Wednesday, February 22, 2012

ရူပန္တရဏနှင့်အခြားသောဝတ္ထုတိုများ

Monday, January 30, 2012

အခန်းဆက် အိပ်မက်ရှည်.....


အိပ်မက်ဆိုတာ.....
တကယ်တော့
မသိစိတ်က......
ဌားဖတ်တဲ့ ရုပ်ပြစာအုပ်လိုပါပဲ။

ညက ဌားဖတ်ပြီး
မနက်ကျတော့.....
ဆိုင်ကို ပြန်ပို့လိုက်ရတယ်။

မသိစိတ်က အဲ့ဒီစာအုပ်
ကောင်းတယ်ပြောတော့...
သိစိတ်က ဖတ်ချင်လာတယ်။

ဒါပေမယ့်...
... စာအုပ်ဆိုင်
ဘယ်မှာမှန်းမသိတော့.....????
ခက်လှတယ်လေ။

ဖတ်ချင်လွန်းလို့
လိုက်ရှာဖတ်ကြည့်တော့လည်း
သောက်လေ သောက်လေ...
ငတ်မပြေတဲ့
အခန်းဆက် ဇာတ်လမ်းရှည်လိုပဲ...။

မသိစိတ်က စိတ်ကောက်ပြီး
သိစိတ်နဲ့ ချော့ခိုင်းတာတော့
ခက်လွန်းလှတယ်..... ချစ်သူရယ်။

Sunday, January 29, 2012

လေးလွှာ

လှေကားတွေသည် အတော် စိတ်ဝင်စားဖို့ ကောင်းသော အရာတွေမှန်း သူသိလိုက်ချိန်တွင် သူ လှေကား၏ ဒုတိယထစ်ကို ရောက်နေပြီဖြစ်သည်။ သစ်သားလှေကား အိုအိုကြီးက မူရင်း အရောင်အသွေး ဘာမှမရှိတော့။ နှစ်အဆက်ဆက် ( ခေတ်အဆက်ဆက် ဆိုလျှင် ပိုမှန်ပါလိမ့်မည် ) တင်ရှိခဲ့သော အမှိုက်သရိုက်ချေးညှော်များဖြင့် လှေကားထစ်များက ညစ်ထေးနေသည်။ သည်လှေကားထစ်တွေ အပေါ် ဖြတ်သန်းခဲ့တာ အခုလောက်ဆို လူဘယ်နှစ်ယောက်လောက် ရှိနေမလဲမသိ။ သူကကော ဘယ်နှစ်ယောက်မြောက်ပါလိမ့်။ သူမသိသော်လည်း လှေကားထစ်ကလေးတွေ ကတော့ ကောင်းကောင်းသိပါ လိမ့်မည်။ ပထမဆုံး သူတို့အပေါ် နင်းဖြတ်သွားခဲ့သူမှ ယခုနောက်ဆုံး နင်းဖြတ်နေသူ သူ အထိ လူတွေရဲ့ အကြောင်း ကောင်းကောင်း သိနေပါလိမ့်မည်။ သူတွေးနေရင်းနှင့် လှေကားတဆစ်ချိုးသို့ ရောက်လာသည်။ သည်တိုက်ကြီး ဘယ်တုန်းက ဆောက်ခဲ့ပါလိမ့်။ ကိုလိုနီခေတ်ကတည်းကဟု သူထင်သည်။ အန္တရာယ်ရှိသော အဆောက်အဦးပင် ဖြစ်လုနီးပြီလား မသိ။ ဘာပဲပြောပြော သည်လှေကားတွေ အပေါ်တော့ နေ့စဉ် လူတွေ ဆင်းနေတက်နေကြဆဲဖြစ်သည်။ လှေကားတလျှောက် ပျံ့လွင့်နေသော အောက်သိုးသိုး ဘယ်လိုခေါ်ရမှန်းမသိသည့် အနံ့တစ်မျိုးကို သူ ရှူရင်း နောက်လှေကား တစ်ဆစ်ဆီ တက်လာမိပြန်သည်။ လှေကားထိပ်ဘက် တိုက်မျက်နှာစာနံရံတွင် ဖောက်ထားသော ပြတင်းပေါက်မှတစ်ဆင့် မျက်နှာချင်းဆိုင် တိုက်ကို သူလှမ်းမြင်နေရသည်။ တိုက်နံရံတွင် တွယ်ကပ်နေသော ဘာအပင်အမျိုးအစားတွေမှန်း သူတစ်သက်လုံး မသိခဲ့သည့် အပင်စိမ်းစိမ်းစိုစို ကလေးတွေကိုပင် သူမြင်နေရသည်။ သူ ဘာကြောင့် ထိုအပင်ကလေးတွေ၏ အမျိုးအမည်ကို မသိခဲ့ရပါလိမ့်။ နှစ်သုံးဆယ်ကျော် မြင်နေခဲ့ရသည့် အပင်ကလေးတွေ၏ အမည်နာမလေးပဲ ဖြစ်ဖြစ် သိဖို့ မကောင်းပေဘူးလား။ သူ စဉ်းစားနေရင်းနှင့် လှေကားထစ်များ အဆုံးသို့ ရောက်ရှိလာသည်။ သည်နေရာက တိုက်၏ ပထမထပ်ဖြစ်သည်။

သူ့ ဘယ်ဘက်ရှိအခန်းကတော့ လူနေခန်းပဲ ဖြစ်ဟန်တူသည်။ သစ်သားတံခါး ညိုညိုညစ်ညစ် ကြီးက မလှုပ်မချောက်။ ညာဘက်ကတော့ ဟိုးလွန်လေပြီးသော နှစ်များစွာကတည်းက ဖွင့်လှစ်ထားခဲ့ဟန် ရှိသည့် ဓာတ်ပုံဆိုင်တစ်ဆိုင် ဖြစ်သည်။ သူ အထဲကို လှမ်းကြည့်လိုက်တော့ ချေးညှော်တွေ စွန်းထင်းနေ သော ဖန်ပြားခင်းထားသည့် စားပွဲတစ်လုံး နောက်တွင် လူဝကြီးတစ်ဦးထိုင်၍ သတင်းစာဖတ်နေသည်။ စားပွဲပေါ်တွင် သောက်ပြီးတာ အတော်ကြာပြီဖြစ်ဟန် ရှိသည့် လက်ဖက်ရည်ခွက် သုံးလေးခွက်ကို သူတွေ့ရသည်။ နောက် ဘောလုံးဂျာနယ်တစ်စောင်ကို ဖိထားသော စိမ်းပြာပြာ စက္ကူဖိသည့် ဖန်လုံးကြီး တစ်လုံး။ သူငယ်ငယ်က သည်လို ဖန်လုံးမျိုးကြီးတွေကို အလွန်သဘောကျသည်။ အဖိုးတန် ကျောက်မျက်လုံးကြီးတစ်လုံးလို သူ ထင်ခဲ့တာကိုလဲ သူသွားသတိရမိပြန်သည်။ ဆားပုလင်းနှင်းမောင် ဝတ္ထုများထဲမှအတိုင်း ဆိုလျှင်တော့ ထိုလူဝကြီးသည် ဂျူးအဖိုးကြီးတစ်ဦး ဖြစ်နေလိမ့်မည်။ တရုတ်အဖိုးကြီး တစ်ယောက်လဲ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အချက်အပြုတ် ကျွမ်းကျင်ကောင်းလဲ ကျွမ်းကျင်နိုင်သည်။ ဒဿနဆန်ဆန် စကားတစ်ခွန်းတလေလောက်နှင့် သူ့ကို နှုတ်ဆက်ကောင်းလဲ နှုတ်ဆက်နိုင်သည်။ သို့သော် လူဝကြီးက လူဝကြီးပဲ ဖြစ်နေပြီး သတင်းစာကို စူးစူးစိုက်စိုက် ဖတ်နေတာကို သူတွေ့ရသည်။ ဓာတ်ပုံဆိုင်ထဲမှ အရာအားလုံးကတော့ တစ်ခုနှင့်တစ်ခု သဟဇာတ ဖြစ်နေသည်။ အားလုံး ဟောင်းဟောင်းနွမ်းနွမ်း ခြောက်ခြောက်သွေ့သွေ့။ မလျှော်တာ ကြာပြီ ဖြစ်ဟန်ရှိသည့် ခန်းဆီးကြီးနှစ်စက မူရင်းဘာအရောင်မှန်းပင် ခွဲရန်မလွယ်တော့။ အဖြူလား အဝါလား တစ်ခုခုတော့ ဖြစ်မည်ထင်သည်။ နံရံတွင်တော့ ရှေးကရိုက်သွားခဲ့သော အဖြူအမည်း ဓာတ်ပုံတွေကို ချိတ်ဆွဲထားသည်။ နှစ်တွေ အတော်ကြာလှတော့မည်။ ဓာတ်ပုံထဲက ဘွဲ့ဝတ်စုံနှင့် ငယ်ငယ်ချောချော အမျိုးသမီးကလေး၏ ပုံကို သူ အဝမှ တွေ့နေရသည်။ အခုဆို အသက်အတော်ကြီးရောပေါ့။ ဓာတ်ပုံသည် ဘယ်တော့မှမညာ ဟူသော သိုးဆောင်းစကားပုံတစ်ခုကို သူ သတိရမိပြန်သည်။ ဘာပဲပြောပြော လောလောဆယ် အခြေအနေ တွင်တော့ ဓာတ်ပုံကို ဓာတ်ပုံအတိုင်း တွေ့ရတာပဲ ကောင်းပါလိမ့်မည်။ ဟိုအရင်ခေတ်က ဓာတ်ပုံရိုက်ကူးခဲ့ သည့် ကင်မရာကြီးကိုလဲ အဝတ်မည်းမည်းကြီးနှင့် အုပ်ထားတာ သူတွေ့ရသည်။ နံရံတွေပေါ်မှာတော့ ပင့်ကူမျှင်အချို့။ ဒီပင့်ကူမျှင်တွေကတော့ လတ်လတ်ဆတ်ဆတ် ပင့်ကူမျှင်တွေ ဖြစ်နေပြန်သည်။ သူ ကြည့်နေတာ နည်းနည်းကြာသွားသလား မသိ။ လူဝကြီးက သတင်းစာဖတ်နေရာမှ ခေါင်းထောင်၍ သူ့ကို လှမ်းကြည့်သည်။ လူဝကြီး၏ အကြည့်ကို သူလွှဲဖယ်လိုက်ရင်း နောက် လှေကားတစ်ဆစ်ချိုးဆီ တက်လာခဲ့သည်။

သည်တစ်ခါတော့ သူ့အကြည့်က လှေကားဘေးရှိ သစ်သားနံရံပေါ်သို့ ရောက်သွားသည်။ နံရံညစ်ညစ် ပေါ်တွင်တော့ မြေဖြူနှင့် ရေးထားသော စာသားများ။ တချို့စာသားတွေက ကလေးတွေ ရေးထားဟန် ရှိသည့် ပေါက်ကရစာသားတွေ (တကယ်ပေါက်ကရ ဟုတ်မဟုတ်တော့ သူလဲ သေချာမသိပါ)။ သူငယ်ငယ်က အိမ်သာနံရံများတွင် တွေ့လေ့တွေ့ထ ရှိခဲ့သော ကတ်ကြေးပုံတစ်ပုံကိုလဲ သူတွေ့ရပြန်သည် ။ ဒါကိုလဲ ပန်းချီစာရင်းထဲ ထည့်လျှင်ကောင်းမလား သူ စဉ်းစားရင်း ပြုံးမိသည်။ သူ နံရံပေါ် စေ့ငုနေစဉ် တွင် အပေါ်မှ ဆင်းလာဟန်ရှိသော ခြေသံကို ကြားလိုက်ရသည်။ ရုပ်ရှင်တွေထဲမှာဆိုလျှင်တော့ မင်းသမီး ဖြစ်ဖို့ရှိပါသည်။ သူနှင့် ဝင်တိုက်ကောင်း ဝင်တိုက်မည်။ ဘုဘောက်ကျကောင်းကျမည်။ ဒါမှမဟုတ် လက်ကိုင်ပုဝါလေးပဲဖြစ်ဖြစ် သူ့ဘေးတွင် ကျနေခဲ့မည်။ သို့သော် ရုပ်ရှင်မဟုတ်သောကြောင့် ဆင်းလာသူမှာ အဖွားကြီးတစ်ယောက် ဖြစ်နေတာကို သူ စိတ်ပျက်စဖွယ် တွေ့ရလေသည်။ သူ အိတ်ထဲမှ လိပ်စာရေးထားသော စာရွက်ကလေးကို မလိုအပ်ပါဘဲနှင့် ထပ်မံထုတ်ကြည့်ရင်း လှေကားပေါ်သို့ ဆက်တက်ခဲ့သည်။ လှေကားထစ်တွေဆီက ထွက်ပေါ်လာသော တဗျတ်ဗျတ်နှင့် သူ့ခြေသံမှ လွဲ၍ အားလုံး တိတ်ဆိတ်နေသည်။

လှေကားထိပ်ပြတင်းပေါက်မှ အရောင်ကြောင့် သည်လှေကားတစ်ဆစ်ချိုးမှာတော့ လင်းနေပြန်သည်။ သူ အပေါ်ကို မော့ကြည့်လိုက်တော့ ကျူရှင်ဆိုင်းဘုတ် တစ်ခုကို တွေ့လိုက်ရသည်။ ဆိုင်းဘုတ်က ပြတင်း၏ တပိုင်းအစကို ကွယ်နေသည်။ ရေးထားသည့် ဆေးသားတို့ပင် ပြယ်စပြုပြီ။ သုံးလပြတ် အင်္ဂလိပ်စကား ပြောဆိုပါလား။ သူတက်လာရင်း လှေကားထိပ်ရောက်တော့ ပွင့်နေသော ဘယ်ဘက်ရှိ ကျူရှင်ရှိရာ အခန်းကို လှမ်းကြည့်မိသည်။ အခန်းထဲတွင် ဘယ်သူမှမရှိ။ သူ ငယ်ငယ်က ကျောင်းတွင် ထိုင်ခဲ့ရသော ခုံတွေပုံစံမျိုး ခုံတန်းရှည် သုံးလေးခုက မညီမညာ စောင်းရွဲ့နေကြသည်။ နံရံပေါ်တွင်တော့ ကျောက်သင်ပုန်း တစ်ချပ်။ သည်တိုက်ရှိ အရာအားလုံးက တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီနေပါလား။ သူ စဉ်းစားနေရင်း ငယ်ငယ်တုန်းက တက်ခဲ့ရသော မူလတန်းကျောင်းကလေးကို လွမ်းလာသည်။ စိုထိုင်းထိုင်း ကျောင်းစာသင်ခုံကလေးတွေကို သတိရလာသည်။ တလောကပဲ သူ့မူလတန်းဆရာမ တစ်ယောက်၏ နာရေးကြေညာ သတင်းစာထဲ တွေ့လိုက်ရသေးသည် ( ထိုဆရာမမှာ သူနေသော လမ်းနှင့် ကပ်လျက်လမ်းတွင် နေသူမို့ သူယခုထိ သိနေခြင်းဖြစ်ပါသည်) ။ ရုတ်တရက် လေးလံထိုင်းမှိုင်းသွားသော စိတ်နှင့် သူ ညာဘက်ကို ချိုးကွေ့လိုက်သည်။ ညာဘက်ကတော့ လူနေခန်းပဲ ဖြစ်ဟန်တူသည်။ အခန်းဝ တွင်တော့ ယခုခေတ်တွင် တွေ့လေ့တွေ့ထ မရှိတော့သည့် စာတိုက်ပုံးသေးသေးကလေး တစ်ခု ကို တွေ့ရသည်။ စာတိုက်ပုံးပေါ်တွင်တော့ အိမ်ရှင်၏ အမည်ဖြစ်ဟန်ရှိသည့် အမည်တစ်ခုကို ဆေးအဖြူနှင့် ရေးထားသည်။ သဝေထိုးနေရာတွင် ဆေးပျက်နေသောကြောင့် မြေဖြူနှင့် ဖြည့်စွက်ထားသည်။ သူငယ်ငယ်တုန်းကလဲ မြေဖြူတစ်ချောင်းနှင့် ထိုသို့ရေးထားသော စာတန်းများအောက်တွင် တစ်ချောင်းငင် ဝဆွဲစသည်ဖြင့် ဖြည့်စွက်နောက်ပြောင်ဖူးသည်ကို သူ ဖျတ်ခနဲ သွားသတိရလိုက်ပြန်သည် ။ အခုအချိန်တွင်တော့ သူ့မှာ နောက်ပြောင်ခွင့် မရှိတော့။ ရှိများရှိလျှင် နောက်ပြောင်ဖြစ်အောင် နောက်ပြောင်မိဦးမည် ဟု သူ တွေးမိသည်။ အတွေးထဲမျောနေသောကြောင့် အခန်းတံခါးဝတွင် ဘယ်သူ ကျခဲ့မှန်းမသိသည့် ကြက်သွန်ဖြူတစ်ဥကို သူသွားနင်းမိသည်။ သူ့ဖိနပ်တွင် ကပ်သွားသော ကြက်သွန်ဖြူ အစအနများကို သူ လှေကားထစ်နှင့်ရှပ်တိုက် ခြစ်ခွာရင်း လှေကားတစ်ဆစ်ချိုးပေါ် ထပ်တက်ခဲ့သည်။

သည်လှေကား တစ်ဆစ်ချိုး နံရံတွေကတော့ ဖုထစ်ရွတ်တွ ငှက်လင်းတသို့ ဖြစ်နေသည်။ တချို့နေရာ တွေတွင် ဓားနှင့် ဘယ်သူတွေ ထစ်ထားသည်မသိ။ တစ်နေရာတွင် “သက်ဝေနှင်းကိုချစ်တယ်” ဟူသော စာသားကို သူတွေ့ရသည်။ သည်တိုက်တစ်ခန်းခန်းတွင်များ သက်ဝေနှင်း နေနေသလားမသိ။ သက်ဝေနှင်းကို ချစ်သောသူကော သက်ဝေနှင်းအနားတွင် ရှိနေသလား မသိ။ သူတွေးရင်းနှင့် ဘာမှန်းညာမှန်း မသိဘဲနှင့် သက်ဝေနှင်းကို မြင်ဖူးချင်လာသည်။ သူ အခုနင်းနေသော လှေကားထစ်ကလေး တွေကတော့ သက်ဝေနှင်းကို သိကောင်းသိလိမ့်မည်။ သည်လှေကားထစ်ကလေး တွေအပေါ် သက်ဝေနှင်း နင်းကောင်းနင်းဖူးလိမ့်မည်။ ရောက်တတ်ရာရာတွေးနေရင်းမှ သူ မောလာသည်။ သူ တက်လာသည်မှာ သုံးလွှာမျှသာ ရှိသေးသော်လည်း ရှေးတိုက်ဖြစ်သောကြောင့် ယခုခေတ် ခြောက်လွှာလောက်နှင့် ညီမလားမသိ။ သူဖြတ်သန်းခဲ့သော နှစ်သုံးဆယ်ကျော်က ယူဆောင်လာခဲ့တာ အမောသက်သက်တွေပါလား။ လဲနေသူ ထူပေးပါ ဟုတော့ သူငယ်ငယ်က သင်ခဲ့ရဖူးသည်။ သူက ထူမည့်သူတော့ ဖြစ်ဟန်မရှိ။ ဖြစ်ချင်းဖြစ်လျှင် လဲသူသာ ဖြစ်မည်ထင်သည်။ သူ့ဆံပင်ကို သူ လက်နှင့် တစ်ချက်သပ်လိုက်ပြီး ဆက်တက်ခဲ့သည်။

နောက်လှေကား တစ်ဆစ်ချိုးကို သူတက်လာတော့ လှေကားထိပ်ရှိ ပြတင်းပေါက်မှ တစ်ဆင့် မျက်နှာချင်းဆိုင် တိုက်ဝရန်တာတွင် ထွက်၍ ဖုန်းပြောနေသော ကောင်မလေး တစ်ယောက်ကို လှမ်းမြင်ရသည်။ သည်တော့မှ သူ ယခုထိ လက်ကိုင်ဖုန်း တစ်လုံးမှ မပိုင်ဆိုင်ဖူးသေးတာ သတိရလာ သည်။ သူ ငယ်ငယ်တုန်းက လက်ကိုင်ဖုန်းတွေ မရှိ။ သူ ကြားပင်မကြားစဖူး။ တွေးပင်မတွေးစဖူး။ ယခု ရှိလာတော့လည်း သူ မပိုင်ဆိုင်ဖူးသေး။ ရုပ်ကလွဲ၍ အရာအတော်များများ သူ ငယ်ငယ်တုန်းကလိုပင် ဖြစ်နေသေးကြောင်း သူ သတိရ၍ ပြုံးမိသည်။ ဟိုလွန်ခဲ့သော ဆယ်စုနှစ်တစ်ခု ခန့်က ထီပေါက်လျှင် သူ့ကို လက်ကိုင်ဖုန်းအရင် ဝယ်ပေးမယ်ဟု အဖမ်းရခက်သော သူ့ကို ပြောခဲ့သော ဘဝ၏ ရှားရှားပါးပါး တစ်ယောက်သော ချစ်သူကို သူ ရုတ်တရက် ပြေးမြင်မိသည်။ သူတို့ ကွဲကွာခဲ့တာပင် လေးနှစ်ကျော် ငါးနှစ် ချဉ်းခဲ့ပြီ။ ဒီအချိန် ဘာတွေလုပ်နေပါလိမ့်။ သူကတော့ လောလောလတ်လတ် သစ်သားလှေကား ပြားပြားကြီးများ ပေါ်တွင် ရောက်နေသည်။ တွေးနေရင်းနှင့် သုံးလွှာသို့ ရောက်မှန်းမသိ ရောက်သွားခဲ့သည်။ သုံးလွှာတွင်တော့ ပကတိဆိတ်ငြိမ်နေသည်။ ဘာဆိုဘာမျှမရှိ။ ဘယ်ဘက်ခန်းက သော့ခတ်ထားသည်။ ညာဘက်ခန်း တံခါးဝတွင်တော့ “တောကြက်ဥရမည်” ဟူသော စာတန်းရေးထားတာ သူတွေ့ရသည်။ ခုမှပဲ တောကြက်ဥ သူတစ်ခါမှ မသောက်ဖူးတာ သတိရလာ ပြန်သည်။ အသက်သုံးဆယ်မကျော်ခင် လုပ်ရမည့်အချက်များ ဆိုသည့် နီတိယောင်ယောင် ဘာယောင်ယောင် စာတစ်အုပ်ထဲတွင်တော့ တောကြက်ဥသောက်ရန် ပါဝင်မည်မထင်။ ဘာပဲပြောပြော တောကြက်ဥသောက်ရန် နှင့် လက်ကိုင်ဖုန်း ကိုင်ရန် သူ ကြိုးစားကြည့်ဦးမည် ဟု စိတ်ကူးရသည်။

လှေကားကို ထပ်မံတစ်ဆစ်မချိုးခင် သူ သူ့ကိုယ်သူ အနည်းငယ် သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ပြုပြင်လိုက်သည်။ ပုဆိုးကို ပြင်ဝတ်လိုက်သည်။ပေါက်နေသည့် အပေါက်ကို အထဲသို့ သေချာရောက်ရန် ထည့်ဝတ်လိုက်သည်။ ဖြုတ်ထားသော အင်္ကျီ အပေါ်ကြယ်သီးကို ပြန်တပ်လိုက်သည်။ ပိုက်ဆံအိတ်ကို ခါးကြားသို့ ကျကျနန ထိုးထည့်လိုက်သည်။ အိတ်ထဲမှ လိပ်စာရေးထားသော စာရွက်ကလေးကို ထပ်မံထုတ်ကြည့်သည်။ ထို့နောက် လှေကားပေါ်သို့ သူ တက်လာသည်။ သည်လှေကားမှာတော့ ဘာမှထူးထူးခြားခြား သူမတွေ့တော့။ နောက်တစ်ဆစ်ချိုး၍ သူ ဆက်တက်ခဲ့သည်။ လေးလွှာသို့ သူရောက်တော့ ဘယ်ဘက်အခန်းရှေ့တွင် ရပ်လိုက်မိသည်။ ညာဘက်အခန်းဘက်သို့ သူ မလုံမလဲ တစ်ချက်ကြည့်ပြီးမှ တံခါးခေါက်လိုက်ရသည်။ တံခါးအပွင့်ကိုစောင့်ရင်း ပါးစပ်ဟ၍ သူ အသက်ရှူနေမိ သည်။ အမောမပြေခင်တွင်ပင် တံခါးဘေးက ချောင်းကြည့်ပေါက်ကလေးက အရင်ပွင့်လာသည်။ ထုံးစံအတိုင်း ပြောနေကျ စကားတစ်ခွန်းကို သူပြောလိုက်တော့ ချောင်းကြည့်ပေါက်ကလေး ပြန်ပိတ်သွားပြီး တံခါးက ရုတ်တရက်ပွင့်သွားသည်။ သူ့ ရှေ့တွင် လိုတာထက် ပိုမိုခြယ်သထားဟန်ရှိသော အမျိုးသမီးရွယ်ရွယ် တစ်ဦးရပ်နေသည်။ ကိုယ်ကိုရို့ပေးလိုက်သော ထိုအမျိုးသမီး ရှေ့မှ သူ အခန်းထဲသို့ ဝင်ဝင်ချင်းတွင်ပင် ပြဒါးတွေကွာနေသည့် မှန်တစ်ချပ်ကို လှမ်းတွေ့လိုက်ရသည်။ မှန်ထဲတွင် မြင်ရသော သူ့မျက်နှာသည် လိုအပ်တာထက် ပိုမို အဆီပြန်နေလေသည်။

ညိုထက်ညို
စပ်မိစပ်ရာ

Friday, January 27, 2012

ပျောက်ကွယ်လုဆဲ အလင်းများ တဖန်ပြန်တောက်ပချိန်


မှောင်ရီဖြိုးဖြိုးနဲ့ အလင်းမဲ့
ပျိုပျက်နေတဲ့ အမေ့အိမ်....
ယိုင်နဲ့ပြိုလဲနေရာမှ
တခါပြန်လည် နိုးထတော့မည်။

ဟိုနေရာ ဒီနေရာနဲ့
ကျဲပြန့်ခွဲထွက်နေတဲ့
အမေ့သားတွေ
အမေ့အိမ်.... ပြန်တည်ဆောက်ဖို့
မနက်ခင်းရဲ့ အလင်းတွေနဲ့အတူ
အမေ.... တို့ကို ကြိုနေတော့မည်။

မိတ်ဟောင်း ဆွေဟောင်း လူဟောင်းတွေ
ဘယ်ကိုပြေးထွက်ပျောက်ကုန်ကြ
အပြန်အလှန် ကျေးဇူးရှိသူများ....
အလိုရှိသည်။

လှည်းဘီး နွံထဲနှစ်နေသည်။
ကူ၍တွန်းပေးကြပါ။
ပြိုင်တူတွန်းလျှင်
ရွှေ့နိုင်ပါသည်။
သင်ပုန်းကြီးထဲက ဒီ...ဖတ်စာ
အခုတော့ တကယ်လိုအပ်လာပြီ။

အမှန်တကယ်ဆိုရင်....
ကျောက်သင်ပုန်းနဲ့ယက်လုပ်ထားတဲ့ အမိုးကြားမှ
ပျောက်ကွယ်လုဆဲ.... အလင်းများ...
 တဖန်ပြန်လည်
တောက်ပလာချိန်ဖြစ်သည်။

ချမ်းဧအိမ်

Tuesday, January 24, 2012

??????

ဘော်ဘော်များခင်ဗျား......

အကူအညီတစ်ခုတောင်းချင်လို့ပါ။

မနေ့ညက ကျွန်တော့်တို့အိမ်နားက ဈေးထဲမှာ ကျွန်တော်တို့ငယ်ငယ်တုန်းက ဆော့တဲ့ ဂျုံနဲ့လုပ်တဲ့အရုပ်ကလေးတွေ ရောင်းတဲ့သူတစ်ယောက်ကို တွေ့ပြီးတော့ ကျွန်တော့်မှာ အိုင်ဒီယာတစ်ခုရထားတယ်။ သိတယ်မှတ်လား။ ဂျုံနဲ့ကွာ ကြက်ဖရုပ်ကလေးတွေ၊ နင်ဂျာအရုပ်တွေလုပ်ပြီး အောက်တုတ်ကလေးနဲ့ထိုးပြီး လုပ်တာလေ။ အဲဒါကိုကြည့်ပြီး အိုင်ဒီယာရလို့ပါ။ ကျွန်တော်တို့ CNN ကနေကြည့်နေကြ အစီအစဉ်တစ်ခုရှိတယ်။ Life at the Edge ဆိုတာ။ သူတို့နေထိုင်လုပ်ကိုင်နေရတဲ့ ပရောဖက်ရှင်နယ်တွေက တဖြည်းဖြည်းလူသုံးနည်းလာပြီးတော့ သူတို့ဘဝက ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမျိုးဖြစ်လာတာမျိုးတွေကို ရိုက်ပြတဲ့အစီအစဉ်လေးပါ။ ကျွန်တော်က အဲဒီအရုပ်လုပ်တဲ့သူကို ကြည့်ပြီးအဲဒါမျိုးလေးလုပ်ချင်လာတယ်။ သူတို့ကျေးဇူးတွေ ကျွန်တော်တို့မှာအများကြီးရှိတယ်။ အဲဒီအရုပ်လေးတွေ ကျွန်တော်တို့အများကြီးဝယ်ဖူးတယ်။ အကော်ဒီယံကိုစက္ကူတွေကို ခေါက်ထားတဲ့ အစွန်းနှစ်ဖက်မှာတော့ ဂစ်တာပုံလေးနဲ့ ဟာလေးကော မှတ်မိကြလား။ ပန်းသီးတို့၊ ဘောလုံးတို့ လုပ်လို့ရတယ်ကွာ။ အဲဒါကိုဟိုခေါက်ဒီခေါက်၊ ဟိုလိမ်ဒီလိမ်လုပ်လိုက်ရင်။ အဲဒီလိုကစားစရာတွေ အများကြီးဝယ်ဖူးတယ်။ အခုအချိန်မှာအဲဒါမျိုးတွေကို ပြန်မတွေ့ရတော့ဘူး။ ဒီခေတ်ကလေးတွေလည်း လုံးဝမကစားကြတော့ဘူး။ အဲဒီလိုဟာမျိုးတွေနဲ့။ နောက်ရှိသေးတယ်။ အရင်တုန်းကရထားစီးရင် ခရီးဝေးတွေ ပြောပါတယ်၊ ရေအိုးလေးတွေ ရွက်လာပြီးတော့ ရေအလှူပါ၊ ရေအလှူပါဆိုပြီးတော့ ဘူတာတွေမှာ ရေလိုက်ရောင်းတဲ့သူတွေ၊ ပါးစပ်ကတော့ အလှူလို့ပြောတယ်ပေါ့၊ ခရီးသည်တွေက သဒ္ဒါကြေးလေးတော့ ပြန်ပေးရသေးတာပေါ့။ ဒီနေ့ခေတ်လို ရေသန့်ဘူးတွေ ဖောချင်းသောချင်းအချိန်မှာ သူတို့ဘာလုပ်နေကြမလဲ။ လူတွေက စီပိုး၊ ဘီပိုးတွေလည်း ကြောက်တတ်နေကြပြီ။ မြို့ပေါ်မှာ ရေခဲရေရောင်းတဲ့သူတွေတောင် ပျောက်ကုန်ကြပြီဆိုတော့။ နောက်ကျွန်တော်တို့ ငယ်ငယ်တုန်းက နို့ဈေးနားက ခြင်းယက်တဲ့သူတွေ။ ယိုးဒယားပလတ်စတ်ခြင်းတွေကို အပေါ်လက်ကိုင်ကိုင်းနားကနေ ပတ်ပတ်လည်ခြင်းတစ်လျှောက်လုံး ကြိမ်နဲ့ပြန်ပတ်ပေးတာ၊ အိမ်မှာတောင်တစ်လုံးရှိသေးတယ်။ အဲဒီတုန်းက ယိုးဒယားပစ္စည်းဆိုတာ အရမ်းရှားတော့ အဲဒီလိုရိုရိုသေသေကိုင်ခဲ့ကြရတယ်။ အခုအချိန်မှာ ပလတ်စတစ်ခြင်းကို ပြန်ပတ်ဖို့မပြောနဲ့၊ ထိုင်ခုံတွေမှာတောင် ကြိမ်နဲ့မယက်တော့ဘူး။ ပလတ်စတစ်တွေ ကြိုက်သလောက်ဝယ်လို့ရတဲ့အချိန်မှာ ဘယ်သူမှဂျပိုးအကိုက်မခံချင်တော့ဘူး။ အရင်တုန်းကဆို ကျောင်းဆရာမတွေ ကြိမ်ခြင်းလေးတွေ ကိုင်ကြသေးတယ်။ ကျွန်တော့်သူငယ်တန်းဆရာမ ဒေါ်လှမွန်လွင်ဆို ကြိမ်ခြင်းလေးနဲ့ အရမ်းကျက်သရေရှိတာ။ ဆရာမကအသားဖြူဖြူပုပုသေးသေးလေး။ အဲဒီကြိမ်ယက်တဲ့သူတွေ အခုဘာလုပ်နေကြမလဲ။ သူတို့တတွေကို ကျွန်တော်တို့ပစ်ပယ်ထားလိုက်သလိုဖြစ်နေပြီလား။ သူတို့ကရော တစ်သက်လုံးသူတို့လုပ်လာတဲ့ ဒီအလုပ်တွေနဲ့ မိသားစုကိုရှာဖွေကျွေးမွေးနိုင်ခဲ့တဲ့ အိမ်ထောင်ဦးစီးတွေနေရာကနေ ဖယ်ရှားခံနေကြရပြီလားဆိုတာကို ကျွန်တော်အရမ်းသိချင်လာတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်လည်း Life at the Edge လို အစီအစဉ်ကလေးတစ်ခုလုပ်ကြည့်ချင်တယ်။ သူတို့တတွေနဲ့ သွားတွေ့မယ်။ သူတို့ခေတ်ကောင်းစဉ်က ဘာတွေလုပ်ခဲ့ကြတယ်။ ဒီပညာတွေ ဘယ်လိုသင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့လုပ်ငန်းတွေ ဘယ်လိုကျဆင်းနေတယ်။ ဒီလုပ်ငန်းက လုံးဝရပ်တန့်ပစ်ရတော့မယ်ဆိုရင် ဘာဆက်လုပ်မယ်ဆိုတာတွေကို မေးကြည့်ချင်သေးတယ်။ ကျွန်တော့်ကို အကြံဥာဏ်တွေ ပေးကြပါဦး။ နောက်တစ်ခါသူတို့တွေ ဘယ်နားမှာရှိတယ်၊ သူတို့နဲ့တွေ့ဖို့ ဘယ်လိုစီစဉ်နိုင်တယ်ဆိုတာမျိုးတွေပေါ့။ ကျွန်တော်နောက်တွေ့ချင်သေးတဲ့သူတွေရှိတယ်။ ဥပမာ ကျွန်တော်တို့ အရင်တုန်းက ရွှေတိဂုံဘုရားရောက်ရင် မေမေ့ကိုပူဆာတတ်တဲ့ ဖိုးဝရုပ်ကြီးတွေ၊ ဇီးကွက်ရုပ်ကြီးတွေကို စက္ကူတွေနဲ့လုပ်တဲ့သူတွေလေ။ သူတို့လို video documentary မလုပ်နိုင်တောင်မှ၊ စာအုပ်တစ်အုပ်လောက်တော့ လုပ်နိုင်ချင်တယ်။ နည်းနည်းလောက် အကြံပေးကြဦးဗျာ။

POE C
 
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ