Tuesday, December 14, 2010

တာတီးနှင့်မဲတူ



“ဒိုင်း”
ဆိုသော သေနတ်သံသည် အရှေ့ဘက်တောင်တန်း တစ်လျှောက်သို့ ဝေါကနဲ ပဲ့တင်ရိုက်ခတ်သွားလေ၏။ အိမ်သားတို့မှာ တစ်ပြိုင်နက် လက်ဝါးဖြင့် မျက်နှာကိုအုပ်ထားလိုက် ကြသည်။ ပြန်၍မရဲတရဲဖွင့်ကြည့်လိုက်ကြသောအခါတွင် အဖေသည် သူ၏ လက်ထဲမှသေနတ်ကို မုန်းတီးရွံရှာစွာ ခေတ္တမျှစိုက်ကြည့်ကာ မြေပေါ်သို့ ပစ်ချလိုက်ပြီး တပွက်ပွက် ယိုစီးထွက်ကျ လျက်ရှိသောသွေးအိုင်ထဲတွင် တုံးလုံးကလေး လဲနေရှာသည့် “တာတီး” ကို ယူကျုံးမရ နှမြောတသစွာ ငေးစိုက်ကြည့်ရင်း မရှူနိုင် မကယ်နိုင်ဖြစ်နေဟန်တူ၏။ ထို့နောက် တာတီးလဲနေရာသို့ ပြေးသွားပြီး အနီးတွင် ဒူးထောက်၍ ထိုင် ကာတာတီး၏ ပူပူနွေးနွေးပျော့ခွေ လျက် ရှိသော ကိုယ်ကလေးကို တအားပွေ့ယူလျက်မျက်နှာချင်း အပ်ထားလိုက်ကြသည်။
ထိုစဉ်က အဖေ ငိုသည် မငိုသည်ကို သေချာမသိခဲ့သော်လည်း ဖားဖိုကြီးလို ပိန်ချည်ဖောင်းချည် ဖြစ်နေသော အဖေ့ကျောပြင်ကြီးကိုတော့ နောက်ဘက်မှ အတိုင်းသား မြင်ခဲ့ရသည်။ လူတိုင်းပင် ကျောက်ရုပ်တုများကဲ့သို့ တောင့်တောင့်ကြီးရပ်ကာ ကြောင်တောင်ငေးနေကြသည်။ အကျိုးအကြောင်း စုံစမ်းမေးမြန်းရန် အပြေးအလွှား ရောက်လာကြသည့် အိမ်နီးချင်းများပင်လျှင် အဖေနှင့် တာတီးတို့ အဖြစ်ကို မြင်ကြသောအခါ အံ့သြမိန်းမော ကုန်ကြ၏။
ဤသို့ အားလုံး ငြိမ်သက်တိတ်ဆိတ်လျက်ရှိရာမှ အတန်ကြာသော် အဖေသည် တာတီး၏ သွေးများဖြင့် ပေကျံလျက်ရှိသော မျက်နှာကြီးကို မော့ကာ နားထင်ကြောများ ပြိုင်းပြိုင်းထအောင် အံကိုခဲထားရာမှ ရင်ဝတွင် ဆို့တက်နေသည့် အပူလုံးကို
“ဂလု”
ကနဲ မျိုချရင်း အမေ့အား......
“မရီ...... သူ့ကို ငါဟိုတစ်နေ့က ဝယ်ခဲ့တဲ့ သက္ကလပ်စောင်နဲ့ ထွေးပြီး ခေါင်းရင်းက ယုဇနပင်အောက်မှာ ကျကျနနမြုပ်ပစ်လိုက်၊ သူနဲ့ဆိုင်တဲ့ပစ္စည်းမှန်သမျှ အကုန်ထည့်၊ သူစားနေကျ ထမင်းဇလုံလေးကိုတော့ သူ့မြေပုံပေါ်မှာ မှောက်ထား၊ ငါမပြန်လာခင် အစအန မကျန်အောင်လုပ်ထားနှင့်.....၊ ကြားရဲ့လား”
အမေက မျက်ရည်များကြားမှ ငိုက်စိုက်ငိုက်စိုက်နှင့် ထွက်သွားသောအဖေ့ကို ကရုဏာသက်စွာ ငေးကြည့်ရင်း ခေါင်းကို ဖြေးလေးစွာ ခါလိုက်လေ၏။
အင်္ဂလိပ် အုပ်စိုးစဉ်က အမေရိကန် သာသနာပြုကျောင်းတွင် ကျောင်းအုပ်အဖြစ် တစ်လ သုံးရာမျှသော လခကိုစားရသည့် အဖေ့မှာ သားမယားကို လူတန်းစေ့ တင့်တင့်တယ်တယ် ထားနိုင်ခဲ့သည်။ သားသမီးများကို ချစ်သည် မှန်သော်လည်း ဘယ်သောအခါမှ လက်ပွန်းတတီး ရင်းရင်းနှီးနှီးမနေ၊ တည်တည်ပင် ဆက်ဆံ၍ ကျွေးစရာရှိ ကျွေး၊ ဆော်စရာရှိ ဆော်ခဲ့သည်ဖြစ်ရာ အဖေ့ကို ချစ်ကြောက်ရိုသေခဲ့ကြသည်။
ကျောင်းသား တပည့်များကလည်း ထိုနည်းတူစွာပင်…….
သို့သော် တာတီးနှင့်ကျတော့ အဖေ့မှာ ဈန်လျှောရလေ၏။ မိမိသိက္ခာကို ပင်မဆည်နိုင်အောင် တာတီးကိုချော့ရ မြူရ ယုယပိုက်ထွေး ခဲ့ရလေသည်။ တစ်ခါတရံ အမေက အဖေ့အား ကိုယ်သားသမီးများထက် တာတီင်္းကိုပို၍ ချစ်သည်ဟု ရန်တွေ့ပြီး စွဲချက်တင်သောအခါ အဖေက နှစ်ခြိုက်စွာပြုံး၍…
“မင်းမလဲကွာ..... တိုစရာမရှိတိုရန်ကော ဒို့ကလေးတွေမှာက ချစ်ခင်ယုယမယ့် ဆွေမျိုးသားချင်း အပြည့်အစုံနဲ့ကွ တာတီးမှာတော့ ဒီလို မေတ္တာရိပ် ခိုလှုံစရာရှိတာမဟုတ်တော့ ပိုပြီး သနားရတယ် ကြင်နာရတယ်ကွ...... မှတ်ထား”
အဖေ့၌ မည်သူကမှ တားမြစ်ဆုံးမလို့ မရသော ဝါသနာဆိုး တစ်ခုရှိသည်။ ၎င်းမှာ အချိန်အားရှိတိုင်း တောတက် အမဲလိုက်နေခြင်းပေတည်း။ နွေရာသီကျောင်း ရက်ရှည်ပိတ်သောအခါ အဖေသည် အိမ်၌ အေးအေးလူလူ နားနေသည်ဟူ၍မရှိ။ သူ့အပေါင်းအဖော်များနှင့် တစ်တောဝင် တစ်တောထွက် အမဲလိုက်ရင်း အချိန်ကုန်ခဲ့သည်ချည်းပင်။ အိမ်သို့ ပြန်ရောက်သောအခါ ရလာသမျှ ဂျီင်္သား၊ ဆတ်သား အခြောက်များ၊ တိရိစ္ဆာန် သားရေများ၊ ဦးချိုများကို တစ်ခုစီ ထုတ်ပြရင်း ဘယ်ဥစ္စာကဖြင့် ဘယ်လို ရခဲ့တာပဲ …စသည့်ဖြင့် သူလက်ရာကို ဝင့်ကြွားစွာ မြိန်ရေရှက်ရေ ပြန်လည် ပြောပြ တက်ပေသည်။ တစ်ခါတစ်ရံ ယုန်၊ ကြက်တူရွေး၊ ဇီးကွက်စသော အကောင်ကလေးများကို အရှင်ဖမ်းခဲ့ပြီး သားသမီး ကစားရန်အလိုငှာ ယူဆောင်ခဲ့တက်သေးသည်။ မှတ်မိပါသေးသည်။ တောမှပြန်ရောက်စ တစ်ခါက သားသမီးများ စုရုံးစေပြီး အိတ်တစ်ခုကို မလျက် အတွင်းမှ လှုပ်နေသော သဏ္ဍန်ကို ပြကာ.....
“အထဲမှာ ဘာကောင် ရှိသလဲ ပြောကြစမ်း”
မချိုမချဉ် မျက်နှာပေးဖြင့်မေးရာ မည်သူမျှမှန်အောင် မဖြေနိုင်သောအခါမှ အထုတ်ကိုဖြေပြရာ ဆောင့်ကြောင့်ထိုင်လျက်ရှိသော မျောက်မကလေး တစ်ကောင်ကို ဘွားကနဲ တွေ့ကြရလေ၏။ ထို့နောက် ၎င်းမျောက်မကလေးကို ဘယ်ပုံရခဲ့ကြောင်း ရာဇဝင်ခင်းပြရာ မောင်နှမတစ်တွေမှာ တသောသောရယ်ရင်း မျောက်နှင့် လူအသွင်ချင်းတူ၍ နီးစပ်ပုံကို ရင်သပ်အံ့သြ ခဲ့ကြရသည်။ မဲတူ(မျောက်မကလေးကို ပေးထားသော နာမည်) ရခဲ့ပုံကို အလျဉ်းသင့်၍ အနည်းငယ်ဖော်ပြပါရစေ။
အဖေတို့ လူသိုက်မှာ ထိုနေ့က ကျားပစ်ရန်ထွက်ခဲ့ကြရာ နေပြောက်ထိုးမဝင်အောင် အုံ့ဆိုင်းညှို့မှိုင်းနေသော တောစပ်သို့ရောက်၍ ခေတ္တ အပန်းဖြေကြစဉ် သစ်ကိုင်းများပေါ်တွင် မရေတွက်နိုင်အောင် များပြားသော မျောက်တစ်အုပ်ကို တွေ့ရသည်ဆို၏။ သို့သော် ကျားနှင့် မတွေ့မှီ သေနတ်သံ မပေးလို၍ မျောက်များကို ပစ်ခတ်ခြင်း မပြုကြပေ။ အဖေတို့ ရှေ့တူရှုး သစ်ကိုင်းကြီးတစ်ခုပေါ်၌ မျောက်ထီး၊ မျောက်မနှင့် မျောက်ကလေးသုံးကောင်မှာ တစ်ဘက်အပင်မှ သစ်ကိုင်းကို ခုန်ကူးရန်စီစဉ်နေကြ၏။ မိခင်လုပ်သူက မျောက်ငယ်ကို ကျောပိုးထားလိုက်ပြီး မျောက်ထီးကြီးကအရင် လွှဲ၍ကူးသွားသည်။ ထို့နောက် ဟိုဘက်ကိုင်းမှ လှမ်း၍ မျောက်မအား ကူးခဲ့ရန်
“ကွိကွိ ကွကွ”
နှင့်ခေါ်ငင်လေရာ မျောက်မသည် ကျောပေါ်မှ သားငယ်ကို မြဲမမြဲစမ်းသက်ပြီး ကိုယ်ကိုလွှဲ၍ ကူးလိုက်ရာ “ဟယ်” ဆိုသော အဖေတို့၏ အသံတွေနှင့်“ဖုတ်”ကနဲ မျောက်ငယ်မှာ မြေပေါ်သို့ ကျလာလေတော့သည်။ ထိုအချင်းအရာကိုမြင်သော မျောက်ထီးကြီးမှာ ဒေါသ ကြီးစွာဖြစ်၍ သစ်ခက်တစ်ခုကို ချိုးတဲ့ကာ မျောက်မအား သားလွတ်ကျရပါ့မလားဟု တဖုန်းဖုန်းရိုက်တော့သည်။ အဖေတို့လည်း ငိုအားထက် ရယ်အားသန်ကြကာ မိမိတို့ ရှိနေလျှင် ၎င်းတို့သားငယ်ကို ဆင်း၍ မကောက်ဝံ့ဘဲ နေမည်စိုး၍ ထိုနေရာမှ ဖဲခွာခဲ့ကြသည်ဆို၏။
သို့ရာတွင် အဖေတို့မှာထိုနေ့အဖို့ ကျားမတွေ့ရဘဲ ညနေစောင်းပြန်ခဲ့ကြသော် ထိုသစ်ပင်အောက်တွင် တကျီကျီအော်ဟစ်နေသည့် မျောက်ငယ်ကို ထီးထီးတွေ့ရ၏။ (လက်မမြဲ၍ မြေသို့ကျရသော မျောက်ကို ညံ့ရကောင်းလား၊ မျောက်မပီသဟု မျောက်အုပ်က ထပ်မံလက်မခံတော့ဘဲ ဝိုင်းပယ်လေ့ရှိသည်ဟု ကြားဖူးသည်။)
ထိုနောက်တော့ အဖေက အနှီဒုက္ခိတ မျောက်မငယ်လေးအား သနားဂရုဏာသက်၍ အိမ်သို့ ထုပ်ပိုးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မဲတူသည် အမည်နှင့်လိုက်အောင် အကျည်းတန်သည်။ သို့သော် သူ့တွင် ချစ်စရာ ကောင်းသော အပြုအမူများစွာရှိ၏။ သူသည် တက်သိစ အရွယ်ကပင် လူနှင့်အတူ ကြီးပြင်းခဲ့ရသည်ဖြစ်ရာ လူကလေး တစ်ယောက်နှင့်ပင် တူသေးသည်။ မောင်နှမတွေ ထမင်းဝိုင်းတွင် သူပါဝင် စားရသည်ဖြစ်ရာ သူ့ကိုယ်နှိုက်က ဟင်းမစားဘဲ သက်သက်လွတ် ငှက်ပျောသီး၊ သင်္ဘောသီးတို့နှင့်သာ စားသည်ဖြစ်သော်လည်း အလစ်တွင် အခြားပန်ကန်ထဲမှ ဟင်းတုံးကိုယူ၍ သူ၏ထမင်းအောက်တွင် ဝှက်ထားတက်သည်။ မောင်နှမတစ်တွေမှာ ဟင်းကို အတိုင်းအစနှင့် ဝေပုံကျဖြစ်၍ နောက်ထပ်မရသဖြင့် ပထမဦးဆုံး မဲတူ၏ ဓာတ်မသိခင်က တစ်ယောက်ဟာ တစ်ယောက်ဘုံးသည်ဟု ရန်ဖြစ်လိုက်ရသည်မှာ အမော၊ မဲတူကပြန်ပေးမှ ရယ်အားသန် ကြရသည်။
မဲတူသည် အင်မတန်လူပါးဝ၏။ အဖေကျောင်းသွားခါနီးတိုင်း ကိုင်နေကျ တုတ်ကောက်ကို ယူပေးကာ လောကဝတ်ပြုတက်သေးသည်။ မောင်နှမတစ်တွေ၏ခေါင်းကို သန်းရှာပေးရန် ဝါသနာပြင်းထန်လှပြီး ငြိမ်ငြိမ်မခဲလျှင် လူကြီးမိဘသဖွယ် ခေါင်းခေါက်တက်သေး၏။ အဖေက စိတ်ဆိုး၍ ကြိမ်းမောင်းဆူပူသောအခါ တံခါးကြား ထဲတွင် ဖင်ဘူးတောင်း ထောင်၍ ပုန်းအောင်းလေ့ရှိ၏။ နောင်အသက်အရွယ် ကြီးရင့်လာသောအခါတွင် မဲတူသည် ပန်းနာရောဂါဖြင့် ကွယ်လွန်ရှာ၏။ သူ့ပန်းနာမှာ ဝမ်းတွင်းပါဖြစ်၍ သူ့မိခင်ကျောပေါ်က ပြုတ်ကျဟန်တူပါသည်။ ယင်းသို့ဖြင့် ကျွန်မတို့ အိမ်တွင် မဲတူ၏ ဇာတ်လမ်း ဆုံးခဲ့ပါ၏။
နောက်တစ်ကြိမ်တွင်မူ အဖေတို့သည် သေနတ်ဒဏ်ရာဖြင့် လွတ်မြောက်သွားသော စိုင်ကြီးတစ်ကောင်နောက် အတင်းထိုးလိုက်ကြရာ မွန်းတည့်အချိန်ခန့်ရောက်လျှင် ကိုင်းတောအစပ်သို့ ရောက်၍ အဖေနှင့် အဖော်သုံးယောက်မှာ ချုံကြီးတစ်ခုအနီးမှဖြတ်၍ ကိုင်းတောထဲသို့ ဝင်မည်ပြုစဉ် ကျားဟိန်းသံကို ချုံထဲမှမမျှော်လင့်ဘဲ ရုတ်တရက်ကြားလိုက်ရသည်။ လူတိုင်းပင် ကြက်သေသေကာ မလှုပ်နိုင် မရှားနိုင်ဘဲ ဤတစ်ချီတော့ ကျားစာဖြစ်ကုန်တော့မည်ဟု တစ်ထစ်ကျမှတ်ယူကြလေ၏။ အခါတိုင်းဆိုလျှင် ဤမျှလောက် နီးကပ်နေသော သားကောင်ကို ကျားက တစ်မဟုတ်ချင်း ခုန်အုပ်လေ့ ရှိသော်လည်း ယခုတော့ ချုံထဲမှ ကျားဟိန်းသံကိုသာ ကြားရ၍ လှုပ်ရှားမှုကိုတော့ မတွေ့ကြရပေ။ ကျားက မလှုပ်ရှား၍ လူက အနည်းငယ် လှုပ်မည်ဟန်ပြင်လျှင် ချုံထဲက ကျားက မာန်ဖီပြန်လေသည်။ ဤသို့ဖြင့် အထဲမလှုပ် အပြင်မလှုပ်ဖြင့် မိနစ် နှစ်ဆယ်မျှကြာလျှင် အဖေတို့က အထဲကရန်သူသည် မလှုပ်ရှားနိုင် လောက်အောင် ဒဏ်ရာရနေသော ကျားနာဖြစ်ရမည်ဟု တွတ်ချက်လာတော့သည်။
ထို့ကြောင့် ၎င်းတို့အချင်းချင်း လက်ဟန်ခြေဟန်ဖြင့် ချုံကို အရှေ့၊ အနောက်၊ တောင်၊ မြောက် ဝိုင်းမိအောင် တဖြည်းဖြည်း ရွှေ့သွားကြလေ၏။ မကြာမီ တောင်ဘက်သို့ရောက်နေသော ကရင်မုဆိုးထံမှ ‘ရွှီး ရွှီး ရွှီး’ ဟူသော လေချွန်အချက်ပေးသံကြားရပြီး ကလစ်ကနဲ သေနတ်မောင်းတင်သံနှင့်အတူ `ဒိုင်း´`ဝေါ´`ဝုန်း´ ဟူသည့် သေနတ်ပစ်သံ၊ ကျားအော်သံ၊ လဲပြိုသံကို တစ်ပြိုင်နက်တည်းလိုလို ကြားလိုက်ရသော ကျန်လူများမှာ လျင်မြန်စွာ တောင်ဘက် မုဆိုးရှိရာသို့ ပြေးသွားကြလျှင် မိမိတို့ထင်သလို ကျားကလူကိုခုန်အုပ်သည် မဟုတ်ဘဲ ချုံနှင့်တစ်လျားခုန်ခန့်တွင် နဖူးတည့်တည့် ကျည်ဆန်ပေါက်နှင့် သေရှာပြီဖြစ်သော ကျားမကြီးတစ်ကောင်နှင့် ၎င်းအနီးတွင် အချင်းတန်းလန်းနှင့် ထွေးလုံးရစ်ပတ်နေသော မွေးကာစ ကျားပေါက်ကလေး တစ်ကောင်ကိုတွေ့ရလေ၏။ ထိုအခါမှ ချုံထဲမှ ကျားမှာမွေးလုမွေးဆဲ ကမ္မဇလ လှုပ်ရှားနာကျင်နေ၍ မိမိတို့ကို ရန်မမူနိုင်သည့် အဖြစ်ကို တွေ့ရလေ၏။ အဖေသည် ကျားမကြီးနှင့် ကျားငယ်ကလေးကို တစ်လှည့်စီကြည့်ရင်း မည်သူချွတ်၍မျှ မကျွတ်ခဲ့သော အထုံဝါသနာကို စွန့်လွှတ်ရန် စိတ်ကို ဆုံးဖြတ်လိုက်သည့်အထိ နောင်တကြီးစွာ ဖြစ်ခဲ့ရလေ၏။ သူတို့ပယောဂကြောင့် အမိမဲ့ရှာသော ကျားငယ်ကို အဖေက သနားခြင်းဂရုဏာပြင်းပြစွာဖြစ်၍ ရင်ခွင်ဝယ် ပွေ့ပိုက်ပြီး အိမ်သို့ ယူဆောင်ခဲ့သည်။
ထို့ပြင် ချစ်စနိုး `တာတီး´ ဟုလည်း အမည်ကင်ပွန်းတပ်လိုက်သေး၏။ တာတီးကို ဂလက်ဇို နို့မှုန့်နှင့် တယုတယ ပိုက်ထွေးမွေးမြူခဲ့ရသည်။ နို့ကို နေ့သုံးကြိမ် ညသုံးကြိမ် တိုက်ရာ ညအချိန်တွင် မည်သူမျှ ဤဒုက္ခကို မခံယူလို၍ အဖေကိုယ်တိုင် ဂရုတစိုက် နို့ဖျော်တိုက်လေ၏။ ခါတိုင်းဆိုလျှင် ညစာစားလျှင် အရက်ကို အဝသောက် အစားကို ကျကျနနစားပြီး အိပ်လိုက်ရာ မိုးလင်းမှ တရေးနိုးလေ့ရှိသော အဖေ့မှာ တာတီးကြောင့် အသောက်အစား လျှော့ပေါ့ဆင်ခြင်ရလေ၏။
အဖေ့၏ အလေ့ဆိုးများကို ချွတ်ပေးခဲ့သော တာတီးကို အမေက အလွန်ကျေးဇူးတင်သော်လည်း တစ်ခါတစ်ရံ သူမ၏ သားသမီးများကို မပြုခဲ့သော ယုယခြင်းမျိုးကို အဖေက တာတီးအပေါ်တွင် အစွန်းကုန်ပေးလျက် ရှိသည်ဟု ယူဆလျက် မသက်မသာငြူစူလိုစိတ် ဖြစ်ပေါ်တက်သေးသည်။ ဤသို့ဖြင့် တာတီးကလေးသည် အဖေ့၏ မေတ္တာ ဂရုဏာရိပ်အောက်တွင် တဖြည်းဖြည်း ကြီးပြင်းလာခဲ့လေရာ တစ်နေ့ထက်တစ်နေ့ အဖေ့အချစ်မှာလည်းပိုသထက်ပိုခဲ့လေ၏။ အဖေအိမ်သာ တက်လျှင်တောင် လှေကားထစ်ပေါ် ဆောင့်ကြောင့်ထိုင်လျက် တော်တော်နှင့် ထွက်မလာလျင် တံခါးကို လက်သည်းနှင့် ကုတ်ခြစ်၍ “ညူ…ညူ” ဟုခေါ်တက်သည်။ အဖေ ပန်းခြံထဲ လမ်းလျှောက်လျှင် သူက နောက်မှ ခုန်ပေါက် မြူးထူး၍ ပါစမြဲ။ အဖေကျောင်းသွားလျှင် သူ့ကို မည်သူမှ မထိန်းကျောင်းနိုင်၍ သံကြိုးချည်ထားပစ်ခဲ့ရာ ရှေ့လက်နှစ်ဘက်ပေါ် မေးတင်လျှက် မျက်စိကို ပေကလပ် ပေကလပ် လုပ်ပြီး လူလာတိုင်း ညည်းပြနေလေ့ ရှိ၏။ တစ်ခါတစ်ရံ သူ့ရှေ့တွင် မှန်တစ်ချပ် ထောင်ပြလိုက်လျှင် မှန်ထဲတွင်မြင်ရသော သူ့အရိပ်ကို ရုတ်တရက် လန့်ဖျပ်ကာ နောက်ဆုတ်ပြေး၍ ခဏကြာမှ သူ့အရိပ်ကို ကြည့်လျက် ဒေါသတကြီး ညီးကနဲ မာန်ဖီတက်လေ၏။
ထိုမျှသာမကသေး၊ အဖေနှင့် လမ်းလျှောက်ပြီဆိုလျှင် တစ်လံလောက်မှနေ၍ အဖေက လက်ဖျစ်တီး၍ “တီးတီးရေ သားရေ မတ်တက်ရပ်စမ်း၊ ရှေ့တိုး” ဟုခိုင်းလိုက်လျှင်သူ၏ နောက်ခြေနှစ်ချောင်းဖြင့် ပတက်ရပ်ကာ ရှေ့သို့ ယိုင်တိယိုင်တိုင် အနိုင်နိုင် လျှောက်လာရင်း တစ်ခါတစ်ရံ ကိုယ်ကိုမဟန်နိုင်၍ ဖုတ်ကနဲ လိမ့်ကျသောအခါ အဖေက ဟက်ဟက်ပက်ပက် ရယ်မော၏။ တာတီး၏ ဝမ်းဗိုက်ကျားကျားလေးကို နှာခေါင်းနှင့် ကလိနေတက်သည်။ ထိုအခါ တာတီးက သူ၏လက်ဝဝကလေးဖြင့် အဖေ၏မျက်နှာကို တွန်း၍ ထုတ်တက်ပေသည်။ ဤသို့ အဖြစ်သည်းနေကြသည်ကို မြင်ပြင်းကပ်လာသော အမေက မကြားတကြား ရေရွတ်သောအခါ အဖေက အမေ့ထံသို့ အပြေးကလေးသွား၍
“ဟေ့......မရီရဲ့ မင်းကလဲ ငါတို့ကိုသာ အပြစ်ပြောနေတာပဲကွာ …ဒို့တိုင်း ဒို့ချစ်ကြတာများ ဘယ့်သူထိခိုက်နေလို့လဲ၊ ဒို့ရဲ့ သန့်ရှင်းမွန်မြတ်တဲ့ ချစ်ခြင်းကိုမနာလိုမဖြစ်ပါနဲ့ကွာ......”
ထိုအခါ အမေက နှုတ်ခမ်းစူ ပါးစူနှင့်….
“အမယ်လေး …. တော်စမ်းပါ၊ တိရိစ္ဆာန်တစ်ကောင်များ သန့်ရှင်းမွန်မြတ်တဲ့ အချစ်လေးဘာလေးနဲ့၊ ကြီးကျယ်လိုက်တာတော်.... ကြီးကျယ်လိုက်တာ”
“ဟ... ဒါကို မင်းနားမလည်သေးပါဘူး၊ ဒီမယ် မရီ... သန့်ရှင်းမွန်မြတ် တယ်ဆိုတာ လူချင်းလူချင်း ချစ်တဲ့ အဓိပ္ပာယ်နဲ့ တွက်လို့မရဘူးကွ၊ လူချင်း ချစ်ကြတာက ကိုယ်ကောင်းဖို့၊ ကိုယ့်ဖို့ဆိုတဲ့ အခြေခံက စကြတာ။ ဟော.... ငါနဲ့ တာတီး ချစ်တဲ့နေရာမှာ တာတီးဆီက ငါဘာမှ မမျှော်လင့်ဘူး။ ငါ့ဆီက ဘာမှ တာတီး မျှော်လင့်ရကောင်းမှန်းမသိဘူး။ ဘာပယောဂမှမပါတဲ့ ချစ်ခြင်းမျိုးမို့ သန့်ရှင်းတယ်လို့ ဆိုတာကွ၊ နားလည်ပလား”
ဤသို့ဖြင့် အဖေနှင့် တာတီးတို့သည် ချစ်ခင်ပျော်ရွှင်စွာ နေခဲ့ကြရာမှ ဂြိုဟ်ဆိုးဝင်၍ ကြမ္မာဆိုးငင်လေပြီ။ တစ်နေ့ နံနက်တွင် အဖေနှင့် တာတီးသည် ထုံးစံအတိုင်း ပန်းခြံထဲဝယ် ပြေးလွှားဆော့ကစားနေခိုက် အဖေ၏ အမဲလိုက်မိတ်ဆွေ နှစ်ဦးက အလည်အပတ် ရောက်လာကြသည်။ သူတို့နှင့် အတူ မျက်နှာဖြူ ရဲဝန်ထောက် တစ်ယောက်လည်း ပါလာသေးသည်။ သူတို့အား အဖေက ပန်းခြံထဲ၌ပင် ဧည့်ခံ၏။ တာတီးကမူ အဖေ့ကုလားထိုင်ဘေး၌ စင်းစင်းကြီးဝပ်လျက် ရှိ၏။ ထိုစဉ်က တာတီး၏ အရပ်အမောင်းမှာ ကျောတစ်တောင်လောက်ရှည်၍ တောကြောင်ကြီးခန့် ရှိသည်။
ကာဖီသောက်နေရင်း ရဲဝန်ထောက်က တာတီးကို အခုမှသေချာစွာ ကြည့်မိသည်ဖြစ်သောကြောင့် အံ့ဩဟန် မျက်ခုံးနှစ်ဖက်ကိုပင့်လျက်….
“အိုး…ခင်ဗျားရဲ့ (pet) အချစ်တော်က ကျားကလေးတစ်ကောင် ပါလားဗျ... ကျုပ်က ရုတ်တရက်ဆိုတော့ ကြောင်ကြီးတစ်ကောင်လို့ အောက်မေ့တာ”
အမေကပြုံးနေစဉ် အဖေ့မိတ်ဆွေ ဤကျားငယ်ကို ဘယ်ကဲ့သို့ ရခဲ့ကြောင်း၊ အဖေက မည်မျှ ယုယချစ်ခင်ကြောင်း၊ ပြောပြလျှင်မျက်နှာဖြူက နှုတ်ခမ်းတစ်ဖက်ရွဲ့ကာ ပြုံးလိုက်ပြီး....
“ကောင်းတော့ ကောင်းပါရဲ့..... ဒါပေမယ့် ဒီ့ထက်ကြီးလာရင် လူတွေကို ရန်မူမှာစိုးရတော့ အစိုးရက ခွင့်ပြုမယ်မထင်ဘူး၊ တိရိစ္ဆာန်ရုံပို့ရမှာပဲ..”
အဖေ ကမျက်နှာပျက်ပျက်ဖြင့်
“ကျွန်တော်ကောင်ကလေးက ငယ်ငယ်ကတည်းက လူနဲ့နေလာတော့ ဒီလောက်ရိုင်းမယ် မဟုတ်ပါဘူးဗျာ၊ နောက်ပြီး ကျွန်တော်က သူနဲ့မခွဲနိုင်ဘူး။ အင်းလေ..မတော်တဆ အစိုးရက မညှာမတာလို့ တိရိစ္ဆာန်ရုံ ပို့မယ်ဆိုရင်တော့ ကျွန်တော်ပါ လိုက်နေမှ ဖြစ်လိမ့်မယ်ဗျ..... ဟိုကကော ကျုပ်ကို လက်သင့်ခံပါ့မလား”
အဖေ့ အပြောကို ကျန်လူများက သဘောကျစွာ ရယ်မောကြ၏။ ရဲဝန်ထောက်ကလည်း ရယ်မောနေရာမှ မျက်နှာပိုးသတ်လိုက်ပြီး …
“ဒါပေမယ့် ခင်ဗျားတစ်ခုတော့ ကောင်းကောင်း သတိထားရလိမ့်မယ်။ ခင်ဗျား ကျားကလေးဟာ ခင်ဗျားကိုဖြစ်စေ၊ ခင်ဗျားကလေးတွေကို ဖြစ်စေ မတော်တဆ သွေးထွက်သံယိုဖြစ်အောင် မကိုက်မိပါစေနဲ့၊ တကယ်လို့ ဖြစ်ခဲ့ရင်လည်း ကျုပ်ကို ချက်ချင်း အကြောင်းကြားစေလိုပါတယ်”
သူသည် မရယ်ချင့် ရယ်ချင် ရယ်လိုက်ပြီး ဆက်လက်၍
“ဘာပြုလို့လည်းဆိုတော့.... ကျုပ်တို့က ဥပဒေလေးစားကြရမယ် မဟုတ်လားဗျ..... ကျုပ်တို့လို၊ ခင်ဗျားတို့လို လူမျိုးတွေက အမိန့်တော်ရ ပြင်ဆင် ပြုလုပ်ထားတဲ့ ဥပဒေကို ဖောက်ဖျက်မယ်ဆိုရင် ဘယ်ကောင်းမလဲ၊ ကျုပ်ပြောတာ သဘောတူရဲ့လား”
အဖေက အောင့်သက်သက်နှင့် .........
“ကောင်းပါပြီဗျာ ကျုပ်ကောင်လေးကလည်း ဒီလို ဘယ်တော့မှ နာကျည်းအောင် လုပ်မယ်မဟုတ်ပါဘူး။ ဒါထက် ခင်ဗျား စကားအရဆိုတော့ ကျုပ်ကောင်က ဒီလိုမလုပ်မချင်း သူ့ကို ကျုပ်အိမ်မှာ မွေးထားနိုင်ခွင့် ရှိတာပေါ့ မဟုတ်လား”
ရဲဝန်ထောက်မှာ သူ့စကားနှင့် သူမိနေ၍ မချိသွားဖြဲ “ဟဲ.. ဟဲ..” လိုက်ရလေ၏။
ထို့နောက် သူတို့သည် ထွေရာလေးပါး ပြောနေကြသည်။ ထိုအခိုက် အဖေ့ ဘေးဝယ် ဝပ်စင်းနေသော တာတီးမှာ ပျင်းလာပြီ ဖြစ်ရကား အဖေ့ကလည်း သူ့ကို ဂရုမစိုက်နိုင်သေးသဖြင့် အဖေ့ လက်ကို လျှာနှင့်လျက်ကာ လျက်ကာ ချော့မြူနေ၏။ အဖေ့မှာ စကားထဲတွင် စိတ်ဝင်စားနေသဖြင့် သူ့ကို သတိမပြုနိုင်လေ တာတီးက လျှာဖြင့်လျက်၍ သတိပေးခေါ်လေသည်။
ကျားလျှာဆိုသည်မှာ အလွန်ကြမ်းတမ်း၍ ဆူးတောင်ကလေးများသဖွယ် ဖြစ်နေသောကြောင့် ကျားမများသည် သားငယ်ကို နို့မတိုက်နိုင်ဘဲ သစ်ရွက်ပေါ်သို့ နို့ကိုသက်စေ၍ ကျားငယ်များက လျှာနှင့် လျက်စားရသည်။ သွေးကလေးများပင် စို့စပြုလာသည်။ တာတီးသည် သူ၏နှာခေါင်းကို ရှုံချည် ပွချည်ဖြင့် လက်ကိုနမ်းကြည့်လိုက်၊ လျက်လိုက်လုပ်နေရာ မည်မျှကြာသည်အသိ၊ အဖေသည် စကားပြောနေရာက လက်ဖဝါးဆီမှ မြက်ကနဲ မြက်ကနဲ နာလာတော့မှ ငုံ့၍ကြည့်လိုက်ရာ အားလုံးကလည်း အဖေ့ဆီသို့ အာရုံစိုက်နေခိုက်ဖြစ်သဖြင့် အဖေ့လက်မှ သွေးများ တစိမ့်စိမ့်ယိုစီးလျက် ထိုသွေးများကို တာတီးက မြိန်ရေ ရှက်ရေ လျက်နေသည်ကို မြင်လျှင် အဖေနှင့်တစ်ကွ အားလုံးပင်`ဟာ’ ကနဲ ပြိုင်တူ ရပ်လိုက်ကြ၏။ အဖေသည် ဘယ်တုန်းကမှ မဖြစ်ပေါ်ဘူးသော ထိတ်လန့် ကြောက်ရွံ့ခြင်းဖြင့် ရဲဝန်ထောက်ကို ကြည့်လိုက်သည်။
ရဲဝန်ထောက်က မျက်မှောင်ကြုတ်၍ တာတီးကို စိုက်ကြည့်နေ၏။ ထို့နောက် အလုပ်ခွင်ဝယ်ဝတ္တရားကို ဆောင်ရွက်ဆဲ လေသံဖြင့် အဖေ့အား…
“ဝမ်းနည်းပါတယ် လူကြီးမင်းခင်ဗျား၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဆိုသလို ခုလိုလာပြီးဖြစ်ရတာ ကျွန်တော်စိတ်မကောင်းပါဘူး။ သို့သော် ဘုရင်မင်းမြတ်ရဲ့အခကို စားနေတဲ့ ကျွန်တော်ဟာ ကိုယ်တာဝန်ဝတ္တရားကို ကျေပွန်ပါမှ သစ္စာတော်ကို စောင့်သိရိုသေရာ ရောက်ပါလိမ့်မယ်။ ဒီတော့ ကျွန်တော်ပြန်သွားပြီး မကြာမီပင် ခင်ဗျားရဲ့ ကျားငယ်ကို အယူလွှတ်လိုက်ပါရစေ။ တကယ်ဆိုတော့ လူသွေး မြည်းဘူးတဲ့ ကျားဟာ နောက်နောင် လူသွေးကိုချည်း တောင့်တမြဲဖြစ်ကြောင်း ခင်ဗျားတို့လဲ သိမှာပေါ့။ ဥပဒေ အရဆိုရင် လူကိုက်ဘူးတဲ့ကျားကို တိရိစ္ဆာန်ရုံကတောင် လက်မခံပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ ကျားကလေးအတွက်တော့ ကျုပ်အစွမ်းကုန် ကြိုးစားပေးပါ့မယ်”
အဖေ့ဇက်မှာ ကျိုး၍ကျနေလေပြီ၊ ဘေးမှ အဖော်နှစ်ယောက်က ဝိုင်း၍ နှစ်သိမ့်ကြသည်။
“ဆရာရယ် တိရိစ္ဆာန်ရုံမှာဆိုရင်လည်း ဒီမှာနေရတာလိုပဲ ကောင်းပါ တယ်၊ စိတ်လဲချရပါတယ်၊ နောက်ပြီး ကိုယ်တွေ့ချင်တဲ့အခါ သွားတွေ့နိုင်သားပဲ”
အဖေက ငိုသံပါကြီးနှင့်…
“ခင်ဗျားတို့ မသိပါဘူးဗျာ ဟိုမျောက်ဖြူကောင်က ကျုပ်ကလေးကို ရန်ရှာနေချင်တာပါ။ ကျုပ်လက်ထဲက လွတ်ရင် သူ့တို့နှိပ်စက်ပစ်တာနဲ့ သေမှာဗျ။ တိရိစ္ဆာန်ရုံရောက်အောင် ခံမယ်မထင်ဘူး”
ဟု ဗမာလိုပြောသည်။ မျက်နှာဖြူမှာ ဗမာစကား နားမလည်ပါ။ ပြောရင်း အဖေသည် မျက်ရည်မကျသော်လည်း ရှိုက်၍လာသည်။ နောက်မှ သူ့ကိုယ်သူ အားတင်း၍ ရဲဝန်ထောက်အား…
“ခင်ဗျား ဘယ်လိုမှ မသက်ညှာနိုင်တော့ဘူးလားဗျာ”
“ဝမ်းနည်းပါတယ် မိတ်ဆွေ”
အဖေသည် အံကို ကြိတ်ထားရာမှ တက်တစ်ချက်ခေါက်လိုက်ပြီး အိမ်ဘက်သို့ လှမ်း၍ အမေ့ကိုခေါ်ကာ
“ဟေ့ မရီ၊ ငါ့ရိုင်ဖယ်နဲ့ အံဆွဲထဲက ကျည်ဆံနှစ်ခု ယူခဲ့စမ်း”
အဖေ့မိတ်ဆွေနှစ်ယောက်က အံ့ဩဟန်ဖြင့် ကပျာကယာ
“ ဟာ..... ဆရာ ဘာလုပ်မလို့လဲ ဆရာရယ်။ တိရိစ္ဆာန်ရုံသာပို့လိုက်ပါဗျာ၊ ဝန်ထောက်ကလည်း ကြိုးစားပေးပါ့မယ် ဆိုထားတာပဲ”
အဖေက သူ့မိတ်ဆွေနှစ်ယောက်ဘက်လှည့်၍
“ကြိုးစားပါ့မယ် ဆိုတာ အာမခံတာနဲ့ တခြားစီဘဲဗျာ၊ နောက်ပြီး သူ့လိုလူမျိုးတွေက စကားအလှ သုံးတာဗျ၊ ကျုပ် တစ်သက်လုံး အရိပ်တကြည့်ကြည့် လက်ဖျားနဲ့ မထိရက်ဘဲနဲ့ မွေးလာရတဲ့ ကျုပ်ကလေးကို ဘာကြောင့် သူ့ကိုနှိပ်စက်မယ့် လူတွေ လက်ထဲ အပ်ရမှာတုန်း
နောက်ပြီး သူနဲ့ကျုပ် ရှင်ကွဲ ကွဲရတာက သေကွဲ ကွဲရတာထက် ပိုဆိုးလိမ့်မယ်၊ ဒီတော့ သူ့အတွက် ကျုပ်စိတ်ဒုန်းဒုန်းချရအောင်.....”
ထိုအခိုက် ဘုမသိဘမသိနှင့် သေနတ်ယူလာသော အမေ့နောက်မှ အိမ်သားတွေကလည်း ကပ်ပါလာကြသည်။ အမေ ကမ်းပေးသော သေနတ်ကို လှမ်းယူလိုက်စဉ် အဖေ့ မျက်လုံးအိမ်ထဲ၌ မျက်ရည်များ ဝေလျှံလျက်ရှိသည်။ သူသည် ရှေ့လက်နှစ်ဖက်ကိုထုတ်၊ ခြေထောက်ကို နောက်သို့ဆန့်ပြီး ကိုယ်ကလေးကိုဖြန့်လျက် အညောင်းဆန့်နေသော တာတီးကိုတစ်ချက်မျှ စိုက်ကြည့်၍ တစ်လံကွာခန့် ပြေးထွက်သွားသည်။ ထို့နောက် အဝေးမှ လက်ဖျစ်တစ်ချက် တီးလျက် ကြေကွဲ တုန်ရီသောအသံနှင့်
“တီးတီးရေ..သားလေး မတ်တက်ရပ် ရှေ့တိုးခဲ့”
ဟုခေါ်လိုက်ရာ တာတီးသည် အညောင်းဆန့်နေရာမှ ကပျာကယာ နောက်ခြေပေါ်ရပ်လျက် ယိုင်တိယိုင်တိုင် တစ်လှမ်းချင်း လှမ်းသွားလေတော့သည်။
“ဒိုင်း”
ဟူသည့် သေနတ်သံက တောင်တစ်ကြောဝယ် မျောကာမျောကာ ပဲ့တင်ရိုက်ရင်း တဖြေးဖြေး ဝေး၍ ဝေး၍ သွားလေ၏။ ၎င်းပဲ့တင်သံနှင့် အတူ တာတီး၏ ဝိဥာဉ်နှင့် အဖေ၏ အသဲနှလုံးတို့မှာ ထွေးလုံးရစ်ပတ်၍ ပါသွားကောင်း ပါသွားမည်တည်း။
သော်တာဆွေ

Friday, December 3, 2010

အိန္ဒိယမှ ဗုဒ္ဓဝင်ပန်းချီ

မဟာသက္ကရာဇ် ၆၈ ခု (၆၂၈ ဘီစီ) ကဆုန်လပြည့် သောကြာနေ့
ဒေဝဒဟပြည်အနီး လုမ္ပိနီဥယျာဉ်တွင် ဘုရားအလောင်း သိဒ္ဓတ္ထကို မယ်တော် မာယာဒေဝီ ဖွားတော်မူစဉ်
(ဘုရားလောင်းသည် ဖွားလျှင်ဖွားခြင်းပင် မတ်တပ်ရပ်ကာ ခြေခုနှစ်လှမ်း လှမ်းတော်မူပြီး
"ငါသည် တစ်လောကလုံးထက် မြတ်၏"
ဟု ကြုံးဝါးတော်မူသည်။ ဘုရားအလောင်းတော်နှင့်အတူ ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္ဒအမတ်၊ ကဏ္ဍကမြင်းတော် နှင့် ရွှေအိုးကြီးလေးလုံး စသော ဖွားဘက်တော်ခုနှစ်ဦးပါ ဖွားတော်မူသည်။)


ဖွားမြင်ပြီး ငါးရက်မြောက် ပုဏ္ဏား ခုနှစ်ယောက်အနက်မှ အငယ်ဆုံး ကောဏ္ဍညပုဏ္ဏားမှ သိဒ္ဓတ္ထမင်းသားအား ဘုရားရှင် ဧကန်စင်စစ် ဖြစ်လိမ့်မည်ဟု အလောင်းတော်မင်းသားလေး၏ လက္ခဏာကို ဖတ်ရှုဟောတော်မူစဉ်

သိဒ္ဓတ္ထမင်းသား သက်တော် ၁၆နှစ်သို့ရောက်သောအခါ ယသော်ဓရာဒေဝီနှင့် ထိမ်းမြား၍ နွေ၊ မိုး၊ ဆောင်း သုံးဥတုရာသီတွင် ရာမ္မ၊ သုဘ၊ သုရာမ္မ ခေါ်သော နန်းသုံးဆောင်၌ မောင်းမမိဿံများနှင့် စံစားစဉ်

ဂေါတမနွယ်ဖွားဖြစ်သော သိဒ္ဓတ္ထဂေါတမမင်းသား သက်တော်၂၈တွင် သူအို၊ သူနာ၊ သူသေ နှင့် ရဟန်း စသော နမိတ်ကြီးလေးပါးတွေ့စဉ်



သိဒ္ဓတ္ထမင်းသား တောမထွက်မှီ ယသော်ဓရာ နှင့် သားတော် ရာဟုလာကို မြင်တွေ့ရှုမြင်စဉ်

ဖွားဘက်တော် ဆန္ဒအမတ် ခေါ်ကာ ကဏ္ဍက မြင်းတော်ကိုစီး၍ သိဒ္ဓတ္ထမင်းသား တောထွက်စဉ်

အနော်မာသောင်ကမ်းတွင် ဆံတော်ပယ်၍ ရဟန်းအဖြစ် ခံယူစဉ်

ဘုရားအလောင်းတော် ခြောက်နှစ်ကြာမျှ ကျင့်ကြံလာသော ဒုက္ကစရိယာကျင့်စဉ်ကို စွန့်လွှတ်၍ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ် လိုက်သဖြင့် ပဉ္စဝဂ္ဂီငါးဦးတို့က စွန့်ခွာတော်မူစဉ်

ကဆုန်လပြည့်တွင် ညောင်ပင်အောက်၌ သုဇာတာသူဌေးသမီးက သားဆုပန်သော နတ်မင်းအထင်ဖြင့်
ရွှေခွက်ဖြင့် ထည့်တားသော ဃနာနို့ဆွမ်းကို ကပ်လှုစဉ်

ဃနာနိုဆွမ်းကို အနည်းငယ်မျှ ဘုဉ်းပေးပြီးသော် နေရဉ္ဇရာမြစ်ကမ်းမှ " ငါ ဘုရား ယနေ့ဖြစ်မည်မှန်ပါက ရွှေခွက်သည် ရေညာသို ဆန်ပါစေသား" ဟု အဓိဌာန်ပြု မျှောလိုက်ရာ ရွှေခွက်သည် ရေညာသို့ဆန်၍ ကမ္ဘာနှင့်ချီကာ အိပ်ပျော်နေသော ကာလနဂါးအား သွားထိမိလိုက်စဉ်
(အချို့သော ဗုဒ္ဓစာပေများတွင် ဗြဟ္မာကြီးလေးပါး လာရောက်လှုတန်းသော မြသပိတ်လေးလုံး ဆင့်ထားသော သပိတ်ဟုဆိုထားသည်။)

ကဆုန်လပြည့်နေ့ညနေတွင် ဗောဓိညောင်ပင်တွင် ဘုရားဖြစ်ရန်ကျင့်နေစဉ် မာရ်နတ်က စစ်သည်ဗိုလ်ပါအလုံးအရင်းဖြင့် လာရောက်နှောင့်ယှက်စဉ်

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြည့်ကျင့်လာသော ပါရမီတော်တို့အား မဟာပထဝီမြေကြီး သက်သေထား၍ မာရ်နတ်အားအောင်နိုင်ပြီး အာနာပါနကမ္မဌာန်း ဆက်လက်ရှုမှတ်အားထုတ်ရာ ညဥ့်ဦးယံလွန်သော် ဘဝပေါင်းများစွာ သိနိုင်သော ပုဗ္ဗေနိဝါသဥာဏ် ရတော်မူပြီး သန်းခေါင်ယံ၌ သုံးဆယ်တစ်ဘုံတွင် ဖြစ်ပျက်နေကြသော နတ်လူဗြဟ္မာ သတ္တဝါအပေါင်းတို့အား မြင်တော်မူသော ဒိဗ္ဗစက္ခုဥာဏ် ရတော်မူစဉ်

မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံတွင် ကိလေသာအပေါင်းအား ပယ်သတ်တော်မူသော အာသာဝက္ခယဥာဏ် ရပြီး အာရုဏ်တက်သည်နှင့် သုံးလောကထွဠ်ထား သဗ္ဗေညုတဘုရား အဖြစ်သို့ ရောက်တော်မူစဉ်

ဗုဒ္ဓဘုရားရှင်က ဘုရားဖြစ်မြောက်ပြီး သတ္တဌာန ခုနှစ်နေရာ လှည့်လည်တရားအားထုတ်နေချိန် ဗောဓိပင် အရှေ့မျက်နှာ ၃၂ လံအကွာရှိသော အဇပါလ ဆိတ်ကျောင်းညောင်ပင်ရင်း၌ မာရ်နတ်၏ သမီးတော်သုံးပါးအား တရားပြ ချွတ်တော်မူစဉ်

မုစလိန္ဒအိုင်အနီး ကျဉ်းပင်ခြေရင်း၌ မုစလိန္ဒနဂါးမင်း အစောင့်အရှောင့်ဖြင့်
မုစလိန္ဒသတ္တာဟ ခုနှစ်ရက်စံစားတော်မူစဉ်

ဝါဆိုလပြည့် နေဝင်စအချိန်တွင် ဗုဒ္ဓသည် ပဉ္စဝဂ္ဂီငါးဦးကို ဓမ္မစကြာတရား ဟောကြားတော်မူစဉ်
(တစ်ဆယ့်ရှစ်ကုဋေသော ဗြဟ္မာတို့နှင့်အတူ အရှင်ကောဏ္ဍည သောတာပန်တည်သည်။)

ဘုရားရှင်သည် တပည့်သားသံဃာတော်များ များပြားလာပြီး ရဟန်းကျင့်ကြံနည်းတို့ကို သိရှိစေရန် အလို့ဌာ ပထမအကြိမ် သံဃာ့အစည်းအဝေးကျင်းပပြီး ထိုအစည်းအဝေးတွင် ဘုရားက
"ချစ်သားရဟန်းတို့ ရဟန်းမှန်က သူတစ်ပါးကို မညှဉ်းဆဲရ။ မကောင်းမှု မပြုအပ်ရ။ ကုသိုလ်ကောင်းမှုကိုသာ ပြုအပ်သည်။ မိမိစိတ်ကို စင်ကြယ်စွာ ထားအပ်သည်"
ဟု ဟောတော်မူစဉ်

တပေါင်းလပြည့်နေတွင် ဘုရားရှင်သည် ကပိလဝတ်ပြည်သို့ ကြွလာစဉ် သုဒ္ဓေါဒနမင်းကြီးနှင့် သာကီဝင်မင်းမျိုးတို့သည် မာန်မာနကြီး၍ ဗုဒ္ဓထက် ငယ်ရွယ်သောသူများသာ ရှိခိုးဦးကြိုကြပြီး ကြီးရင့်သောသူများက ရှိမခိုးပဲရှိနေကြသောကြောင့် ဘုရားရှင်မှ ပေါက္ခရဝဿမိုးရွာ၍ တန်ခိုးပြတော်မူစဉ်
(ပေါက္ခရဝဿမိုးဆိုသည်မှာ စိုစွတ်စေလိုသူသာ စိုစွတ်၍ မစိုစွတ်လိုသူကို မစိုစွတ်စေသောမိုး ဖြစ်သည်။)

ဘုရားရှင်သည် တုသိတာနတ်ပြည်တွင် သန္တုဿိတနတ်သား ဖြစ်တော်မူနေသော မယ်တော်မာယာအား မွေးကျေးဇူးဆပ်သောအားဖြင့် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီး ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟော်ကြားတော်မူသည်။ ဝါကျွတ်သောအခါ ဘုရားရှင် လူ့ပြည်သို့ ပြန်ကြွတော်မူသော် သိကြားမင်းက နတ်ပြည်မှ လူ့ပြည်အထိ လက်ယာ ရွှေစောင်းတန်း၊ လက်ဝဲ ငွေစောင်းတန်း၊ အလယ် ပတ္တမြားစောင်းတန်း လှေကားသုံးသွယ်ဖန်ဆင်း၍ နတ်ဗြဟ္မာတို့က ရွှေထီးတံခွန်၊ ငွေထီးတံခွန်၊ သန္တာထီးတံခွန်များဖြင့် ကိုင်ဆောင်လိုက်ပါလာကြစဉ်

သက်တော် ၈၀၊ ဝါတော် ၄၅ ဝါအရောက်တွင် သုံးဆယ်တစ်ဘုံရှိ သတ္တဝါအပေါင်းတို့အား နိဗ္ဗာန်ရောက်ရန် အကျင့်တော်မြတ်တို့ကို နေ့ညမပြတ် ညွှန်းပြသွန်သင် ဆုံးမတော်မူခဲ့သော သုံးလူထွဠ်ထား မြတ်စွာသော ဗုဒ္ဓဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခု ( ဘီစီ ၅၃၄) ကဆုန်လပြည့် အင်္ဂါနေ့ ညဥ့်အရုဏ်တက်ခါနီး မိုးသောက်ယံတွင် ပရိနိဗ္ဗာန်ပြုတော်မူစဉ်

ဇာတိပုည၊ ဂုဏ်မာနဖြင့်
သံပဟုံးစုံး၊ ဖက်မဲ့ကြုံးသား
အားသုံးထောင်ထား၊ မျိုးလေးပါး၏
တက်ပွားစောင်မာန်၊ လွှားတံခွန်ကို
ပြင်းဝှန်းမုန်တိုင်း၊ ခတ်ချိုးလှိုင်သို့
ဖြတ်ပိုင်းလှဲချ၊ တတ်စွမ်းလှသား
မိဘနွယ်ပေါင်း၊ သိန်းခြောက်သောင်းလျှင်
မင်းကောင်းစဉ်ရိုး၊ ကျော်လွှံ့ဟိုးလျက်
မြေမိုးရပ်သူ၊ လူခပ်သိမ်းတို့
ညွတ်တိမ်းပူဇော်၊ ကျေးဇူးတော်လည်း
နှိုင်းဖော်တုကျွန်း၊ မြင်းမိုရ်ထွန်းသို့
ရဟန်းများထွတ်၊ သုံးလူ့နတ်ကား.........။

ရှင်မဟာရဋ္ဌသာရ၏ 'ကိုးခန်းပျို့'

ဆက်လက်ကြိုးစားပါဦးမည်။


Saturday, November 27, 2010

ဖိုးသူတော် ဦးမင်း နှင့် လူဦးမင်း

ငယ်စဉ်ကျောင်းနေအရွယ်တုန်းက သင်ခဲ့ရဖူးသည့် ကွမ်းအကြောင်းရေးစပ်ထားတဲ့ ကဗျာလေးနှစ်ပုဒ် အကြောင်းကို “ငယ်ဘဝမှာမှတ်မိသောကဗျာများ”ဆိုတဲ့ တက်ပိုဒ်လေးမှာ ထည့်ရေးခဲ့ဖူးပါတယ်။ ဒီကွမ်းယာ၊ ကွမ်းသွေးအကြောင်း အပြိုင်ရေးဖွဲ့ခဲ့ကြတဲ့ လူဦးမင်းနှင့် ဖိုးသူတော်ဦးမင်းတို့ကို လူတိုင်းနီးပါးလောက်က သူတို့အကြောင်းနှင့် သူတို့နှစ်ဦး အပြိုင်ရေးစပ်သီကုန်းခဲ့ကြသော အခြားသောကဗျာတွေကို သေချာမသိကြပေမယ့် လူဦးမင်းရယ်၊ ဖိုးသူတော်ဦးမင်းရယ် လို့သာဆိုလိုက်ရင်ဖြင့် အကုန်နီးပါးသိကြဖူးမှာပါ။ (ကျွန်တော်လဲ အတူတူပါပဲ။) သူတို့နှစ်ဦးဟာ မြန်မာတို့ရဲနောက်ဆုံးနန်းဆက် ကုန်းဘောင်မင်းဆက်မှာ အတော်လေးကို အမည်ကျော်ကြား ဂုဏ်သတင်းထွားခဲ့ကြတဲ့ မြန်မာ့စာဆိုတော်ကြီးတွေထဲမှာ ပါဝင်တဲ့ မြန်မာကဗျာစာဆိုနှစ်ဦးပါပဲ။
ဖိုးသူတော်ဦးမင်း
ခတ်ရင်းစွယ်စုံ စိန်တောင်ကြီးနှင့်-ချီ တောင်သူကြီးရုပ်ဖွဲ့ ဒုံးချင်းရေးသူ ဖိုးသူတော်ဦးမင်း၏ မွေးဌာနီမှာ မိတ္ထီလာကန်အောက် ပင်းတလဲမြို့အနီး ရေဝေရွာ ဖွားရာဇာတိဖြစ်သည်။ ငယ်အမည်မှာ “မောင်မင်း” ဖြစ်သည်။ နောက်ဖိုးသူတော်အဖြစ်နေရာ ငယ်နာမည်မပျောက်ပဲ ဖိုးသူတော်ဦးမင်းဟု အမည်ထင်ရှားလေသည်။ အမရပူရမြို့ ပုဂံမင်း၊ မင်းတုန်းမင်းတိုရဲ့ ဘကြီးတော် ရတနာပူရ စတုတ္ထမင်းတရားကြီး (စစ်ကိုင်းမင်း) လက်ထက်တွင် စာတိုတော်အဖြစ်ဖြင့် ဝင်ထွက်ခစားရသည်။ စာဆိုတော် လူဦးမင်းနှင့် အချီအချဆိုရ ရေးရသည်။ကုန်းဘောင် ရွှေဘိုမင်းတရားကြီး လက်ထက်အထိ ဖိုးသူတော်ဦးမင်းသည် တေးထပ်၊ ခွန်းထောက်၊ သဖြန်၊ လေးချိုးကြီး၊ ရတု၊ ဒုံးချင်းများကို ရေးသားဖွဲ့ဆို သီကုန်းလေ့ရှိသည်။
ရေဝေရွာကို နှုတ်လွှတ် “ရဝေ”ဟု အခေါ်များကြသည်။ ရှေးက ယင်းအရပ်၌ မိုးရွာသွန်းသည့်အခါ တောရေတောင်ရေများ ပြည့်လျှံတက်လာရာ အရှေ့ဘက် မိတ္ထီလာကန်အရောက် စီးဆင်းသွားသည်။ထိုအရပ်မှနေ အရှေ့အနောက်သို့ ရေများခွဲဝေ စီးဆင်းသွားကြသဖြင့် “ရေဝေအရပ်”ဟုခေါ်ကြောင်း မှတ်သားရပေသည်။
သက္ကရာဇ် ၁၁၉၉-ခုနှစ်တွင် ကုန်းဘောင်ရွှေဘို မင်းတရားကြီး နန်းတတ်၍ ဥကင်သမင်္ဂလာ အခမ်းအနားဖွင့်သောအခါ အမတ်ကြီး ဦးပေါ်ဦး၊ စာဆိုတော်ဦးမင်း၊ ဝက်မစွတ်မြို့စား ဒုတိယ န၀ဒေးတို့နှင့်အတူ ဘုန်းတော်ဖွဲ့ ရတုများကို အပြိုင် ရေးသားဆက်သွင်းရသူဖြစ်သည်။
လူဦးမင်း
သက္ကရာဇ် ၁၁၆၂ ခုနှစ် တပေါင်းလဆန်း ၅ ရက် အင်္ဂါနေ့ဖွားမြင်သည်။ဇာတိမှာ ရွှေဘိုမြို့ မြောက်လက်အရပ်၊ ရှေးအခေါ် ငါးရာနဲ၊ ယခုအခေါ် ငရနဲဇာတိဖြစ်သည်။ငယ်မည်မှာ မောင်စံရွှင် ဖြစ်ပြီး မယားမှာ ငရနဲမြို့သူ မခက်ဖြစ်သည်။
အမရပူရ ဒုတိယမြို့တည် ကုန်ဘောင်မင်းတရားလက်ထက် နေမျိုးသီရိကျော်ထင် ဟူသောဘွဲ့အမည်ဖြင့် ကွမ်းဖိုးစား၊ ကွမ်းဖိုးထိန်းအဖြစ် တာဝန်ထမ်းဆောင်ရသည်။
ပုဂံမင်းတရားလက်ထက် ယောက်ဖမင်းသား မောင်ကျောက်လုံးက ကွမ်းဖိုးထိန်း နေမျိုးသီရိကျော်ထင်ကို သနားတော်မူပါမည့်အကြောင်း သံတော်ဦးတင်ရာ ခွင့်သနားတော်မူသောကြောင့် မင်းသားမောင်ကျောက်လုံးနှင့် အတူနေရသည်။နောင် တောင်ငူ၊ ရွှေကျင်သို့ စစ်ချီရာ လိုက်ပါရ၍ ရွှေကျင်မြို့၌ ခေတ္တနေရသည်။
နောက် မင်းတုန်းမင်းတရားကြီးလက်ထက်တော်၌ အိမ်ရှေမင်းတပ်မင်းတော်တွင် ခစားရသည်အခါ နေမျိုးသင်္ခယာဘွဲ့အမည်ဖြင့် နာခံတော်ရာထူးကို သနားတော်မူ၍ ရိက္ခာတော်လစားများဖြင့် ချီးမြှောက်ခံရသည်။
စာဆိုတော် ဖိုးသူတော်ဦးမင်းဆက်သွင်းသမျှ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ခွန်းထောက်၊ သဖြန်၊ ဘုန်းတော်ဘွဲ့၊ လေးချိုးကြီး၊ ဒုံးချင်း၊ ၁၂ရာသီဖွဲ့သော သီချင်း၊ ကဗျာများကို ဖတ်လျှောက်ရသည်။
မိမိကိုယ်တိုင်လည်း လေးချိုးကြီး၊ တေးထပ်၊ ခွန်းထောက်၊ သဖြန်၊ ၁၂ရာသီဖွဲ့၊ ဒွေးချိုး၊ လေးချိုး၊ သီချင်းများကို ရေးသားလေ့ရှိသည်။၁၂၃၃ ခုနှစ် အသက် ၇၁နှစ်မှာ အဖျားရောဂါနှင့် အနိစ္စရောက်ရသည်။
လူဦးမင်းအနိစ္စရောက်သည့်အခါ ဝတ်လျှက်ရှိသော အင်္ကျီအိတ်ထဲမှ ထန်းရွက်စာလွှာလေးတစ်ခု တွေ့ရသည်မှာ-
“အဇ္ဇတဂ္ဂေ၊ နေ့ရေလို့ လွမ်း။
နှမမောင့်ကိုချစ်တာဖြင့် နည်းရစ်တော့ဝမ်း။”
ထိုစာလွှာလေးကို ကျန်ရစ်သူဆွေးမျိုးတို့က လူဦးမင်းဇနီးကိုပေး၍ လူဦးမင်း၏ နောက်ဆုံးအချိုး သဖြန်းလေးကို သူဇနီးသည်က ကောင်းစွာသိမ်းဆည်းထားလေတော့၏။
လူဦးမင်း၏အကြောင်းကို စစ်ကိုင်းမြို့ ညောင်ပင်သာဆရာကြီး သူတော်ဦးပုည မိန့်ချက်မှာ ရတနာပူရ စတုတ္ထမြို့တည် ဘကြီးတော်မင်းတရားကြီးလက်ထက်တော်တွင် မုံရွေးဆရာတော်မေတ္တာစာကို သက္ကရာဇ် ၁၁၈၉ ခုနှစ် နယုန်လဆန်း ၃ ရက် တနင်္လာနေ့တွင် ရေးစီ၍ပြီးသည်။ နောက်တနေ့ နယုန်လဆန်း ၄ ရက်တွင် ဘကြီးတော်မင်းဆီသို့ ဆက်သွင်းရာ ဖောင်တော်ဦး စနုဆောင်တွင် စံတော်မူနေစဉ် ညီလာခံမူးမတ်အပေါင်းတို့ရှေ့တွင် ရွှေတိုက်အတွင်းဝန်မင်းကြီး မဟာသက်တော်ရှည် ဆက်သသည်။ သံတော်ဆင့် မင်းကျော်သီရိ ၊ ငယ်မည် မောင်ရွှင်ဟု ဖတ်လျှောက်ရသည်ဟု မိန့်သည်။ ထိုမောင်ရွှင်ဆိုသူမှာ မောင်စံရွှင် ခေါ် လူဦးမင်းဖြစ်ပေသည်။
ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းတို့ ကျော်စောသောအခါသည်ကား ဘကြီးတော်မင်းတရား နန်းမတော်မယ်နုတို့ လက်ထက်က စလာပေသည်။
ထိုလက်ထက်တော်က ဖိုးသူတော်ဦးမင်းနှင့်အတူ စာဆိုတော်အမှုကို ထမ်းရွက်ရသောကြောင့် လူမောင်မင်း ဟုခေါ်တွင်စေရန် အမိန့်တော်မှတ်တော်မူသဖြင့် လူမောင်မင်း ဟု ထင်ရှားခြင်းဖြစ်သည်။
ရတနာပူရအင်းဝမြို့ နန်းမတော်မယ်နု တောင်လေသာ၌ ညအခါလသာတွင် စံတော်မူနေစဉ် ဦးမင်းနှစ်ပါးအား “မောင်မင်းတို့ စာဆိုရမည်။ သူတော်ဦးမင်း စာခံတာကို လူဥိးမင်းက စာ အုပ်ရမည်”ဟု မိန်တော်မူသဖြင့်-
သူတော်ဦးမင်းက - ကုဏ္ဍလာ ဒုမ္မာကပေါ။
လူဦးမင်းက - ဂုမ္ဘောဂုမ္ဘီနှင့် တပသီဇာဓိုရ်ဝိတ်ကယ်တို့ ဆေးကြိတ်တဲ့တော။
နောက်တနေ့ နန်းမတော်ကြီးက ပဲဖြူပြုတ်ကလေး ပွဲတော်တည်နေရင်း
“ဆရာကြီးတို့ ပဲဖြူကလေးသည် ငါတို့နိုင်ငံကသာထွက်လို့သာ။ တစ်ပါးနိုင်ငံကထွက်ရင် ပဲတစ်ပြည် ရွှေတစ်ကြက်ဥတန်တယ်။ အလွန်မှ စားလို့အရသာရှိပေတယ်။ လူမောင်မင်းက စာခံ၊ သူတော်ဦးမင်းက စာအုပ် စာဆိုရမည်။ ”
လူဦးမင်း- ပဲကလေးက စိမ့်လိုက်တာ၊ ပြောစရာ ရဘူး။
သူတော်ဦးမင်း- ညအခါ လသာကို တော်သုံးတယ်၊ လေပုန်းကမြူး။
နန်းမတော်ကြီးလဲ ရယ်တော်မူ၍ ဆုတော်များပေးတော်မူသည်။
ထားဝယ်မြို့ဝန်က မယ်ကယ်နှစ်ကို လှပစွာပြုလုပ်၍ နားပန်တော် ဆက်သရာ ထိုနားပန်းတော်ကို စာဆိုတော် လေးဦး စာဆိုတော်မူပြီးမှ ပန်တော်မူမည် ဟု မိဖုရားကြီးမိန့်တော်မူချက်အရ ပထမအပိုဒ်ကို လူဦးမင်း၊ ဒုတိယအပိုဒ်ကို ဖိုးသူတော်ဦးမင်း၊ တတိယအပိုဒ်ကို ရကန်ဆရာကြီး ဦးတိုး၊စတုတ္ထအပိုဒ်ကို ရကန်ဖျက်ဆရာ ဦးလန်း စာဆိုတော် လေးဦးက အလှည့်ကျ နှုတ်ဖြင့်လျှောက်တင်ကြသည်မှာ -
လူဦးမင်း။ ။ ဆင်တော်ရန် ပန်နားကပ်၊ ကျောက်မြတ်ကတဲ့ မခြယ်၊
ဖိုးသူတော်ဦးမင်း ။ ။ သင်္ဘောပါ မယ်ကယ်နှစ်မှာ၊ နတ်ယစ်သည့်နှယ်၊
ရကန်ဦးတိုး။ ။ သီလကုတ် ကြောင်ကြိုးသွယ်၊ စံပယ်တင်ခြယ်သန်း၊
ရကန်ဖျက်ဦးလန်း။ ။ ရွှေဥဘာ ရောင်ခြည်ဝှေ့တယ်၊ နန်းမေ့ဆင်ပန်း။
ရုတ်ခြည်းပေါ်၍ ဆီလျော်အောင် မဆိုင်းမတွ လျှောက်ဆိုကြလျှင် မိဖုရားခေါင်ကြီး အလွန်ဝမ်းမြောက်တော် မူပါသဖြင့် နားပန်းတော် ဆင်မြန်းတော်မူပြီးလျှင် စာဆိုတော် လေးယောက်တို့ကို ဝတ်စုံတစ်စုံစီနှင့် တစ်ပိဿာရှိ ဒိုင်ခွက်တစ်ခွက်စီ ချီးမြှောက်တော်မူလေသည်။
ဆက်ရန်
......
ဆက်လက်ကြိုးစားပါဦးမည်။

Friday, November 19, 2010

စနေချစ်သူ


စနေချစ်သူ - သုမောင်

စနေနေ့
မန္တလေးဆောင်
အခန်း - M ၁၀၄

“နာမည်ကလေး သိပါရစေ”
“......................”
“အဖြူသက်သက် ထင်ပါရဲ့”
“အဖြူရောင်ဆိုတာ ဘာရောင်တင်တင် အရာထင်တယ်၊ ခေါ်ချင်သလို ခေါ်ရမလား”
“မနှောင့်ယှက်ပါနဲ့....”
“နာမည်မေးတာ နှောင့်ယှက်တာတဲ့လား”
“ဆရာနဲ့ တိုင်လိုက်မယ်....”
“ပဲ့ပါသွားတာကျနေတာပဲ...”
“နာမည်သိတော့ ဘာလုပ်မှာတုံး...”
“သိချင်လို့ပေါ့”
“သိပြီးတော့ကော ဘာလုပ်မှာတုံး...”
“ခေါ်ချင်လို့ပေါ့”
“ခေါ်ပြီးတော့ ဘာလုပ်မှာတုံး...”
“ `ဒီကကို´စကားပြောချင်လို့ပေါ့”
“ဒီကလို့ မပြောပါနဲ့ နာမည်ရှိတယ်...”
“ဘယ်သူကလေးတဲ့တုံးကွယ်”
“သိဘူး...”
“ဟယ်.... ဆန်းတယ်နော်၊ နာမည်က သိဘူးတဲ့၊
ဒီတစ်ခါပဲ ကြားဖူးသေးတယ်”

တနင်္ဂနွေနေ့
လှည်းတန်းဈေး

“ဟေ့- သိဘူး”
“အို- ဘယ်လိုလဲ”
“ `သိဘူး...´ဆိုလို့၊ `သိဘူး´ခေါ်တာပဲ”
“ဘယ်သူက ပြောလို့လဲ”
“မနေ့က နာမည်မေးတော့`သိဘူး´ဆို”
“ကြောင်လိုက်တာ”
“ဒါဖြင့်... မဟုတ်ဘူးပေါ့”
“ဘယ်လိုလဲ ဒါဈေးလယ်ကောင်ရှင့်...”
“သူများတွေလည်း ဒီလိုပါပဲ”
“တခြားစီပဲ”
“အတူတူပါပဲ...”
“သွားစမ်းပါ”
“ဘယ်ကိုလဲ”
“ငရဲပြည်...”
“အတူလိုက်မှာလား ”
“၀ိုင်းကြည့်နေကြတယ်”
“သူတို့ကတော့ ထင်ကြမှာပဲ”
“ရှက်စရာကောင်းတယ်။ ပြန်တော့မယ်”
“ဘယ်ကိုလဲ”
“အဆောင်ကိုပေါ့”
“လိုက်ပို့မယ်လေ”
“လိုပါဘူး”
“အဲဒါဖြင့် အဲ့ဟိုစာအုပ်ကြားထဲ ညှပ်ထားတဲ့ ဒေါနခက်ကလေး
အမှတ်တရပေးခဲ့ပါလား”
“ဟီဟိ...”
“ဘာရယ်တာလဲ”
“ယူချင် ယူထားလေ၊ အဲ့ဒါ ဒေါနခက် ဟုတ်ဘူး...၊ တို့စားဖို့ ၀ယ်လာတာ၊ နံနံပင် တွေရှင့်...”
“မထူးပါဘူး။ အဲဒီနံနံပင်တွေပဲ ပေးခဲ့ပါတော့”

တနင်္လာနေ့
မန္တလေးဆောင်
အခန်း - M ၁၀၄

“မအေးမယ်”
“ဟဲ့-ပလုတ်တုတ်”
“လန့်သွားသလား”
“တို့နာမည် သူဘယ်လိုလုပ်သိလဲ”
“ဒီလိုဒီလိုပေါ့”
“မကျေနပ်ပါဘူး”
“ဘာလို့လဲ”
“မသိစေချင်ဘဲ ဘာလို့သိရတာလဲ...”
“မြားနတ်မောင်က ပြောပြလို့”
“အော့... အော်...”
မြားနတ်မောင်ရှိတာ သူလည်းသိသားပဲ၊ လတ်စသတ်တော့”
“အကျအနကောက်လိုက်တာ...၊ ကဲပါ ပြော... တို့နာမည်ဘယ်လိုလုပ်သိလဲ...”
“မနေ့က ဒေါနခက်ညှပ်ထားတဲ့”
“နံနံပင်တွေပါ ဟီဟိ”
“ဟုတ်တယ် ဟုတ်တယ်၊ အဲ့ဒီနံနံပင်တွေ ညှပ်ထားတဲ့ စာအုပ်မှာ ရေးထားတာ တွေ့လို့ပေါ့”
“မျက်စိကလည်း ကျီးကန်းလိုပဲ”
“ဟုတ်တယ် ဟုတ်တယ်၊ ကိုယ်က... အရုပ်ဆိုးတယ်နော်”
“မဆိုးပါဘူး။ ခပ်လှမ်းလှမ်းက ကြည့်ရင် ဇော်ဝမ်းလိုလို ဘာလိုလိုနဲ့”
“ဟုတ်လား၊ ကိုယ်က ဇော်ဝမ်းလိုပဲ အသံကောင်းလား”
“ဒါပေမဲ့ အဝေးက နားထောင်ရင် ပိုကောင်းတယ်”
“နောက်ကို သီချင်းမဆိုတော့ဘူး”
“ဘာလို့လဲ”
“အဝေးကြီးမှ မသွားချင်ဘဲ”
“အလဲ့”

အင်္ဂါနေ့
တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်

“မအေးမယ်က စာဖတ်ဝါသနာပါသလား”
“..............”
“စိတ်ဝင်စားနေလိုက်တာ ဘာစာအုပ်လဲ”
“စံရွှေမြင့်ပါ”
“အပြင်က ငှားလာတာထင်တယ်”
“အကြောင်းမရှိ အကြောင်းရှာပြီး လိုက်လာတာ မသိဘူး မှတ်သလား”
“အကြောင်းရှိတာပေါ့”
“ဘာလဲ”
“သိသားနဲ့”
“သိပါဘူး”
“မအေးမယ်ဟာ.... လူတော်ပဲ၊ အပွေးမြင် ဒီအပင် ဘာအသုံးကျတယ်ဆိုတာ သိရမှာပေါ့”
“သူ့ကို မေးစရာတစ်ခုရှိတယ်...”
“အဲဒါသိလို့ လိုက်လာတာပေါ့”
“ဖောက်ပြီ အကောင်းပြောမလို့ဟာ”
“ဘာကိုလဲ”
“သူ့နာမည်လည်း သိထားချင်လို့ပါ...”
“နက်ဖြန်မှ ပြောမယ်”
“ဘာဖြစ်လို့...”
“ရှက်လို့”
“သူကများ...”
နာမည်သိချင်ရင် နက်ဖြန် ယုဒသာန် လမ်းထိပ်က အုတ်ခုံလေးမှာစောင့်”
“ဟေ့ တို့လည်း အဖြေမပေးဘဲ အနိုင်နဲ့ မပိုင်းနဲ့။ ဟေ့... အို...သိပ်ဆိုးတဲ့ ကောင်လေး ...”

ဗုဒ္ဓဟူးနေ့
မန္တလေးဆောင်
အခန်း- M ၁၀၂

“ဒီမယ် မင်း မအေးမယ်ရဲ့ သူငယ်ချင်း မဟုတ်လား”
“ဘာကိစ္စရှိလို့လဲ”
“မအေးမယ် ကျောင်းမတက်ဘူးလား”
“တက်သားပဲ”
“မတွေ့လို့ပါ”
“ကျွန်မနဲ့ အမြဲတမ်းတွဲလျက်ပဲ”
“ကျွန်တော်နဲ့ ချိန်းထားတာက တစ်နေရာပဲ”
“ချိန်းထားတဲ့နေရာမှ ကျွန်မ မသိဘဲ”
“ခင်ဗျားကို ချိန်းတာမှ မဟုတ်တာ”
“ရှင်နဲ့ သူနဲ့သိလို့လား”
“မသိဘဲ ချိန်းပါ့မလား”
“သူ ရှင်နဲ့ မတွေ့ချင်လို့ နေမှာပေါ့....”
“မဖြစ်နိုင်တာပဲ”
“ကိစ္စရှိလား.....”
“ကျွန်တော့်နာမည်ကို သူသိချင်တယ် ဆိုလို့ပါ၊ ခု....သူဘယ်သွားလဲ”
“အဆောင်ပြန်သွားပြီ။ ယူ့နာမည် ပြောခဲ့လေ.....”
“မောင် လို့ ပြောပေးပါ”
“ဘာရယ်”
“သြော် “မောင်” လို့ပါ”

ကြာသပတေးနေ့
ဘွဲ့နှင်းသဘင်ရှေ့

“ဟေ့ ဟေ့....”
“ကိုယ့်ကို ခေါ်တာလား”
“သူ့ကိုပေါ့...”
“ဆန်းတယ်နော်”
“ဘာကိုလဲ”
“ချိန်းမထားလည်းပဲ တွေ့တတ်လို့ပါ”
“မခနဲ့ပါနဲ့ .... မနေ့က တို့နေမကောင်းလို့ မလာတာပါ....”
“ကိုယ်နဲ့တွေ့ရင် ပိုနေမကောင်းမှာ စိုးလို့လား”
“အင်း... ဟုတ်တယ်”
ကိုယ်ကတော့ မအေးမယ်ကို မတွေ့လို့ ရင်ပူလိုက်တာ”
“လွန်တယ်ကွာ- တကယ်ပဲ”
“ခုကော တွေ့ချင်စိတ်ရှိရဲ့လား”
“သူကကော”
“မအေးမယ်က ... အတွေ့မခံမှာ စိုးနေတာ”
“မနေ့က သူ့ကိုသတိရနေပါတယ်”
“ဘာဖြစ်လို့”
“ချိန်းထားတဲ့နေရာမှာ သူစောင့်နေမှာကို သနားလို့ပေါ့”
“သူ သူလို့ မခေါ်ပါနဲ့၊ နာမည် ပြောခဲ့သားပဲ”
“သူပေးတဲ့နာမည်လား”
“အင်းပေါ့”
“ခု ဘယ်ခေါ်လို့ ဖြစ်ပါမလဲ”
“မနက်ဖြန်မှ ခေါ်မယ်လေ”
“ဒီတစ်ခါ `မအေးမယ်´က စချိန်းတာနော်”
“ဘာလဲ၊ သူက ကလဲ့စား ချေမလို့လား ရှောင်နေမှာလား...”
“မအေးမယ်နဲ့ဆို ဘယ်ကို သွားရသွားရပါ”
“နက်ဖြန်လာခေါ်လေ”
“ဘယ်ကိုလဲ”
“တို့အဆောင်ကိုပေါ့”
“ပြီးတော့ ဘယ်သွားကြမလဲ”
“ဗိုလ်ချုပ်ဈေးကိုပေါ့လို့”

သောကြာနေ့
ဗိုလ်ချုပ်ဈေး

“ရေခဲရေ သောက်ချင်သေးတယ်...”
“ဟင်... ကျောက်ကျောဆိုင်မှာလည်း သောက်ခဲ့သေးတယ် မဟုတ်လား..”
“သူ့ကိုတောင် လက်တို့ရသေး၊ ရေတွေက မသန့်လို့...”
“ဟုတ်လား”
“ဒီမှာက အ၀သောက် ငါးပြား၊ ရောင်းတဲ့ ကောင်ကလေးကလည်း သနားစရာ..”
“ဘဝဆိုတာ ဒီလိုပေါ့၊ ဟိုဥစ္စာ အင်း”
“လွန်တယ်ကွာ.. တကယ်ပဲ..”
“ဘယ်သွားချင်သေးလဲ”
“ပေါင်ချိန်ကြည့်ချင်သေးတယ်..”
“ရော့ ဆယ်ပြားစေ့ အလေးစေ့”
“ဟော့တော့...”
“ဘာဖြစ်လို့လဲ”
“ကိုးဆယ်ငါးပေါင်တဲ့ နှစ်ပေါင်တောင်မှ တိုးလာတယ်...”
“ဗေဒင် ကတ်ပြားလည်း ရတယ် မဟုတ်လား၊ ဘာတဲ့လဲ”
“ဟီဟိ”
“ရှက်ရပြန်ပြီ၊ ကဲ တိုးတိုးလေးပြော”
“မျက်စိမှိတ်ထားမှ”
“ကဲပါဗျာ... မှိတ်ပါပြီ”
“အင်း... အဟမ်း ဘာတဲ့ မိမိအား တစ်ဖက်သတ် ပိုးပန်းနေသူအား မချစ်လိုက်ပါနှင့်တဲ့”
“အလကား ဗေဒင်ကို ကိုယ်မယုံဘူး”
“တို့တော့ ယုံပါတယ်..”
“ကဲ.. ဘယ်သွားချင်သေးလဲ”
“သိဘူးလေ ခုဘယ်နှနာရီလဲ..”
“သုံးနာရီခွဲတော့မယ်..”
“သူကော ဘယ်သွားချင်လဲ”
“သုံးနာရီခွဲဆိုတော့ ... ဟေ့... သုံးဘီး ဟေ့...”
“ကားဆရာ ဝိဇယရုံကို မြန်မြန်မောင်းပါ နော်...”
“ဝိဇယရုံမှာ (Show Down) ပြနေတာ သေချာတယ်နော်”

စနေနေ့
အင်းလျားကန်စောင်း

“ငိုပါနဲ့ မအေးမယ်ရယ်”
“.........................”
“မအေးမယ်ကို မောင်ချစ်ပါတယ်”
“တို့ ကြိုးစားပါတယ်ကွယ်.. ဒါပေမဲ့ ငိုချင်တယ်”
“မောင့်ကို မအေးမယ် ချစ်တယ်မဟုတ်လား”
“မောင်ဟာလေ”
“တိတ်ပါ အေးရယ်”
“အမြတ်တနိုးထားအပ်တဲ့ ဘဝတစ်ခု ဆုံးရပြီမောင်”
“မောင့်မှာ.... အပြစ်မကင်းပါဘူး....၊ မောင် တောင်းပန်ပါတယ်”
“တို့ကိုယ်တိုင်ကလည်း မစောင့်စည်းတာပါ”
“အေးလေးရယ်”
“အို.. မောင်ရယ် ...”

တနင်္ဂနွေနေ့
အင်းလျားကန်စောင်း

“မောင်ရေ”
“ဗျာရေ”
“နက်ဖြန်ကျရင်လေ”
“လက်မှတ်ဝယ်ထားပြီးပါပြီဗျာ”
“ဟယ် မောင်ရယ် လိမ္မာလိုက်တာကွယ်”
“ချစ်တော့ အလိုက်သိရတာပေါ့”
“လွန်ပြီဟေ့... အို..”
“ရှေးလူကြီးတွေ သိပ်တော်တာပဲ၊ ပင်လယ်ရေသောက်ရသလိုပဲ”
“ဟေး.. သနပ်ခါးတွေ ပျက်ကုန်ပြီကွာ ..”
“ပျက်လက်စနဲ့ မလှဘူး။ အကုန်ဖျက်ပစ်မှပေါ့......”
“မရဘူး...မရဘူး၊ ဖယ်ကွာ... မွန်းတယ် ...”
“အို... သိပ်စကားများတဲ့ ပါးစပ်ကလေး”
“...........................”

တနင်္လာနေ့
သမ္မတရုပ်ရှင်ရုံ

“မင်းသားက ချောလည်း မချောဘူး”
“အမူအရာ ကောင်းသားပဲ ”
“နက်ဖြန်ကျရင်လေ”
“လှမှတို့က ကြိုက်တာ”
“မောင်ကျတော့ကော”
“မောင်က ချောပါတယ်”
“ဟေ့...တော်တော့... ကဲ ဘယ်သွားချင်သေးလဲ...”
“သိဘူးလေ...ဘယ်နှနာရီလဲ”
“သုံးနာရီခွဲတော့မယ်..”
“မောင်ကော.. ဘယ်သွားချင်လဲ..”
“ဟေ့...သုံးဘီး၊ ဟိုး..ဟိုး...”
“ဗိုလ်ချုပ်ဈေးမှာ ခေါက်ဆွဲ ဝင်ဝယ်ရအောင်”
“ဒီမှာ... ကားဆရာ၊ မကြာပါဘူးဗျာ၊ ဗိုလ်ချုပ်ဈေးကို အရင်သွားရအောင်”
“ပိုပေးပါ့မယ်ရှင်”
“ပြီးတော့ အင်းလျားဂျူးဘန်းကို သွားမယ်လေ”

အင်္ဂါနေ့
တိုက်ခန်းတစ်ခု (ဝင်ဒါမီယာ)

“ဒါနဲ့ ချစ်တယ်ဆို...”
“ဒီနေ့တော့ တောင်းပန်ပါတယ်....”
“မရဘူး မရဘူး....”
“ဟင်း... မောင်နော်...
ဘို့တစ်ဘို့တည်း မကြည့်နဲ့နော်ကွာ-”
“ချစ်လို့ပေါ့”
“နက်ဖြန်ကျမှကွယ်...”
“ခုမှပဲ... ခုမှပဲ...”
“တော်ပြီမောင်... မောင့်ကိုမုန်းတယ်..”
“တကယ်လား...”
“တကယ်..”
“ကောင်းပါပြီ အေးရယ်..”
“ဟင်း ... သူ့စိတ်ကြီးပဲ...”
“မောင် ဝမ်းနည်းတယ်...”
“ဟယ် မောင်မျက်ရည်တွေနဲ့..”
“............................”
“မောင်ရယ် ခက်ပါလားကွယ်...”
“............................”
“မငိုပါနဲ့ကွယ်... တို့ပါငိုမိလိမ့်မယ်...”
“....................”
“ကဲ... တိတ်တော့နော်”
“အေးကို ချစ်လို့ပါ”
“မောင့်ကို ချစ်လို့သာပေါ့”

ဗုဒ္ဓဟူးနေ့
အနုပညာအသင်းရှေ့

“ဒီမယ်”
“ဆိုလေ”
“မအေးမယ်နဲ့ မတွေ့ဘူးလား..”
“သူ ကျောင်းမတက်တာ ကြာပြီ...”
“ကျေးဇူးပါပဲ...”

ကြာသပတေးနေ့
မန္တလေးဆောင်
အခန်း - M ၁၀၄

“ဒီမယ်... မအေးမယ်ရဲ့ သူငယ်ချင်း”
“အေးအကြောင်း မေးမလို့လား...”
“ဒါပေါ့”
“ညနေကျရင်၊ အရင်နေရာကို လာခဲ့ပါတဲ့ ...”
“ကျေးဇူးပါပဲ..”
“လိုပါဘူး”

သောကြာနေ့
ဗဟိုစာကြည့်တိုက်

ဒီမယ်... အေးရဲ့သူငယ်ချင်း”
“မနေ့က အေးနဲ့မတွေ့လို့ မဟုတ်လား”
“ခင်ဗျား.. နောက်လိုက်တာလား”
“အို့ ရာရာစစ ”
“ဒါဖြင့် ဘာလို့ အေးက စောင့်ခိုင်းတာလို့ ပြောသေးလဲ...”
“မနေ့က သူဒီအတိုင်းမှာသွားလို့ပေါ့”
“ဒီနေ့ကော - ဘာမှာလိုက်သေးလဲ”
“နောက်ကို မတွေ့ကြပါစို့နဲ့တဲ့၊ သူ့ကို မေ့လိုက်ပါတဲ့၊ သူကလည်း မေ့လိုက်တော့ မယ်တဲ့..”
“သူ စိတ်ပြောင်းပြီပေါ့..”
“စိတ်တစ်ခု... ရုပ်ကိုးဆယ်တဲ့....ရှင်”
“ခုလိုကူညီတာ ကျေးဇူးများစွာပါပဲ...”
“လိုပါဖူး”

စနေနေ့
မန္တလေးဆောင်
အခန်း- M ၁၀၄

“ဒီမယ်...အေးရဲ့သူငယ်ချင်း”
“ဘာလဲ.. အေးအကြောင်း မေးဦးမလို့ လား...”
“ဟုတ်ပါဘူး”
“ဒါ့အပြင် ဘာကိစ္စမှ မရှိပါလား”
“ရှိတာပေါ့”
“ဘာကိုလဲ”
“မေးစရာ ရှိသေးလို့ပေါ့”
“ဘာကိုလဲ”
“သြော်... နာမည်လေးသိပါရစေ”
“....................”
“ပြောလေ... နာမည်လေးက ဘာတဲ့လဲ ကွယ်...”
“သိဘူး”
“ဟယ်.ဆန်းလိုက်တာနော်၊ ဒီနာမည်မျိုး ဒီတစ်ခါပဲ ...ကြားဖူးတယ်`သိဘူး´ တဲ့”............................။


`စနေချစ်သူ’ဝတ္ထုတိုကိုတော့ ရည်းစားများတဲ့ လူငယ်တွေ အကြောင်းဖွဲ့တာပါ။ ကိုယ်တွေ့ မဟုတ်ပါဘူး။ သူငယ်ချင်း ကဗျာဆရာ မောင်သင်းအောင် (မုံရွာ) (ယခု မြင့်ဆောင်)ရေးတဲ့ ဝတ္ထုတိုလေးကို ရေးဟန်ပုံစံသဘောကျတာနဲ့ သူ့ဆီက ခွင့်တောင်းပြီး ပြန်ရေးခဲ့တာပါ။

သုမောင်

မှတ်ချက်။
ဒီဝတ္ထုတိုကလေးကို Perfect မဂ္ဂဇင်းမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ သိမ်းထားတာလည်း အတော်ကြာပြီ ဖြစ်သောကြောင့် မူလတင်ထားတဲ့ ပိုင်ရှင်အား ခွင့်မတောင်းပဲ တဆင့်ပြန်လည်တင်ပြခြင်းကို နားလည်မည်ဟု ထင်ပါသည်။

ဆက်လက်ကြိုးစားပါဦးမည်။

Friday, November 12, 2010

ကုန်းဘောင်နောက်ဆုံးသွေးစက်၏ ပုံရိပ်များ




မြန်မာဝတ်စုံနဲ့ ကျက်သရေရှိလှတဲ့ မြန်မာသွေး (ရိုးရိုးသွေးတောင်မဟုတ်ဘူး၊ ဗမာ့တော်ဝင်သွေး) တစ်ဝက်ပါတဲ့ သူမအလှဟာ ဘယ်လောက်လှပ ကျက်သရေရှိလိုက်သလဲဗျာ။
ဘိုကပြား အင်္ဂလိုဗားမားတစ်ယောက်ဖြစ်တဲ့ သူမဟာ လွန်ခဲ့သော သုံးဆယ်ငါးနှစ်ကျော်လောက်တုန်းက မြန့်မာသမိုင်းမှာ ဟိုးလေးတစ်ကျော် နာမည်ကျော်ကြားဖူးသူ တစ်ယောက်ပါ။ ကျွန်တော်တောင် ကျွန်တော့် အဖေပြောပြလို့ သူမနာမည်ကို ကြားခဲ့ဖူးတယ်ဆိုယုံ လောက်ပါပဲ။ သူမနာမည်ကြားခါစကဆို အတော်လေးလှတဲ့ နာမည်ပဲလို မှတ်ယူခဲ့ဖူးတယ်။ နာမည်လေးတင်လှတာမဟုတ်ပဲ သူမဓာတ်ပုံ မြင်တော့လဲ တခေတ်တခါက အတော့်ကို နာမည်ကြီးခဲ့တာပဲဆိုတာ နဖူးတွေ့ဒူးတွေ့ယုံသွားတော့တယ်ဗျာ။သူမ အမည်ကတော့ “ရတနာနတ်မယ်” ဆိုတာပါပဲ။

ရတနာနတ်မယ်သည် နိုင်ငံတော်သမ္မတကြီးဟောင်း ဦးနေဝင်း၏ တတိယ အိမ်ထောင်ဘက် ဖြစ်ခဲ့ပါသည်။ မြန်မာပြည်ရဲ့ First Lady တစ်ဦးဖြစ်ခဲ့ဖူးပါသည်။ ရတနာနတ်မယ်သည် သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ပြင်ဦးလွင်၊ မြင်းပြိုင်ကွင်း မြင်းဒိုင်ချုပ် ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နှင့် လင်းပင်ထိပ်တင်မလတ်၏ သမီးဖြစ်သည်။ ၁၉၃၁-ခုနှစ်တွင် ရတနာနတ်မယ်ကို မွေးဖွားခဲ့၍ အဖိုးအဖွား ဖြစ်သော လင်းပင်မင်းသားကြီးနှင့် ရေနံသာခင်ခင်ကြီးတို့က အသက်ကြီးမှ ကလေးရသောကြောင့် နတ်ကပေးသော ကလေးဟုဆိုကာ လင်းပင်ထိပ်တင်မလတ်၏ သမီးကို ရတနာနတ်မယ်ဟု အမည်ပေးခဲ့သည်။ ကနောင်မင်းသား၏ မြစ်တော်တယောက် ဖြစ်သည်။


၁၉၇၆ ဒီဇင်ဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံ မျက်နှာဖုံးသတင်း

လင်းပင် မင်းသားကြီး၏ သမီးတော် ထိပ်တင်မလတ်က အသက် ၃၆ နှစ်မှာ သူမထက် ၁၆ နှစ် ကြီးတဲ့ သြစတြေးလျ နိုင်ငံသား အင်္ဂလိပ် လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ်တယ်။ လေးနှစ်ကြာမှ သူမကို မွေးသည်။ သူမ ကိုယ်တိုင်ကတော့ အသက် ၂၂ နှစ်မှာ ပထမ အိမ်ထောင် ဖြစ်တဲ့ အီတာလျံ လူမျိုး၊ WHO က ဗမာပြည်မှာ တာဝန်ကျတဲ့ ဆရာဝန်တယောက်နဲ့ ၁၉၂၁ခု အောက်တိုဘာလမှာ လက်ထပ်ခဲ့ပါသည်။ သားလေး ၂ယောက် ရသည်။သူမကို အချို့က သစ်ခွစုဆောင်းသူလို့ ပြောခဲ့ကြပါတယ်။ သေချာတာကတော့ သူမဟာ မြန်မာပြည်မှာ အတော်ကြာကြာ နေထိုင်သွားခဲ့ပါတယ်။

လင်းပင်မင်းသားကြီး နှင့် ရေနံသာခင်ခင်ကြီးတို့နှစ်ဦးစလုံးက ချောမောခန့်ညားကြသလို သူတို့ရဲ့သမီးတော် ထိပ်တင်မလတ်ကလည်း ချောမောပြီး အင်္ဂလိပ်အသိုင်းအဝိုင်းမှာ ထင်ရှားခဲ့တဲ့သူဖြစ်ပါတယ်။။ သူနဲ့ Mr Herbert Bellamy ကမွေးလာတဲ့ ရတနာနတ်မယ်ကတော့ အဖေအမေ အဖိုးအဖွားရဲ့ အလှအပေတွေ စုပြီး မြန်မာသွေးနဲ့ အနောက်သွေးနှောတဲ့သူမို့လို့ အင်မတန်လှပပါတယ်။ ခေတ်ပညာတတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအဝိုင်းထဲ ကြီးပြင်လာခဲ့သူမို့ ရတနာနတ်မယ်ဟာ လူဂုဏ်တန်နဲ့ အင်္ဂလိပ်အသိုင်းအဝိုင်းထဲမှာ ထင်ရှားခဲ့ပါတယ်။

ပြင်ဦးလွင် စိန့်မိုက်ကယ် အမျိုးသမီး အထက်တန်းကျောင်း (ယခု အထက ၄)မှာ အထက်တန်းအထိ ပညာသင်ကြားခဲ့ပြီး မြင်းစီး ကျွမ်းကျင်သူ၊ တင်းနစ်ရိုက်ရာမှာ ထူးချွန်သူ၊ အရပ်အမောင်း ကောင်းသူ ဖြစ်တယ်လို့ ဆိုပါသည်။ သူမကို တချိန်တုန်းကဆိုရင် she was once the cream of Rangoon society during the 1950s and 1960s လို့တောင် ပြောကြပါသည်။ နိုင်ငံခြားသားနှင့် လက်ထပ်ပြီး ရတဲ့ကလေး ဖြစ်ပေမယ့် ကုန်းဘောင်မင်းမျိုး အဘိုးအဘွားတွေက သူ့ကို အတော်လေး ချစ်မြတ်နိုးပုံ ရပါသည်။

ယခုအခါမှာတော့ အီတလီ၏ နာမည်ကျော် Tuscany ပြည်နယ် မြို့တော် ဖြစ်သောFlorence မှာ နေထိုင်သည့် Ms June Rose Bellamy (ခေါ်) ရတနာနတ်မယ် သည် Associazione Culturale Arte e Gastronomia Orientale ဆိုင် ဖွင့်ထားပါသည်။

Ms June Rose Bellamy

ဖလောရန့် မြို့မှာ Studio June Bellamy ဆိုသော Cooking School ဖွင့်ထားပါသည်။ သူမဟာလည်း ကျော်ကြားသည့် Chef တစ်ယောက် ဖြစ်နေပါပြီ။ သူမရဲ့ ဝဘ်ဆိုဒ်လေးမှာ မြန်မာအငွေ့အသက်လေးတွေ မြင်နိုင်ပါသေးသည်။ သူမရဲ့ ဒီအခန်းလေးထဲမှာ သူ့ဖခင် ဝါသနာပါတဲ့ မြင်းပုံတွေကို အမှတ်တရ ရေးဆွဲထားသလို သူ့အဘိုး လင်းပင်မင်းသားကြီးနဲ့ ရေနံ့သာ ခင်ခင်ကြီးတို့ရဲ့ မင်္ဂလာပွဲ ပုံကိုလည်း ရေးဆွဲထားတယ်လို့ သိရသည်။



Herald Tribune အဖွဲ့အစည်းကနေ ကြီးမှူးကျင်းပတဲ့ The World We Want ဆိုတဲ့ ဖိုရမ်မှာ မြန်မာပြည် ကိုယ်စားပြု တက်ရောက်ရ သူတွေက ရတနာနတ်မယ်နဲ့ ရစ်ချက်ထွန်းညွန့်တို့ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံပေါင်း ၁၆နိုင်ငံက ကျောင်းသားကျောင်းသူ ၃၂ဦး တက်ရောက်ပြီး ကမ္ဘာ့နိုင်ငံ တစ်ခုနဲ့တစ်ခု ကြားက ဆင်းရဲချမ်းသာ ကွာဟမှု၊ အချစ်အမုန်း အာဃာတတွေကို ဖယ်ရှားပြီး ပိုမိုကောင်းမွန်တဲ့ ကမ္ဘာ့မိသားစုကြီး တစ်ခုလို တည်ဆောက်ကြမယ် ဆိုပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်တဲ့။ ခန့်မှန်းချက်အရ ၁၉၅၀ ဝန်းကျင် ဖြစ်မယ်လို့ ထင်ပါတယ်။ ရတနာနတ်မယ် အသက် ၂ဝ လောက်မှာ ဖြစ်ပါတယ်။






လူတိုင်းလို ကြားဖူးခဲ့တဲ့ အနောက်နိုင်ငံရဲ့ စပိုင်လုပ်လို့ ဦးနေဝင်းက မောင်းထုတ်ခဲ့တယ် ဆိုတဲ့ ကောလာဟလကို မေးတော့ သူမက ရယ်နေခဲ့တယ်။ ဒါပေမဲ့ သူမကို ဦးနေဝင်းက ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်ခဲ့တယ် ဆိုတဲ့ မနှစ်မြို့စရာ ဖြစ်ရပ်ကိုတော့ သူမက နာနာကျင်ကျင် ဝန်ခံပါတယ်။ နောက်တနေ့ ချက်ခြင်းပဲ သူမဟာ စင်းလုံးလေယာဉ် တစင်း နဲ့ မြန်မာပြည်က ထွက်ခွာလာနိုင်ခဲ့တယ်။ လက်ထပ်အပြီး ၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ လျင်လျင်မြန်မြန် ဖြစ်ပျက်သွားခဲ့တဲ့ အဲဒီ အကြောင်းတွေကို သူမက Sin of Pride လို့ ဆိုခဲ့ပြီး သူမကို မျှော်လင့်ခဲ့တဲ့ လူတွေအတွက် ဘာမှ မဆောင်ရွက်နိုင်ဘဲ အရှုံးနဲ့ သက်သက် ထွက်ခွာခဲ့ရတာ ဖြစ်တယ်လို့ ပြန်ပြောင်း ဖွင့်ဟခဲ့တယ်။ ၅ လတာ ကြုံဆုံ ခဲ့ရတဲ့ ဦးနေဝင်းကိုတော့ တကယ့် ဉာဏ်နီ ဉာဏ်နက်နဲ့ အရာရာကို ကြိုးကိုင် ခြယ်လှယ်နိုင်သူကြီး တယောက် လို့သာ မှတ်ချက် ပြုထားတယ်။
မကြာသေးခင် နှစ်တွေကတော့ သူမရဲ့ အသက်အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေးနဲ့အတူ မြန်မာပြည်ကို ပြန် အလည် ရောက်ခဲ့သေးတယ်လို့ ဆိုတယ်။ မြန်မာပြည်တွင်းက ဆရာဝန်တွေနဲ့ လူမူရေးလုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင်နေသလို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းမှာလည်း ပါဝင် ဆောင်ရွက်နေတဲ့ အကြောင်း သိရသည်။


နောက်ပြီး ရတနာနတ်မယ်ရဲ့ အကြောင်းတွေ ထပ်သိချင်ရင်တော့ ဒီနေရာလေးတွေမှာ သွားရောက်လေ့လာနိုင်ပါတယ်။
Griffith Review
ဝီကီမြန်မာ
ညီလင်းဆက်
Studio June Bellamy
LIFE Images (ရတနာနတ်မယ်၏ ငယ်ရွယ်စဉ်ပုံရိပ်များ)