန်းကလည်း ဝယ်မကြည့်နိုင်သေးတော့ ဌားကြည့်ရတယ်။ အဲတုန်းက ဗီဒီယိုခွေဆိုင်တွေ အခုလို မှိုလိုမပေါက်သေးဘူး။ မြို့ထဲမှာဆို အခွေဌားတဲ့သူတွေက ညနေပိုင်းမှ သစ်သားဗန်းတွေချခင်း၊ အခွေရော၊ အောက်စက်ပါတွဲဌားတယ်။ အဲဒီတုန်းကဆို နေတိုင်း မဌားကြည့်နိုင်သေးပါဘူး။ တစ်ပတ်တခါ၊ တလတစ်ခါဖြစ်ဖြစ် မိသားစုတွေ စုံလင်အားလပ်တဲ့နေတွေ၊ ရုံးပိတ်ရက်ရှည်တွေကြမှပဲ အခွေကောင်းလေးတွေ လေးငါးဆယ်ကားရွေး၊ အောက်စက်ပါတွဲဌားပြီး ကြည့်ခဲ့ကြရတယ်။

အဲတုန်းက အောက်စက်က ဘေးကနေ ထည့်သွင်းရတာမဟုတ်သေးဘူး။ ကတ်ဆက်ခွေလို အပေါ်ကနေ အဖုန်းလေးထွက်လာပြီး သွင်းရတာ။ သုံးလေးခွေကြည့်ပြီးသွားရင် စက်ပူလာလို့ အနားပေးရသေးတယ်။ ဒီကြားထဲ အခွေတွေက မှိုတက်လို့ ဟက်တွေ ချီးတက်တယ်ဆိုလား အဝတ်စဖြူဖြူမှာ အရက်ပြန်သုတ်ပြီး ဟက်ချီးဆေးပေးရသေးတယ်။ တုန်ခြင်းမှုန်ခြင်းတော့ သီးခံပါခေတ်ကို။

အဲ့ဒီလိုနေရက်တွေဆိုရင်တော့ ရေချမ်းတို့ ကလေးတွေကပျော်ပေါ့။ အိမ်ခွဲနေကြတဲ့ မောင်နှမဝမ်းကွဲတွေ၊ အဒေါ် ဦးလေးတွေ အဖိုးအဖွားအိမ်မှာလာစု၊ ကလေးတွေက ဆော့ကြ၊ လူကြီးတွေကတော့ ချက်ကြပြုတ်ကြ၊ စားကြသောက်ကြနဲ့ တကယ့်ကို ပျော်စရာကောင်းလှတဲ့ အချိန်လေးတွေပေါ့။ ရေချမ့်းအဘိုးတစ်ယောက်ရှိတယ်၊ အသက်က အဲတုန်းက ၉၀နီးပါးပေါ့။ သူက ခုခေတ်လူတွေလို မျက်စိမှုန်ခြင်း မရှိဘူး။ ဇာတ်တော့အတော်ကြိုက်ဗျ။ ဒီလိုနေ့တွေမျိုးဆို သူက သဘောသိပ်ခွေ့တာပေါ့။ ပုံမှန် ခုနှစ်နာရီဒေါင် အိပ်နေကြ ရေချမ်းတို့အဘိုး အဲဒီနေ့ဆိုရင် ညသန်းခေါင်ကျော်လို့ မနက်အာရုဏ်တောင်ကူးတော့မယ် မနဲကို သွားအိပ်ခိုင်းရတယ်။

ရေချမ်းတို့ ကလေးတွေကလည်း ဘာရမလဲ၊ စဖွင့်ပြတာနဲ့တင် ကာတွန်းကား၊ အက်ရှင်ကား၊ Home Alone တို့လို့ ကလေးဇာတ်လမ်းလေးတွေ စပြမှ၊ မဟုတ်လို့ကတော့ ပြဿနာကို မီးတုတ်နဲ့ရှို့တာပဲ။ လူကြီးတွေကလည်း အဲဒီတုန်းကဆို အင်္ဂလိပ်ခွေ သိပ်ဌားမပြချင်ဘူး။ အဲဒီတုန်းကဆို အနောက်တိုင်းလို နမ်းတာပြရင်တောင် ရစ်ကြည့်တယ်။ ဘာဘာညာညာ ချွတ်တာ၊ ပေါ်တာမျိုးဆိုလို့ကတော့ တီဗီကိုတောင် ပိတ်ပြီး ကျော်ကြည့်ကြတယ်။ သန့်ရှင်းဖြူစင်တဲ့ ကလေးတွေအပေါ် အရောင်မစွန်းစေချင်တဲ့ သဘောတွေဖြစ်မှာပေါ့။

အခုခေတ်မှာတော့ အင်္ဂလိပ်ဇာတ်လမ်းတွဲနေရာမှာ တရုတ်ဇာတ်လမ်းတွဲများ၊ ကိုရီးယားဇာတ်လမ်းတွဲများ အစားထိုးဝင်ရောက်လာပါပြီ။ မြန်မာ့အသံအပြင်ကို မြဝတီတို့၊ MRTV-4တို့၊ Movie-5တို့ စတင်ပြောင်းလဲ နေရာယူလာကြပါပြီ။ တယ်လီဗေးရှင်းလို့အစပြုလာတဲ့ မြန်မာမှုပြုတော့ အပေါ်စက်၊ တီဗီဆိုတာကတော့ ခေတ်ကာလ ရွှေလျှားလာမှုနဲ့အတူ တုန်ခြင်းမှုန်ခြင်း သီးခံပါခေတ်မှနေ Flat TV၊ LCD တို့လို့ ရုပ်သံကြည်လင်ပြတ်သားမှု HD ခေတ်တွေ ဖြစ်လာပါပြီ။ မိုနိုအသံခေတ်ကနေ စတီရီယို၊ Hifi ၊ Surround စသဖြင့် အသံထွက်ကောင်းတဲ့စနစ်တွေဖြစ်လာပါပြီ။ ပေါ်ပေါက်လာသမျှ စနစ်အသစ်သစ်တွေ အပေါ်မှာ အမှီ အမဲလိုက်နေရတဲ့ ရေချမ်းတို့ရဲ့ တယ်လီဗေးရှင်း ကိုက်ခဲမှုကြီးကတော့ ဆုံးခန်းတိုင်မှာ မဟုတ်သေးပါဘူး။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Saturday, January 22, 2011

မင်းသိင်္ခ၏ စာအုပ်များ


  1. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် တပွဲစား ဦးနှော (ဝတ္တုတိုများ)
  2. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ပျားဆွဲမုတ်ဆိတ်
  3. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ဘမျိုးဘိုးတူဘယ်သန်ဘမှန် ၁
  4. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ဘမျိုးဘိုးတူဘယ်သန်ဘမှန် ၂
  5. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် မမင်းဖြူ မှန်မှန်ပြော
  6. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် မြိုင်မဟာ မမြလေး
  7. မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင်
  8. မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်က စိန်ခေါ်ခြင်း
  9. မင်းသိင်္ခ - စနေမောင်မောင်ပါဝင်သည့်မဟူရာ
  10. မင်းသိင်္ခ - ပျော်ပါတယ်မောင်ပြည်သိမ်း
  11. မင်းသိင်္ခ - မြင်းကပါအကျဉ်းသား
  12. မင်းသိင်္ခ - ဘဝဝင်္ကပါ
  13. မင်းသိင်္ခ - မြေလျှောက်ဝိဇ္ဇာရွှေမြသာ-၁
  14. မင်းသိင်္ခ - မြေလျှောက်ဝိဇ္ဇာရွှေမြသာ-၂
  15. မင်းသိင်္ခ - မြေလျှောက်ဝိဇ္ဇာရွှေမြသာ-၃
  16. မင်းသိင်္ခ - ပုဏ္ဏားဘကွန်း-၁
  17. မင်းသိင်္ခ - ပုဏ္ဏားဘကွန်း-၂
  18. မင်းသိင်္ခ - မတတ်ပါ့
  19. မင်းသိင်္ခ - မြနန်းနွယ်
  20. မင်းသိင်္ခ - မြရည်ကံသာ
  21. မင်းသိင်္ခ - မြိုင်ဟေဝန်
  22. မင်းသိင်္ခ - မဃဝါဇိတ်
  23. မင်းသိင်္ခ - မိုးနဲ့မြေ
  24. မင်းသိင်္ခ - မိုးနှင့်အတူ
  25. မင်းသိင်္ခ - မနောမယ ကိုပီတာ
  26. မင်းသိင်္ခ - မနောမယ ထမင်းဝိုင်း
  27. မင်းသိင်္ခ - မနောမယ မြသက်လည်
  28. မင်းသိင်္ခ - မအောင်ရင်
  29. မင်းသိင်္ခ - မင်းနန်သူနှင့်ဂမ္ဘီရလောကဝတ္ထုတိုများ
  30. မင်းသိင်္ခ - ဖြစ်ချင်တာဖြစ် မောင်ဘချစ် ၁
  31. မင်းသိင်္ခ - ဖြစ်ချင်တာဖြစ် မောင်ဘချစ် ၂
  32. မင်းသိင်္ခ - ရာဇဝင်ထဲကလို မင်းသား
  33. မင်းသိင်္ခ - သူတော်စင်မလေးပုဏ္ဍရိက
  34. မင်းသိင်္ခ - ပေတလူ
  35. မင်းသိင်္ခ - ရေမျောကမ်းတင် အောင်ဘဒင်
  36. မင်းသိင်္ခ - မင်းဘာသိလို့ လဲ
  37. မင်းသိင်္ခ - ဘဝစာမျက်နှာအပိုင်းအစများ
  38. မင်းသိင်္ခ - ယတြာများ
  39. မင်းသိင်္ခ - တားရော့ဟောနည်း
  40. မင်းသိင်္ခ - တူသောဝတ္ထုတိုများ
  41. မင်းသိင်္ခ - ဝတ္ထုတိုပေါင်းချုပ် ၃
  42. မင်းသိင်္ခ - မင်းမေးတိုင်းငါကဖြေရမှာလား
  43. မင်းသိင်္ခ - မမကြီးနှင့် စာချုပ်တစ်စောင်(ဝတ္ထုတို)

Saturday, January 15, 2011

စုဆောင်းမိခဲ့သမျှ အဘိဓာန်များ (PDF)


ကျွန်တော် ဖော်ပြထားတဲ့ အခု အဘိဓာန်(PDF) စာအုပ်တွေထဲက တစ်ချို့စာအုပ်တွေက စာရေးသူမူလပိုင်ရှင်များက ခေါင်းစဉ်တပ်ယူထားတဲ့ အဘိဓာန် စာအုပ်များဖြစ်ပါတယ်။ တချို့စာအုပ်တွေကလည်း အဘိဓာန်အဆင့် မဟုတ်ပေမယ့်လည်း လေ့လာသင့် လေ့လာကောင်းတဲ့ စာအုပ်ကောင်းတွေအနေနဲ့ ကျွန်တော်ဒီမှာပဲ လင့်မှတ်တမ်းတင်ထားတာပါ။

ဒီစာအုပ်တွေအကုန်လုံးကို Google ထဲကနေ တူးဆွထားတာတွေပါ။ တကယ်ဆိုရင် Google ကြီးဟာလည်း
ကျွန်တော်တို့ လေ့လာစုဆောင်းလိုသူတွေအတွက် အမှန်တကယ်ကောင်းမွန် ပြည့်စုံတဲ့ အဘိဓာန်တစ်ခုလိုပါပဲ။ လေ့လာမှုမဆုံးနိုင်တဲ့ နေရာကောင်းတစ်နေပါပဲ။

တချို့စာအုပ်တွေကိုတော့ စာအုပ်များ ဆိုတဲ့နေရာမှာပဲ လင့်ပေးထားပါသေးတယ်။ လေလာလိုချင်ရင်တော့ သွားပြီးလေ့လာနိုင်ပါသေးတယ်။ စာအုပ်တွေဟာ အများအားဖြင့် ရှေးကြပြီး ရှားပါးစာအုပ်တွေပါ။ ကျွန်တော် စုဆောင်းလေ့လာရင်းနဲ့မှ အနောက်တိုင်းသားတွေရဲ့ အဓိက အကြောင်းအရာကို လေ့လာမိပါသေးတယ်။ သူတို့တွေ ဘာကြောင့်များ ဒီလို တိုင်းတပါးသားတွေရဲ့စာပေတွေကို လေ့လာဆည်းပူး ရေးသားထားခဲ့ကြရလဲ ဆိုတဲ့အကြောင်းပါ။

အနောက်တိုင်းသားတွေဟာ သူတို့ ကိုလိုနီ နယ်မြေချဲ့ထွင်ခြင်း၊ သူတို့ရဲ့ ခရစ်ယာန်ဘာသာ သာသနာပြုလိုခြင်း၊ သူတို့ ရောက်ရှိ ပိုင်ဆိုင်ခဲ့ နယ်မြေချဲ့ထွင်ခဲ့သော နေရာဒေသများရှိ လူမျိုးတွေရဲ့အကြောင်း၊ စကား၊ စာပေများကို အရင်လေ့လာကြပါတယ်။ တကယ့် တကယ်တမ်းကြတော့ ဒေသခံတိုင်းရင်းသားလူမျိုးတွေ အပေါ်မှာ ဒီလိုစာပေလေ့လာပြုစုခြင်းတွေဟာ အကျိုးရှိသယောင်နှင့် သူတို့အနောက်တိုင်းသားတွေ အတွက်တော့ တကယ်ကို နောင်တချိန်မှာ သူတို့အကျိုးအတွက် စွန့်ဦးလေ့လာမှုတွေပါပဲ။

ဒါပေမယ့်လည်း အခြားတဖက်က ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာစာပေ၊ မြန်မာသဒ္ဒါ၊ မြန်မာယဉ်ကျေးမှုတွေဟာ ၁၈ရာစုအလယ်ပိုင်း အနောက်တိုင်းသားတွေ လေ့လာမှတ်တမ်းပြုခဲ့ကြလို့လဲ အခုခေတ် ကျွန်တော်တို့ သူတို့ရဲ့ အင်္ဂလိပ်ဘာသာကို လေ့လာသင်ယူတဲ့အခါမှာ အတော်ကိုအကျိုးပြု အထောက်အကူပေးတယ်ဆိုတာတော့ ငြင်းစရာမရှိပါဘူး။


PDF မြန်မာ အဘိဓာန်များ

  • ဦးဟုတ်စိန် မြန်မာ-အင်္ဂလိပ်-ပါဠိ အဘိဓာန်
    ပြုစုရေးသားသူကတော့ ဦးဟုတ်စိန်ဖြစ်ပြီး ၁၉၈၁ မှာ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ ဦးဟုတ်စိန်ဟာ ဘီအေ (ဂုဏ်ထူး)၊ ဘီအယ်လ် ဘွဲ့ထူးများကို ရရှိထားတဲ့ ခေတ်ပညာတတ် ပုဂ္ဂိုလ်ကြီးတစ်ယောက်ပါပဲ။ ဒီစာအုပ်ကို ပြုစုဖို့ နှစ် ၃၀ ကြာ ရင်းနှီးခဲ့ရတယ်လို့ ဆိုပါတယ်။ ထုတ်ဝေသူကလည်း သူကိုယ်တိုင်ပါပဲ။ မဉ္ဇူသကစာပေက ရိုက်နှိပ်ထုတ်ဝေပါတယ်။ တင်ပြထားသူကတော့ ကိုရန်အောင် ဆီကပါ။

  • သုတေသနသရုပ်ပြ ဘာသာရေး အဘိဓာန်PDF
    ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ ရေးသားစီရင်သည်။ ၂၀၀၂ ခုနှစ်တွင် သာသနာရေးဦးစီးဌာနမှ တတိယအကြိမ်ထုတ်ဝေသည်။၂၀၀၇တွင် တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ် ပြင်ဆင်ဖြည့်စွက်ပြီး PDF စာအုပ်အဖြစ် ဦးဖြူဝင်းမှ ထုတ်ဝေသည်။ ဗုဒ္ဓစာပေများကို အခြေပြုထားပြီး အတော်ပြည့်စုံသည့် မြန်မာလူမျိုးများ ဖတ်ရှုလေ့လာသင့်သည့် အဘိဓာန်စာအုပ်ဖြစ်သည်။



  • ဥပဒေရေးရာ ဝေါဟာရ အဘိဓာန်
    ဥပဒေနှင့်ပတ်သတ်သော စကားလုံးများကို လေ့လာလိုက်စားသူတွေအတွက် အသုံးဝင်နိုင်တဲ့ အင်္ဂလိပ် - မြန်မာ ဥပဒေအဘိဓာန်ပါ။ ဦးကျော်ဇေယျ ရေးသားပြုစုထားပြီး စစ်သည်တော်စာပေမှ ထုတ်ဝေထားတာပါ။ PDF Version တင်ပေးတာကတော့ ချယ်ရီသစ္စာ မှဖြစ်ပါတယ်။

  • ပြစ်မှုဆိုင်ရာဥပဒေ အဘိဓာန်
    ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ပုဒ်မများ နှင့်ပတ်သတ်သော အကြောင်းအရာများကို လေ့လာလိုက်စားသူတွေအတွက် အသုံးဝင်နိုင်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေအဘိဓာန် နောက်တစ်အုပ်ပါ။ ဦးကျော်ဇေယျ ရေးသားပြုစု ထုတ်ဝေထားတာပါ။ PDF Version တင်ပေးတာကတော့ ချယ်ရီသစ္စာ မှဖြစ်ပါတယ်။


  • ဦးဆန်းလွင် အင်္ဂလိပ်-မြန်မာ ခရီးဆောင် အဘိဓာန်(or)Google Doc
    ဦးဆန်းလွင်(အရှင်အာဒိစ္စရံသီ) ရေးသားပြုစုထားတဲ့ 2 in 1 Travellers မြန်မာ - အင်္ဂလိပ် - မြန်မာ အဘိဓာန်စာအုပ်ဖြစ်ပါတယ်။ စာရေးသူအဆိုအရ မြန်မာစာ မြန်မာစကားလို လေ့လာလိုတဲ့ နိုင်ငံခြားသားများ အတွက် ရေးသားပြုစုထားတဲ့ စာအုပ်ဖြစ်ပါတယ်။ မြန်မာစာလို့သာ ပြောရတယ်။ တကယ်ရေးသား ထားတာတွေက မြန်မာအသံထွက် အင်္ဂလိပ်စာ Burglish တွေနဲ့ပါ။

  • An English and Burman Vocabulary By George.H.Hough (1825)
    ဂျော့ဟောင်းက ပထမဆုံး အင်္ဂလိပ်မြန်မာ စာလုံးဝေါဟာရ စာအုပ်ကို စတင်ပြုစုခဲ့သူပါ။ သူရဲ့ ဝေါဟာရကျမ်းဟာ အဘိဓာန်ဖြစ်ဖို့ အဆင့်မလုံလောက်သေးပေမယ့်လဲ ဒါဟာလဲ ကျွန်တော်စိတ်ထင် မြန်မာလူမျိုးတွေအတွက် ပထမဆုံးသော အင်္ဂလိပ်မြန်မာ ဆက်သွယ်ပြောဆိုနိုင်ဖို့ အခွင့်အရေး လမ်းစတစ်ခုလို့တော့ ထင်ပါတယ်။ စာမျက်နှာ ၄၂၄ မျက်နှာရှိပြီး အိန္ဒိယနိုင်ငံ စီရမ်ပိုလ်(Serampore)ကနေ ပုံနှိပ်ထုတ်ဝေတာဖြစ်ပါတယ်။

  • A Dictionary, English and Burmese, Charles Lane (1841) Google Books
    ပထမဆုံးသော အင်္ဂလိပ်မြန်မာ အဘိဓာန်ကြီးကို အင်းဝမြို့ နေပြည်တော်တွင် လာရောက်နေထိုင်သော Mr Charles Lane နှင့် မက္ခရာမင်းသားကြီး (၁၁၅၃-၁၂၀၀)တို့ ရေးသားခဲ့ကြပါတယ်။ ၁၈၃၀ ကနေ ပြီးတော့ ၁၈၃၅ ထိအောင် ရေးသားတည်ဖြတ်ခဲ့ကြပြီး ၁၈၄၁ခုကြမှ India နိုင်ငံ Calcutta မြို့ မှာရှိတဲ့ သာသနာပြုစာပုံနှိပ်တိုက်မှာ ပုံနှိပ်ခဲ့တယ်တဲ့ အဲဒီ အဘိဓာန်ကို ဒီမိုင်း စက္ကူ ဆိုက်ကြီး နဲ့ပြုလုပ်ထားပြီး စာမျက်နှာ ၄၆၀ ပါဝင်သည်။ ဒီအဘိဓာန် အကြောင်းကို ကိုညီလင်းဆက် ဆီမှာလဲ ဒီလိုရေးသားထားပါတယ်။

  • Grammatical notices of the Burmese language By Adoniram Judson (1842)
    ယုသဒန်က ၁၈၄၂ ခုနှစ်မှာ မြန်မာသဒ္ဒါ ဆိုပြီး မြန်မာလူမျိုးတို့၏ မြန်မာစာ သဒ္ဒါကို အင်္ဂလိပ်လို ရှင်းဆိုချက်များနဲ့ စာအုပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်တွင် စာမျက်နှာ ရ၆ မျက်နှာပါရှိပြီး ၁၈၄၂ ခု ဂျူလိုင်လတွင် မော်လမြိုင်ကနေ ထုတ်ဝေခဲ့တာပါ။ အဘိဓာန် မဟုတ်ပေမယ့်လဲ လေ့လာကောင်းမယ့် စာအုပ်တစ်အုပ်ပါ။

  • Anglo-Burmese dictionary by George.H.Hough (1845) (or) Digital General Collection
    ဂျော့ဟောင်းဟာ ၁၈၄၅ ခုနှစ်ကြမှပဲ သူကိုယ်တိုင် သူ့စာအုပ်ကို အင်္ဂလိုဘာမား အဘိဓာန်ဆိုပြီး နာမည်တပ်ခဲ့သော အဘိဓာန်စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။ စာမျက်နှာ ၃၄၆ မျက်နှာရှိတဲ့ ဒီအဘိဓာန်ကို မြန်မာနိုင်ငံ မော်လမြိုင်ကနေ ထုတ်ဝေခဲ့တာပါ။

  • A Dictionary English and Burmese By Adoniram Judson (1849) (First Edition)
    ယုသဒန်ရဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပထမအကြိမ် ဇန်နဝါရီ ၁၈၄၉ ခုနှစ်မှာ စတင်ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ စာမျက်နှာ ၅၈၉ မျက်နှာ ပါရှိပြီး သူခေတ်သူ့ကာလက သူ့အရင်ထုတ်ဝေခဲ့တဲ့ ချာလိန်းအဘိဓာန်နှင့် ဂျော့ဟောင်းအဘိဓာန်တွေထက် အဘိဓာန် ဟုခေါ်ဆိုမှတ်ယူနိုင်တဲ့ ပြည့်စုံကောင်းမွန်လှတဲ့ အဘိဓာန်တစ်အုပ်ဖြစ်ပါသည်။ မော်လမြိုင်မြို့မှနေ ထုတ်ဝေခဲ့တာပါ။

  • Burmah and the Burmese By Kenneth Robert Henderson Mackenzie (1853)
    မြန်မာနှင့် မြန်မာလူမျိုးများ စာအုပ်ကို Kenneth Robert Henderson Mackenzie ကရေးသားသည်။ ၁၈၅၃ ခုနှစ်တွင် လန်ဒန်မှ ပုံနှိပ်ထုတ်ဝေသည်။ စာမျက်နှာ ၂၁၂ ပါရှိသည်။ မြန်မာပြည်အကြောင်းကို အင်းဝလက်ထက်မှ စပြီးဖော်ပြထားသည်။

  • English-Burmese dictionary By Adoniram Judson (1877) (Third Edition)
    ယုသဒန်ရဲ့ အင်္ဂလိပ်မြန်မာ အဘိဓာန်ကို နောက်ထပ်ပြီး ဒုတိယအကြိမ် (၁၈၆၆) ခုနှစ်မှာတစ်ကြိမ်၊ တတိယအကြိမ် (၁၈၇၇ ခုနှစ်၊ သြဂုတ်လ) မှာတစ်ကြိမ် မူလပထမ အဘိဓာန်စာအုပ်ကို စာလုံးအသစ်များ ထပ်မံဖြည်ပြီး ဆက်လက်ထုတ်ဝေခဲ့ပါတယ်။ ဆရာကြီးယုသဒန်ဟာ ၁၈၅၀ မှာ ကွယ်လွန်ခဲ့တာကြောင့် ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ပုံနှိပ်ထုတ်ဝေခြင်းတို့မှာ သူကိုယ်တိုင် မဟုတ်သော်လည်း သူ၏ မူရင်းအဘိဓာန်များကို အခြေထားတဲ့အတွက် ယုသဒန်(ဂျက်ဆင်) အဘိဓာန်လို့ ခေါင်းစဉ်တပ်ထားရတယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်။ တတိယအကြိမ်ထုတ်ဝေခြင်းကို ရန်ကုန်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ မူလ အဘိဓာန်ကို အခြေခံပြီး စာလုံးအဓိပ္ပါယ်အသစ် ၅၀၀ ထပ်ပေါင်းထည့်ထားသည်။ စာမျက်နှာ ၈၄၆ မျက်နှာရှိပါသည်။

  • Vocabulary and phrase book in English and Burmese, by Cephas Bennett (1886)
    အင်္ဂလိပ် - မြန်မာ စာလုံးဝေါဟာရ နှင့် ဘာသာစကားပြောစာအုပ်ကို Rev.C.Bennett က ပြုစုခဲ့သည်။ တတိယအကြိမ်ထုတ်ဝေခြင်းတွင် M.H.Eveleth က စိစစ်တည်ဖြတ်ပေးထားသည်။ ရန်ကုန်မှ ၁၈၈၆ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ စာမျက်နှာ ၁၅၇ မျက်နှာပါရှိသည်။

  • Burmese Pocket Dictionary By Adoniram Judson (1887) PDF မူရင်းနေရာ (or) Digital General Collection
    မြန်မာပေါ့ကဒ် အဘိဓာန်စာအုပ်ကို ယုသဒန်ရဲ့ အဘိဓာန်စာအုပ်မှ မှီငြမ်းကိုးကားထားပြီး အင်္ဂလိပ်မှ မြန်မာ ပြန်ဆိုမှုကို F.D. Phinney,M.A ဆိုသူက ပြုစုပြီး မြန်မာမှ အင်္ဂလိပ်ကို F.H. Eveleth ဆိုသူက ပြုစုထားတာဖြစ်သည်။ စာမျက်နှာ ၃၈၆ မျက်နှာပါရှိပြီး ၁၈၈၇ ဇန်နဝါရီမှာ ထုတ်ဝေခဲ့ပါသည်။

  • The Judson Burmese-English dictionary (1921) PDF မူရင်းနေရာ
    ယုသဒန်၏ အဘိဓာန်ကို အခြေပြုပြီး Robert Charles Stevenson (1851- 1905) နှင့် Frederick Howard Eveleth(1843-1932) တို့က စီစစ်တည်းဖြတ်ခဲ့ပါသည်။ ရှေးမြန်မာ၏ အကူအညီများ ပါဝင်ခဲ့ကြပါသည်။စာမျက်နှာ ၁၁၃၅ မျက်နှာရှိသည်။ တကယ်အသုံးဝင် လေ့လာစရာကောင်းမွန်တဲ့ မြန်မာ - အင်္ဂလိပ် အဘိဓာန် စာအုပ်ဖြစ်ပါသည်။

  • Historical Dictionary of Burma by Donald M. Seekins(2006)
    ဗမာ့သမိုင်း အဘိဓာန်ကို Donald M. Seekins က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေတာဖြစ်ပါသည်။စာမျက်နှာ ၅၆၅ မျက်နှာရှိသည်။ Scarecrow Press မှထုတ်ဝေသည်။



ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

    Wednesday, January 12, 2011

    စုဆောင်းမိခဲ့သမျှ အဘိဓာန်များ (Offline)


    ဒီတခါတော့ Offline အဘိဓာန်လို့ နာမပြုထားတဲ့ မြန်မာ အဘိဓာန် ဆော့ဒ်ဝဲလေးတွေ ဖြစ်ပါတယ်။ အဘိဓာန်ဆော့ဒ်ဝဲလေးတွေကို ဘယ်လိုဘယ်ပုံ သွင်းယူသုံးစွဲရမယ်ဆိုတာကိုတော့ ကျွန်တော်လဲ အသေးစိတ် မရှင်းပြတတ်ပါဘူး။ အသေးစိတ်နားလည်ချင်တော့ ကျွန်တော်ပေးထားတဲ့ မူရင်းဆိုဒ်များကနေတဆင့်ပဲ လေ့လာပေးကြပါ။ ကျွန်တော်ကတော့ အကြမ်းဖြင့် ရှင်းပြထားတာရယ့် မူလနေရာတွေကို ညွှန်းပြထားတာရယ်ပဲ လုပ်ထားတာပါ။ မူရင်းဆောဒ်ဝဲပိုင်ရှင်များကိုလဲ ခွင့်မတောင်းမိပဲ လင့်ချိတ်ထားမိတဲ့အတွက်လည်း ကျွန်တော်ကို နားလည်မယ်လို့လဲ ထင်ပါတယ်။ အွန်လိုင်းပေါ်မှာ ပျံထွက်ရောက်ရှိနေတဲ့ အဘိဓာန်ဆော့ဒ်ဝဲလင့်တွေကို ကျွန်တော်ဆီကမှာ စုဆောင်းထားတာပါ။

    တချို့ဆောဒ်ဝဲတွေ ကျန်ရှိနေသေပေမယ့်လည်း လင့်သေနေတာတို့၊ Out of Date ဖြစ်နေတာတို့၊ ပိုက်ဆံပေးဝယ်ယူသုံးဆွဲရတာတို့၊ သုံးရသူတွေအတွက်လည်း အဆင်မပြေလည်နိုင်တာတို့ကြောင့် လင့်မဖော်ပြပါဘူး။ ကျွန်တော်အထင် ကျွန်တော်မသိသေးတဲ့ အခြားအခြားသော အဘိဓာန်ဆောဒ့်ဝဲကောင်းလေးတွေလဲ ရှိနေကောင်းရှိနေကြမှာပါ။ နောင်တွင်လည်း ထိုကဲ့သို့သော ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် သင့်တော်အသုံးဝင်မည့် အဘိဓာန်ဆော့ဒ်ဝဲလေးများ များစွာပေါ်ထွန်းလာကောင်း ပေါ်ထွန်းလာနိုင်ကြပါဦးမည်။ တီထွင်ကြံဆ ဝေမျှထုတ်လုပ် သူအပေါင်းတို့ကိုလည်း ကျေးဇူးသက်ကာရအထူးတင်ရှိပြီး အားထုတ်ကြိုးပမ်းမှုများကို လေးစားအားပေးနေပါမည်။



    Offline မြန်မာ အဘိဓာန်ဆော့ဒ်ဝဲများ

    • မြန်မာ-အင်္ဂလိပ်အဘိဓာန်(wxPyDict 0.9.1 Alpha Pre)
      ကိုစိုးမင်း မာခ့်၏ ကိုယ်ပိုင်အတ္တများ နဲ့ ကိုမင်းကျော်တို့ ဖန်တီးထားတဲ့ အင်္ဂလိပ်-မြန်မာ
      အဘိဓာန်ဆောဒ်ဝဲလေးပါ။ အလွန်တရာမှကို ကောင်းမွန်လှပြီး သုံးဖို့အကောင်းမွန်ဆုံးသော ဆောဒ့်ဝဲအဘိဓာန်လေးပါ။ အင်္ဂလိပ်-မြန်မာ (Ornagai, ကိုစေတန်), မြန်မာ-အင်္ဂလိပ် (စိုင်း မြန်မာ-အင်္ဂလိပ်), ကိုညီလင်းဆက် ပြုစုထားသော မြန်မာကျေးရွာနာမည်များအဘိဓာန် ကို အသုံးပြုထားသည်။ မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရှာဖွေတဲ့နည်းပါ။ မြန်မာဖောင့်ဆိုရင်လဲ ဇော်ဂျီ၊ Myanmar3၊ Ayar ဖောင့်တွေရပါတယ်။ ကျွန်တော်ကတော့ ဒါကိုပဲသုံးတယ်။


    • iPhone English Myanmar wxPyDict အဘိဓာန်
      wxPyDict Project ကထပ် ဖန်တီးလိုက်ပြန်တဲ့ IPhone Userတွေအတွက် အင်္ဂလိပ် - မြန်မာ အဘိဓာန်လေးပါ။ မြန်မာဖောင့်တော့ အရင်သွင်းထားမှ ရနိုင်မှာပါ။ Iphone Firmware Version 4.0 အောက်က Iphone တွေဆိုရင်တော့ မြန်မာ ကီးဘုတ်ပါရတဲ့အတွက် မြန်မာ-အင်္ဂလိပ်-မြန်မာ ရှာဖွေအသုံးပြုနိုင်ပါတယ်။


    • Oxford English Dictionary Portable
      မြန်မာ အဘိဓာန်တော့မဟုတ်ပါဘူး။ ကိုယ်လိုရာကို ခေါ်ဆောင်သယ်သွားနိုင်တဲ့ Portable အောက်စဖို့ထုတ် အင်္ဂလိပ် အဘိဓာန်လေးပါ။ သုံးကြည့်တာကောင်းလို့ ဒီထဲမှာ ရောတင်ထားတာပါ။ 

    • UbiFind English-Myanmar Dictionary for Mobile Phones Sida Technology
      အဘိဓာန်တွေက Iphone တွေပဲလားဆိုတော့ မဟုတ်ပါဘူး။ ကျန်တဲ့ ဖုန်းတွေအတွက်ပါ ရပါသေးတယ်။ Sida Technology ကထုတ်တဲ့ မိုလ်ဘိုင်းဖုန်း UbiFind အင်္ဂလိပ်-မြန်မာ အဘိဓာန် ရှိပါတယ်။ အလကားကတော့ ၇ ရက်ပဲရတယ်။ပြီးတော့ ပိုက်ဆံတောင်း တော့တာပဲ။ အရမ်းသဘောကျလို့ ဝယ်သုံးလျင်ရင်လဲ ရတယ်။ ၇ရက်တစ်ခါ ပြန်သွင်းပြီးသုံးပေါ့။

    • အင်္ဂလိပ်-မြန်မာအဘိဓာန် (Crystalrays.org)
      Technomation Studios, Myanmar Language Commission က ကိုထိန်လင်းထူးနှင့် ကိုထူးမြင့်နောင်တို့က ဖန်တီးထားတဲ့ မြန်မာ - အင်္ဂလိပ် အဘိဓာန်ဆောဒ့်ဝဲလေးပါ။ Version 1.0.1 ပါ။ Unicode Myanmar 3 ဖောင့်သုံးထားတာပါ။ သူ့ကို သုံးရတာလဲ ကောင်းပါတယ်။

    • အင်္ဂလိပ်-မြန်မာအဘိဓာန် Portable
      Technomation Studios, Myanmar Language Commission က ကိုထိန်လင်းထူးနှင့် ကိုထူးမြင့်နောင်တို့က ဖန်တီးထားတဲ့ မြန်မာ - အင်္ဂလိပ် အဘိဓာန်ဆောဒ့်ဝဲလေးပါ။ Version 1.0.1 ပါ။ Unicode Myanmar 3 ဖောင့်သုံးထားတာပါ။ အပေါ်က အဘိဓာန်နဲ့ အတူတူပါပဲ။အလွယ်တကူ သယ်သွားနိုင်တဲ့ Portable မြန်မာ အင်္ဂလိပ် အဘိဓာန်လေးပါ။

    • အင်္ဂလိပ်-မြန်မာ စာသား၊အသံ၊ဓာတ်ပုံ အဘိဓာန် (Myanmar Dictionary Software)
      Myanmar Dictionary Software မှ တီထွင်လိုက်တဲ့ အင်္ဂလိပ် မြန်မာ အဘိဓာန်ဆော့ဒ်ဝဲလေးပါ။ သူမှာက စာလုံးများကို အဓိပ္ပါယ်ဖွင့်ဆိုချက် စာသား သာမက အသံထွက်ရော၊ ဓာတ်ပုံလေးတွေနဲ့ပါ လေ့လာနိုင်အောင် ဖန်တီးထားပါတယ်။ အသံဖိုင်နှင့် ဓာတ်ပုံဖိုင်ကတော့ သတ်သတ်ဆီ ဒေါင်းယူပြီး ထည့်သွင်းရတာပါ။ ဇော်ဂျီဖောင့် ကိုသုံးထားတာပါ။ အင်္ဂလိပ်လိုရိုက်နှိပ်ပြီး မြန်မာလိုရှာဖွေခြင်း စနစ်ပါ။

    • မြန်မာ-အင်္ဂလိပ် အဘိဓာန်(Myanmar Dictionary Software)
      Myanmar Dictionary Software မှ တီထွင်လိုက်တဲ့ မြန်မာ - အင်္ဂလိပ် အဘိဓာန် ဆော့ဒ်ဝဲလေးပါ။ ဇော်ဂျီဖောင့် ကိုသုံးထားတာပါ။ မြန်မာလိုရိုက်ပြီး အင်္ဂလိပ်အဓိပ္ပါယ်ရှာတဲ့ နည်းပါ။

    • English – Myanmar Dictionary 2nd Edition (CD Rom) Rar 1, Rar 2, Rar 3
      ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့ဦးစီးဌာနနှင့် Wisdom Power Co., Ltd တို့ ပူးပေါင်းထုတ်လုပ်သော ဤ အင်္ဂလိပ် – မြန်မာ အဘိဓာန် CD-ROM ဖြစ်ပါတယ်။ Rar ဖိုင် သုံးဖိုင်ပါ။ ဒေါင်းပြီး ဆက်လိုက်ပြီးရင်တော့ ခွေနဲ့ ဘန်းရင်ဘန်း၊ မဘန်းချင်ရင်တော့ MagicDisc နဲ့ MagicISO ရှာပြီး သုံးပေါ့။ သုံးနည်းတွေ ဘာတွေတော့ မပြောပြတော့ဘူး။ တင်ပေးသူကတော့ Goo's Blog ကဖြစ်ပါတယ်။

    • Lingvo 13 ရုရှား၊ဂျာမာန်၊အင်္ဂလိပ်၊မြန်မာ အဘိဓာန်
      ABBYY ကထုတ်တဲ့ Lingvo X3 (German/Russian/English) Dictionary ကိုအခြေခံထားတာပါ။ သူရဲ့ အဘိဓာန်ဆော့ဒ်ဝဲထဲကို မြန်မာ - ရုရှ အဘိဓာန်ကို သွင်းယူတားတာပါ။ နည်းကိုတော့ ကျွန်တော်တိုက်ရိုက်လင့်ပေးထားတဲ့ ဟင်းလင်းပြင်ဆီမှာပဲ လေ့လာလိုက်ပါ။ အသုံးလိုသူတွေ လိုမယ်ထင်လို့ လင့်ပေးထားတာပါ။

    • အင်္ဂလိပ်-မြန်မာ-ကရင် အဘိဓာန်
      မြန်မာတိုင်းရင်းသာ ညီနောင်ဖွား ကရင်လူမျိုးများအတွက်ပါ အသုံးဝင်တဲ့ အင်္ဂလိပ် - မြန်မာ - ကရင် အဘိဓာန်ဆော့ဒ်ဝဲလေးပါ။ ကရင်ဖောင့် KNUဖောင့်တော့ ရှိရမှာပါ။Microsoft .NET Framework Version 2.0 လေးလဲလိုအပ်ပါတယ်။

    • English-Myanmar Dictionary (Microsoft Word Add-in)
      မသဲသဲအေး လုပ်ထားတဲ့ အင်္ဂလိပ် - မြန်မာ အဘိဓာန် Microsoft Word Plugin ပါ။ Word 2007 နဲ့ .Net 3.5 လိုအပ်ပါတယ်။ Unicode တွေအတွက်ပဲ ကောင်းပါတယ်။ ဇော်ဂျီဆိုရင်တော့ စာသားတွေ ကမောက်ကမ ပါပဲ။ သုံးလို့တော့ အတော်ကောင်းပါတယ်။

    ဆက်လက်ကြိုးစားပါဦးမည်။
    © ချမ်းလင်းနေ

    Monday, January 10, 2011

    မိုးမိုး (အင်းလျား)၏ စာအုပ်များ



    1. မိုးမိုး (အင်းလျား) - ဂျိုး
    2. မိုးမိုး (အင်းလျား) - စိန်တပွင့်
    3. မိုးမိုး (အင်းလျား) - ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား
    4. မိုးမိုး (အင်းလျား) - ဘယ်သူလာကူပါ့မယ်
    5. မိုးမိုး (အင်းလျား) - မသုဓမ္မစာရီ
    6. မိုးမိုး (အင်းလျား) - မီးရောင်အောက်ကိုဝင်လျှင်
    7. မိုးမိုး (အင်းလျား) - မှတဆင့်
    8. မိုးမိုး (အင်းလျား) - မြူမှောင်ဝေကင်း
    9. မိုးမိုး (အင်းလျား) - ပျောက်သောလမ်းမှာစမ်းတဝါး
    10. မိုးမိုး (အင်းလျား) - မေတ္တာကမ်းနား အချစ်သစ်ပင်
    11. မိုးမိုး (အင်းလျား) - ဝေဒနာကြာနှီပွင့်
    12. မိုးမိုး (အင်းလျား) - မဂ္ဂဇင်းဝတ္တုရှည်များ
    13. မိုးမိုး (အင်းလျား) - မြန်မာပြည်မှာနေကြသည် ဝတ္ထုတိုများ
    14. မိုးမိုး (အင်းလျား) - ဝတ္ထုတိုများ- ၎
    15. မိုးမိုး (အင်းလျား) - သဇင်ပန်းသုံးခက် ဝတ္ထုတို
    16. မိုးမိုး (အင်းလျား) - ပိုစ်စကဒ်လေးတစ်စောင် ဝတ္ထုတို
    17. မိုးမိုး (အင်းလျား) - မီးရထားဖြင့်ခရီးသွားရခြင်း ဝတ္ထုတို
    18. မိုးမိုး (အင်းလျား) - သိက္ခာရှိတဲ့မုန့် ဟင်းခါး ဝတ္ထုတို